သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးကြောင့် ဆန်စပါးထုတ်လုပ်မှု ထိခိုက်နိုင်


ပြည်တွင်းဆန်ဈေးကွက်ရော ပြည်ပတင်ပို့မှုရော ပုံမှန် ပြန်လည်ဖြစ်ရေးအတွက် ရေဘေးသင့် စပါးစိုက်ဧက ၁ သန်းကျော်ကို အမြန်ဆုံး ပြန်လည် နာလန်ထူလာအောင် အစိုးရဘက်က အကူအညီပေးဖို့ အရေးကြီးတယ်လို့ ဆန်ကုန်သည်ကြီးတွေက ပြောဆိုလိုက်ပါတယ်။

လောလောဆယ်မှာတော့ ပြည်ပ ဆန်တင်ပို့မှုပိတ်ပြီး ပြည်တွင်းမှာ လုံလောက်အောင် ရောင်းချပေးနေတာကြောင့် ဆန်ဈေးနှုန်းကို ထိန်းထားနိုင်ပေမဲ့ ပြည်ပတင်ပို့မှုကို ကြာရှည်ပိတ်မယ်ဆိုရင်လည်း စပါးစိုက်တောင်သူတို့ကို ထိခိုက်လာနိုင်တယ်လို့လည်း သတိပေးပါတယ်။

ရေဘေးကြောင့် စပါးစိုက်ဧက ၁ သန်းကျော် ထိခိုက်ခဲ့တာကြောင့် ပြည်တွင်းဆန်ဈေးတက်မယ့် အလားအလာနဲ့ ပြည်ပတင်ပို့မှုအပေါ် ဘယ်လောက် ထိရောက်မှုရှိမလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက် က စုစည်းတင်ပြထားပါတယ်။

ရေဘေးကြောင့် စပါးစိုက်ဧက ၁၃ သိန်းလောက် ထိခိုက်မှု ရှိပြီး ဒီထဲက ဧက ၄ သိန်းလောက်ကတော့ လုံး၀ ပျက်စီးခဲ့တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ မိုးစပါး စိုက်ဧက ၁၆ သန်းလောက်ထဲက ရေဘေးကြောင့် ဧက ၁ သန်းကျော်လောက် ထိခိုက်ရတာကြောင့် ဒီနှစ် မိုးစပါး အထွက်လျော့မယ့်အပေါ်မှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ပြည်တွင်း ဆန်ဈေးနှုန်းနဲ့ ပြည်ပတင်ပို့မှုတွေ ပုံမှန် ဖြစ်စေဖို့က ရေဘေးသင့် စပါးစိုက်ဧကတွေကို အစိုးရဘက်က ပြန်လည်ထူထောင်ဖို့ ဘယ်လောက် အရေးယူ လုပ်ဆောင်နိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ဒုတိယ ဥက္ကဌလည်းဖြစ် ပို့ကုန်လုပ်ငန်းရှင် တဦးလည်းဖြစ်တဲ့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“ဒီစပါး ၄ သိန်းပြန်စိုက်တဲ့အချိန် တချို့စပါးတွေက ရေကျသွားပေမဲ့လည်း ထိခိုက်မှုရှိသွားတာပေါ့နော်။ ပြန်လည်ပြုပြင်မှုဆိုတာ မြေသြဇာပြန်ကျွေးဖို့လိုတယ်။ လိုအပ်တဲ့ ထိန်းသိမ်းမှု စောင့်ရှောက်မှုပေးရမှာပေါ့နော်။ ဆိုတော့ အဲဒီနေရာမှာ အစိုးရရဲ့ အားထုတ်မှုက ဘယ်လောက်ရှိမလဲ။ ကျနော်တို့ ဒီအသင်းအဖွဲ့တွေက ဘယ်လောက် ဆောင်ရွက်ပေးနိုင်မလဲ။ ဒီပေါ်မှာလည်း အများကြီး မူတည်တာပေါ့။ ကျနော်တို့ စိုက်ဧက အကြမ်းမျဉ်း ဒီမိုးတွင်းမှာကို ၁၆ သန်းလောက် ရှိတာကိုး။ ၁၆ သန်းမှာ ကျနော်တို့အနေနဲ့ ခုနကပြောသလို ၁ သိန်းခွဲ ၂ သိန်းလောက်ဟာ မစိုက်နိုင်ဘူးဆိုရင် သူ့ရဲ့ အထွက်နှုန်းက ဒီ ၁ သိန်းခွဲ ၂ သိန်းလောက်အပေါ်မှာ မူတည်ပြီးတော့မှ ကျသွားမယ့် အနေအထားရှိတာပေ့ါ။”

ရေဘေးကြောင့် ပြည်နယ်နဲ့ တိုင်း ၁၂ ခုတို့က ရေမြုပ်ခဲ့တဲ့ စပါးစိုက်ဧက ၆ သိန်းလောက်ကို ပြန်လည်ထူထောင်နိုင်ဖို့၊ ပျက်ဆီးခဲ့တဲ့ ဧက ၄ သိန်းလောက်ထဲက ဘယ်လောက်အထိ ပြန်စိုက်နိုင်မလဲဆိုတဲ့အပေါ်ကို မူတည်ပြီး ဆန်ဈေးကွက်ကို သုံးသပ်ရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ လောလောဆယ်မှာတော့ ပြည်တွင်း ရိက္ခာဖူလုံမှုအတွက် ပြည်ပတင်ပို့မှုကို စက်တင်ဘာလလယ်အထိ ပိတ်ထားပြီး ဆန်လုပ်ငန်းရှင်ကြီးတွေက ပြည်တွင်းဖူလုံရေးအတွက် ပေါက်ဈေးထက် နှိမ့်ပြီး ရောင်းချပေးနေရပါတယ်။ ဒါပေမဲ့ ပြည်ပတင်ပို့မှုကို ကြာရှည်ပိတ်ထားရင်တော့ လယ်သမားတွေ ဈေးကောင်းမရမယ့် အရေးကလည်း ရှိနေတယ်လို့ မန္တလေးအခြေစိုက် ဆန်ကုန်သည်ကြီးတဦးဖြစ်တဲ့ ဦးတင်လှိုင်ဝင်းက ပြောပါတယ်။

“လယ်သမားတွေဘက်ကိုလည်း ပြန်ကြည့်ရမယ်။ အရင်က ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေတာဆိုတော့ ဟိုပိတ်လိုက် ဒီရွှေ့လိုက်လည်း တအားကြီး လုပ်လို့မဖြစ်ဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ ဒီတရုတ်နယ်စပ် ဈေးကွက်တို့ ဘာတို့ဆိုရင်လည်း ကျနော်တို့ ဒီဈေးကွက်ဖြစ်အောင်လို့ ဖော်ဆောင်ခဲ့ရတာ မနည်းဘူးလေ။ အကြာကြီးကို ဖော်ဆောင်ခဲ့ရတာ ဒီတရုတ်ဈေးကွက်တို့ ဘာတို့ဆိုတာ။ အခုပိတ်လိုက်တယ်ဆိုရင် ပြန်ပြီးတော့ ဈေးကွက် အလျင်ရအောင်ကလည်း မနည်းပြန်လုပ်ရဦးမယ်။ တကယ်လို့ အဲဒီစပါးဈေးကွက် နယ်စပ်ဘော်ဒါဈေးကွက်တွေ ပြန်မရဘူးဆိုရင် လယ်သမားတွေ သွားထိခိုက်မယ်ခင်ဗျ။”

ပြည်တွင်းဈေးကွက်တွင်းမှာပဲ ရောင်းဝယ်ဖောက်ကားမှုမှာတော့ စပါး ၁၀၀ အတွက် ကျပ် သုံးသိန်း ဝန်းကျင်လောက်ပဲ ဈေးပေါက်ပြီး နယ်စပ်ကို တင်ပို့နိုင်ရင်တော့ စပါး တင်း ၁၀၀ ကို ကျပ် ၄ သိန်းနီးပါးထိ ရောက်ရှိလာတာမို့ စပါးစိုက် တောင်သူတွေအတွက် ပိုပြီး စီးပွားရေးအရ တွက်ခြေကိုက်ပြီး စပါး အထွက်နှုန်းလည်း တိုးလာမှာ ဖြစ်တယ်လို့ ဆန်ကုန်သည်ကြီးတို့က ပြောပါတယ်။ အခုလို ဆန် ပြည်ပတင်ပို့မှုကို တသမတ်တည်း ထိန်းမထားနိုင်တာကြောင့် မြန်မာ့ဆန် ပြည်ပ ဈေးကွက်အပေါ်မှာ တစုံတရာ ထိခိုက်မှု ရှိတယ်လို့လည်း ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးထွန်းကတော့ ပြည်ပတင်ပို့မှုအပေါ် လတ်တလော ထိခိုက်မှု သိပ်မရှိသေးတဲ့အကြောင်း ပြောပါတယ်။

“လက်ရှိ အနေအထားမှာတော့ ပြည်ပတင်ပို့မှုကတော့ တရုတ်နိုင်ငံကိုပဲ သွားနေတာများတာကိုး။ တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေးကတဆင့် တရားမဝင် တင်ပို့မှုဆိုတော့ ဒီဟာတော့လည်း တရားဝင်တင်ပို့မှု မဟုတ်တော့ မိတ်ပျက်စရာတော့ မရှိဘူးပေါ့နော်။ ဒါပေမဲ့လည်း EU နိုင်ငံတွေကို ရောင်းတာရှိတယ်ဗျာ။ စာချုပ်စာတမ်းနဲ့ရောင်းတာ။ အဲဒီဟာကိုတော့ ကျနော်တို့ ပြီးခဲ့တဲ့အပတ်က ဥရောပသမဂ္ဂကော်မရှင်ကနေ လှမ်းပြီး မေးတာပေါ့။ ကျနော်တို့ဆီမှာရှိတဲ့ ဆန်ပိတ်ထားပေးမှု ဖြစ်လား၊ မဖြစ်လားပေါ့နော်။ အဲတော့ ကျနော်တို့အနေနဲ့ ဒါ ပြန်လည် ဖြေကြားပြီးသား ဖြစ်ပါတယ်။ ကျနော်တို့မှာ ရေကြီးမှုဖြစ်သွားတဲ့အတွက်ကြောင့်မို့ တရားဝင် ဆန်တင်မှု ပိတ်ထားတယ်။ ဒီလာမယ့် စက်တင်ဘာ ၁၅ ရက်နေ့အထိ ကျနော်တို့ ပိတ်ထားမှာဖြစ်တဲ့ အတွက်ကြောင့် ဘာပဲပြောပြော သူတို့ ဖြေကြားထားပြီးသား ဖြစ်တယ်။ သူတို့အနေနဲ့ ဒါကတော့ မလွဲမရှောင်သာ ဒေသအခြေအနေကြောင့်ဆိုတော့ လက်ခံရပါတယ်။ ကျနော်တို့အနေနဲ့ အများကြီးတော့ ပြီးပြတ်သွားမယ့် အနေအထားတော့ မမြင်ပါဘူး။”

လောလောဆယ်မှာတော့ ရေဘေးကြောင့် ထိခိုက်ရတဲ့ လယ်ဧက ၁ သန်းကျော် ပြန်လည်ထူထောင်ရေး မလုပ်ဆောင်နိုင်ရင်တော့ မြန်မာ့ ဆန်ဈေးကွက်အပေါ်မှာ သက်ရောက်မှု ရှိလာမယ်လို့လည်း ကုန်သည်တို့က ပြောဆိုကြပါတယ်ရှင်။

XS
SM
MD
LG