သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဇဂြိုဟ်ဆည် အခြေအနေ စောင့်ကြည့် ပြင်ဆင်နေ


၂၀၁၆ ခုနှစ် ဇူလိုင်လ ၃ရက်နေ့ ရာဇဂြိုဟ်ဆည် ရေအခြေအနေ။ သတင်းဓာတ်ပုံ Credit to - MOI- ကလေးမြို့မီဒီယာ
၂၀၁၆ ခုနှစ် ဇူလိုင်လ ၃ရက်နေ့ ရာဇဂြိုဟ်ဆည် ရေအခြေအနေ။ သတင်းဓာတ်ပုံ Credit to - MOI- ကလေးမြို့မီဒီယာ

စစ်ကိုင်းတိုင်း ကလေးမြို့ ရာဇဂြိုဟ်ဆည်မှာ ရေတိုးနေတဲ့ အတွက် ဒေသခံပြည်သူတွေအပေါ် သဘာဝဘေးအန္တရာယ် ကြုံလာရရင် ကူညီကယ်ဆယ်ဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကြိုတင် ပြင်ဆင်ထားတယ်လို့ ဝန်ကြီးကပြောပါတယ်။ ဆည်အထက်ပိုင်းမှာ မိုးများပြီး ရေကြီးတဲ့အတွက် ကလေးမြို့၊ ရာဇဂြိုဟ်ဆည်ကြီးက နုန်းတားဆည်တွေ နစ်မြုပ်ကုန်တယ်ဆိုတဲ့ သတင်းစကားတွေကြောင့် ဒေသခံတွေကလည်း စိုးရိမ်နေကြပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က ရာဇဂြိုဟ်ဆည်ကြီး အထက်ပိုင်းမှာ မိုးများပြီး ရေကြီးတဲ့အတွက် ဆည်ရေလျှံပြီး ဆည် ကျိုးပေါက်မှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။ ဒီအခြေအနေကို စောင့်ကြည့်နေပြီး သက်ဆိုင်ရာ ဌာနတွေအနေနဲ့ ဒေသခံပြည်သူတွေအပေါ် သဘာဝဘေးအန္တရာယ် မကျရောက်စေရေး ကြိုတင်ပြင်ဆင်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“သဘာဝဘေးကျရောက်ရင် ကျနော့်တို့ ဝန်ကြီးဌာနအနေနဲ့ကတော့ ကြိုတင်ပြင်ဆင်မှုအပိုင်းကို ဦးစားပေးဆောင်ရွက်ထားတယ်။ တကယ်ဖြစ်ရင် လူတွေ အထိမနာအောင်လုပ်မယ်။ ဒါအတွက်ပါပဲ။ ဒါကြောင့်မို့လို့ ကြိုတင်ပြင်ဆင်တဲ့ ကိစ္စတွေ ဆောင်ရွက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် အရမ်းကြီးစိုးရိမ်ထိတ်လန့်တာ မဖြစ်ပါနဲ့လို့ ပြောချင်တယ်။ ဘာမှမပြင်ဆင်ထား ရင်တော့ ရုတ်တရက်ဖြစ်လာရင် အကုန်လုံး အန္တရာယ်ရှိတယ်။ ဒုက္ခရောက်မယ်ပေါ့နော်။

အခုကြိုတင်ပြင်ဆင်ထားတာတွေ ရှိတဲ့အတွက်ကြောင့် သက်ဆိုင်ရာတွေကလည်း ဆောင်ရွက်စရာရှိတာကို ဆောင်ရွက်နေကြတာဖြစ်တဲ့အတွက်ကြောင့် တကယ်ဖြစ်လာရင်တောင် စိုးရိမ်သောကမဖြစ်ကြပါနဲ့လို့။ အစိုးရအနေနဲ့လည်း တာဝန်ယူပြီးဆောင်ရွက်မယ်။ ပြည်သူလူထုကလည်း ဝိုင်းဝန်းဆောင်ရွက်ကြမှာပဲလေ။ အဲ့တာအတွက်ကြောင့်မို့လို့ စိုးရိမ်ထိတ်လန့် မဖြစ်ဖို့ပဲ ကျနော့်အနေနဲ့ မှာချင်ပါတယ်။ သက်ဆိုင်ရာ လိုအပ်တဲ့ လုပ်သင့်လုပ်ထိုက်တာ အကုန်လုံး လုပ်ထားပါတယ်။”

ဒေါက်တာဝင်းမြတ်အေး ကူညီကယ်ဆယ်ရေးခရီးစဉ်များ သွားခဲ့စဉ် ဒေသခံတွေနဲ့တွေ့ဆုံ။
ဒေါက်တာဝင်းမြတ်အေး ကူညီကယ်ဆယ်ရေးခရီးစဉ်များ သွားခဲ့စဉ် ဒေသခံတွေနဲ့တွေ့ဆုံ။

ကလေးမြို့က ရာဇဂြိုဟ်ဆည်ကြီး နောက်ဆုံးအခြေအနေတွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်အောင် သက်ဆိုင်တဲ့ တာဝန်ရှိသူတွေဘက်က လုပ်သင့်လုပ်ထိုက် တာတွေကို အသင့်ပြင်ဆင်ထားသလို တကယ်လို့ အန္တရာယ်ကျရောက်လာရင် လည်း ဒေသခံတွေ အရေးပေါ်ခိုလှုံနိုင်တဲ့ ဘေးကင်းတဲ့ အရပ်ဒေသတွေ ကို ပြောင်းရွှေ့ဖို့အတွက်တွေကိုလည်း ကြိုတင်လေ့ကျင့်တာတွေ စတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေအားလုံးကို လုပ်ထားတယ် ဆိုတာ ဒေသခံပြည်သူတွေကို ဝန်ကြီးက ဗွီအိုအေကနေ တဆင့် အသိပေးပြောဆိုပါတယ်။

“ ကျနော်တို့က အစဉ်တစိုက် သတင်းတွေ ယူနေတယ်။ သတင်းတွေယူနေတော့ အခုလောလောဆယ် ဖြစ်တာက နုန်းတားဆည်ကြီး ပျက်သွားတာတော့ မဟုတ်ပါဘူး။ အခုဟာက မိုးများပြီးတော့ ရေတွေ ကျလာတာ များလာတယ်သဘောပဲ။ ရာဇဂြိုဟ်ဆည်ကြီးလည်း ပေါက်သွားတယ်ဆိုတဲ့ သတင်းမဟုတ်သေးဘူး။တကယ်လည်း မပေါက်သေးဘူးပေါ့နော်။ ရာဇဂြိုဟ်ဆည်ရဲ့အောက်မှာ အသေးလေးတွေ ရှိသေးတယ်။ ဒါပေမဲ့ ဒီအသေးလေးတွေ ပေါက်တယ် မပေါက်တယ်ဆိုတာက သိပ်မသေချာသေးဘူး။ ဒါပေမဲ့လည်း မဟုတ်ဖို့များတယ်။ အခုဟာက မိုးများပြီးတော့ ရေတွေများတာပေါ့။ ရေတွေများပြီးတော့ ဆင်းလာတဲ့ရေတွေက ရှိတယ်။ ဒါပေမဲ့ အခုပြန်ကျသွားပြီဗျ။ အခုလောလောဆယ် ပြောတာနော်။ အခုပြန်ကျသွားပြီ။

အကယ်လို့ တခုခုဖြစ်ရင်လည်း ကျနော်တို့က နောက်ဆုံးပိတ် ဘာလုပ်မလဲဆိုတာ လုပ်ထားပြီးသားလေ။ အဲ့တာကတော့ နေရာတွေ ရွှေ့မယ် ကယ်ဆယ်ရေးတွေ လုပ်ဖို့ အဆင်သင့် လုပ်ထားပြီးပြီ။ နေရာ (၂၉) နေရာရှိတယ်။ သူ ဘယ်အရပ်ဒေသက ဘယ်ကိုရွှေ့မယ်။ ဘယ်အရပ်ဒေသက ဘယ်ကိုရွှေ့မယ်ဆိုတာ ဇာတ်တိုက်လေ့ကျင့်တာလည်း လုပ်ပြီးပြီ။ အဲ့လိုရွှေ့ဖို့ နေရာတွေလည်း သတ်မှတ်ပြီးပြီ။ ကယ်ဆယ်ရေးပစ္စည်းတွေလည်း အဆင်သင့်ရှိတယ်။ လှေတွေ လည်း ပေးထားတာရှိတယ်။ အဲ့တာမျိုးပေါ့ ပြင်ဆင်ထား တာတွေတော့ လုပ်ထားပါတယ်။ ဒါပေမဲ့ လတ်တလောလည်း အဲ့ဒီ့အခြေအနေအထိတော့ မရောက်သေးပါဘူး။”

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ဘက်တွေမှာတော့ ကလေးမြို့က ရာဇဂြိုဟ်ဆည်ကြီး ရေလျံပြီး ဆည်ကျိုးပေါက်တော့မယ်ဆိုတဲ့ သတင်းစကားတွေ ထွက်နေပါတယ်။ တချို့ဒေသခံတွေဘက်ကတော့ ဆည်ရေကြီးရေလျှံဖြစ်တာဟာ မိုးရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတယ်လို့ ဆိုကြပြီး စိုးရိမ်ကြတယ်လို့တော့ပြောပါတယ်။

“ရာဇဂြိုဟ်ဆည်ပေါက်တာထင်တယ်တဲ့ ရေတွေတက်လာတယ်တဲ့။ အခြေအနေ ဆိုးတဲ့အဆင့်တော့ မဟုတ်ပါဘူး။ နည်းနည်းတော့ အရင်ကထက်စာရင် ရေက နည်းနည်းများလာတာပါ။ ဆိုးတဲ့အဆင့်တော့ မဟုတ်ဘူး။ အဲ့ဒီ့ ရာဇဂြိုဟ် ဆည်အထက်ပိုင်းမှာ တောင်ပေါ်တွေမှာ မိုးကရွာတာရှိမှာ။”

ကလေးမြို့ခံတဦး ပြောသွားတာပါ။ တမူးဘက်မှာလည်း ရာဇဂြိုဟ်ဆည်က နုန်းကန် ကျိုးပေါက်တယ်ဆိုတဲ့သတင်းစကားတွေ ထွက်နေတယ်လို့ တမူးဒေသခံက ပြောပါတယ်။

“ နုန်းကန်ပေါက်တယ်လို့ ကြားတယ်ဗျ။ ရာဇဂြိုဟ်ဆည် မှာဗျ။ ရာဇဂြိုဟ်ဆည်မှာ။ ကျနော်တို့ တမူးတို့ကလေးတွေက မိုးများတယ်။ တမူးထက်ကို ကလေးက မိုးတအားများနေတယ်လို့ ကြားတယ်ဗျ။”

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ ကလေးမြို့က ရာဇဂြိုဟ်ဆည်ကြီး ကျိုးပေါက်တော့မယ့်ဆိုတဲ့သတင်းစကားတွေထွက်နေတဲ့အပေါ် စိုးရိမ်နေကြတာနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း ဝန်ကြီးကတော့ လူမှုကွန်ရက်တွေပေါ်ကနေ သတင်းစကားတွေ အချိန်နဲ့တပြေးညီသိရှိနိုင် သလို ကောလဟာလတွေရှိနိုင်တာမို့ အစိုးရိမ်မကြီးကြဖို့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေသခံ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်မှုတွေကို နားစွင့်ထားကြဖို့ သဘာဝဘေးအန္တရာယ်ကျရောက်ချိန် တာဝန်ရှိသူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။

“အခုခေတ်ကတော့ မီဒီယာတွေက တအားများလာတယ်။ ဖေ့စ်ဘွတ်ခ် ဆိုလည်း ပေါ်လာတဲ့အတွက်ကြောင့်မို့လို့ အန္တရာယ်ရှိတာနဲ့ အန္တရာယ် မရှိတာဖြစ်လာတယ်။ ဒါပေမဲ့ အဲ့ဒီ့မီဒီယာတွေပေါ်လာလို့လည်း ကျေးဇူးတင်စရာ အကြောင်းတွေက ရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့မီဒီယာတွေ ပေါ် လာတော့ ထစ်ခနဲဆို တက်လာတယ်။ သိရတယ် ဆိုတဲ့အခါကျတော့ ကြိုတင်ပြင်ဆင်တဲ့အပိုင်းကျတော့ ပိုအားကောင်းအောင် လုပ်လို့ရတယ် ဆိုတဲ့အခါကျတော့ ဒါက မီဒီယာရဲ့ကောင်းကျိုးပေါ့နော်။

ဆိုးတဲ့အခါကျတော့ ရုတ်တရက် အဓိပါယ်ဖော်ဆောင်မှုတို့မှာ သူတို့ကလည်း စိုးရိမ်လို့ဖြစ်ရင်ဖြစ်မှာပေါ့။ တခါတလေကျရင် အထိတ်တလန့်ဖြစ်တာမျိုးလည်း ကြုံရတတ်တယ်။ အဲ့ဒီ့အခါကျရင် ခိုင်မာတဲ့သက်သေအထောက်အထားနဲ့ သတင်းမှန် ရပြီဆိုတာနဲ့ ကျနော်တို့က ချက်ခြင်းပဲ ပြည်သူကို အသိပေးရမယ်ပေါ့။

အခုလည်း ကျနော်တို့က ဒီကနေ့မှာ အဲ့လိုဖြစ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့သတင်းအမှန်ကိုရအောင် ဓာတ်ပုံတွေလည်း စုနေတယ်။ ကျယ်ကျယ်ပြန့်ပြန့်သွားနိုင်တဲ့ မီဒီယာကနေ ပြည်သူကိုရှင်းဖို့အတွက်ကို ကျနော်တို့ ပြင်ဆင်နေတယ်။”

နှစ်စဉ်လို မိုးများရေကြီး ရေလျှံဖြစ်မှုတွေကြောင့် စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်ဘက်တွေမှာ မြေပြိုကျမှုတွေ ရေလွှမ်းမိုးမှုတွေဖြစ်လေ့ရှိပြီး ဆည်တွေ ရေလျှံပြီး ကျိုးပေါက်မှုဖြစ်ကုန်မယ်ဆိုပြီး ဒေသခံတွေဘက်က စိုးရိမ်မှုတွေ ဖြစ်လေ့ရှိပေမဲ့လို့ ရာဇဂြိုဟ်ဆည်ကြီး ကျိုးပေါက်သွားတာမျိုးတော့ ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ဘူးပါဘူး။

အခု ဗွီအိုအေမြန်မာပိုင်း ကနေ ရာဇဂြိုဟ်ဆည်ကြီး ရဲ့ ရေအခြေအနေ နဲ့ပတ်သက်ပြီး ဒေသခံ ကို နောက်ဆုံးဆက်သွယ်မေးမြန်းချက် အရတော့ မိုးများလို့ ဆည်ထဲ ရေများလာနေတဲ့ ရာဇဂြိုဟ်ဆည်ကြီး နဲ့ နုန်းတားဆည်တွေမှာရေ အတော်လေး ကျသွားပြီဖြစ်ပြီး စိုးရိမ်စရာအနေအထားမရှိတော့ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ကလေးနဲ့ တမူးဘက်မှာတော့ မိုးများနေတုန်းပဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG