သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်စိမ်းလုပ်ကွက် ၃၀၀ ကျော် သက်တမ်းထပ်မတိုးဖို့ ဝန်ကြီးဌာနဆုံးဖြတ်


(ဓာတ်ပုံ-မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း)
(ဓာတ်ပုံ-မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း)

ပထမ ၅ နှစ် သက်တမ်းပြည့်သွားတဲ့ ကျောက်စိမ်း၊ ကျောက်မျက် လုပ်ကွက်ပေါင်း ၃၀၀ ကျော်ကို နောက်ထပ် သက်တမ်း ထပ်တိုး မပေးတော့ဘူးလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။

အစိုးရဘက်က ကျောက်စိမ်း၊ ကျောက်မျက် တူးဖော်မှုကို အတိုင်းအတာ တခုအထိ လျှော့ချဖို့ ဆောင်ရွက်လာတာလို့ ကျောက်မျက်လုပ်ငန်းရှင်တွေက ကြိုဆိုပါတယ်။ တချိန်တည်းမှာလည်း ကျောက်မျက်ရတနာဆိုင်ရာ မူဝါဒတွေ တသမတ်တည်းဖြစ်ဖို့နဲ့ တရားဥပဒေ စိုးမိုးရေးကိုလည်း အာရုံစိုက် လုပ်ဆောင်လို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။ အသေးစိတ်ကို မသိင်္ဂီထိုက် က စုစည်း တင်ပြထားပါတယ်။

အရင် အစိုးရလက်ထက်က ချထားပေးခဲ့တဲ့ ကျောက်စိမ်းနဲ့ ကျောက်မျက် လုပ်ကွက်များစွာထဲက အခု ဇူလိုင်လမှာ ၅ နှစ် သက်တမ်းပြည့်သွားတဲ့ လုပ်ကွက် ၃၁၀ တို့ကို ထပ်မံ သက်တမ်း တိုးမပေးတော့ဘူးလို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောပါတယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က သက်တမ်းပြည့်သွားတဲ့ လုပ်ကွက်တွေကို ထပ်ချ မပေးတော့ဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

ကျောက်စိမ်း၊ ကျောက်မျက် လုပ်ကွက်တွေကို သက်တမ်းပြည့် ပိတ်လိုက်တာက အစိုးရသစ်ရဲ့ ဆောင်ရွက်ပုံ ပြောင်းလဲလာတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်အသင်းရဲ့ ဒုတိယ ဥက္ကဌ ဦးမြင့်ဟန်က ပြောပါတယ်။

“လုပ်ငန်းလုပ်ကွက်တကွက်ဟာ ၅ နှစ်ပေးမယ်၊ ၅ နှစ်ပေးပြီးလို့ရှိရင် နောက်ထပ် ၃ နှစ်၊ နောက်ထပ် ၃ နှစ်တခါပေးမယ်။ ၃ နှစ်တခါ ပေးပြီးရင် နောက်ထပ် ၂ နှစ်တခါပေးမယ်။ အဲ့လိုပြည့်သွားလို့ ဒီကျောက်က မပြီးသေးဘူး၊ ဒီကျောက်က ကျောက်ကျောကောင်းနေသေးတယ်၊ ဆက်ပြီးတော့ တူးချင်တယ်ဆိုရင်တော့ သူက လက်ငုပ်လက်ရင်းအနေနဲ့ သူ မရဘူး။ လေလံပြန်ဆွဲရတော့မယ်။ ဒီ့ပြင်လူတွေနဲ့ အပြိုင်ပေါ့နော်။ အခုတော့ ဆက်တိုးမပေးတော့တာပေါ့နော်။ အခုလောလောဆယ် ပိတ်မယ်။ နောက်ပြီးတော့မှ တခုခု လုပ်မှာပေါ့နော်။ ဒါ ဘယ်လိုသဘောတူညီချက်တွေနဲ့ လုပ်ရင် ကောင်းမလဲ။ အခု ဆွေးနွေးနေတဲ့ အကြီးစားတွေ လုပ်မလား၊ အလတ်စားတွေ လုပ်မလား၊ အကြီးစားတွေကို ဘယ်လောက်ပေးမလဲ၊ အလတ်စားတွေကိုရော ဘယ်လောက် ပေးမလဲ ဆိုတဲ့ဟာမျိုး လုပ်မှာပေါ့နော်။”

အခု ဇူလိုင်လမှာ သက်တမ်းကုန်မယ့် လုပ်ကွက်တွေကတော့ လုံးခင်း- ဖားကန့်က လုပ်ကွက် ၉၃ ခု၊ ခန္တီး-ရတနာမြေက ၃၆ ခု၊ မိုးညှင်း-ရတနာမြေက လုပ်ကွက် ၁၅၁ ခု၊ နောက် မိုးကုတ်၊ မိုင်းရှူးနဲ့ နမ့်ယားဆိပ် ရတနာမြေက လုပ်ကွက် ၃၀ တို့ ပါဝင်ပါတယ်။ ကျောက်စိမ်း၊ ကျောက်မျက် တူးဖော်ထုတ်လုပ်မှုကို အတိုင်းအတာ တခုအထိ လျှော့ချဖို့ အစိုးရသစ်ရဲ့ ဆောင်ရွက်ချက်ကို ကျောက်မျက်လုပ်ငန်းရှင် အသင်းကလည်း ကြိုဆိုပါတယ်။

“တချို့တွေဆီမှာကလည်း တကယ်တမ်းပြောရရင်တော့ တအားကို များနေတာတွေရှိတယ်။ တချို့ပိုင်ရှင်တွေဆီမှာပေါ့နော်။ တချို့သိပ်များနေတဲ့သူတွေကလည်း ဒီလောက်ကြီးတော့ အများကြီး မတူးစေချင်တော့ဘူးပေါ့နော်။ အခု အပြင်မှာလည်း တချို့ဆီမှာဆိုရင် လက်ထဲမှာပေါ့နော် ကျောက်တွေက အများကြီးရှိပါတယ်။ သွေးပြီးသားကျောက်တွေပေါ့နော်။ ဒါတွေကို ဒီလိုပဲ ထပ်တူးဦးမယ်ဆိုရင်တော့ ဒီထက်လည်း များမှာပေါ့နော်။ အဲတော့ အကောင်းဆုံးကပေါ့နော် အခိုက်အတန့်ပေါ့နော် လျှော့ချစေချင်တယ်ပေါ့။ လက်ရှိကလည်း သူတို့ရဲ့ လုပ်ငန်းတွေက ရှိသေးတာကိုး။ သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့သူတွေ ရှိသေးတယ်။ လောလောဆယ် ရင်းနှီးမြှုပ်နှံထားတဲ့ လူတိုင်းမှာလည်း အားလုံးကတော့ အောင်မြင်နေတဲ့သူတွေတော့ မဟုတ်ဘူး။ နောက်ပြီးတော့ အဲဒီကုမ္ပဏီတွေ၊ အဲဒီလုပ်ငန်းရှင်တွေကိုလည်း မှီခိုစားသောက်နေကြသူတွေ အများကြီးရှိတယ်။ အဲဒီတော့ကာ သင့်တင့်မျှတတာပေါ့နော်၊ အရင်တုန်းကလောက်တော့ မတူးစေချင်တော့ဘူး။ အရင်တုန်းကလောက် ဒီထက်ဒီထက် တူးမယ်ဆိုရင် နည်းနည်းတော့ အရှိန်သတ်စေချင်ပါတယ်။ နည်းနည်း အရှိန်သတ်လိုက်မယ်ဆိုရင်တော့ ပိုပြီးတော့ သင့်တော်မယ်လို့ ထင်တယ်။ လုံးဝကို အပြီး ရပ်လိုက်တာမျိုးလည်း မကောင်းပါဘူး။”

အခု အစိုးရလက်ထက်မှာတော့ ကျောက်စိမ်း၊ ကျောက်မျက် ဖော်ထုတ်လုပ်ကွက်တွေရော၊ သတ်မှတ်လုပ်ကွက်တွေရော လုပ်ကွက်အသစ်တွေကို ပိတ်ထားပါတယ်။ နိုင်ငံတဝန်း ရတနာမြေတွေမှာ မတူးရသေးတဲ့ ကျောက်မျက်လုပ်ကွက် အသစ်တွေကတော့ ကျန်ရှိနေသေးတယ်လို့လည်း ကျောက်မျက်လုပ်ငန်းရှင်အသင်းရဲ့ ဒုဥက္ကဌ ဦးမြင့်ဟန်က ပြောပါတယ်။

“မိုးကုတ်လည်း အများကြီးကို ကျန်ပါသေးတယ်။ ကျောက်စိမ်းလည်း အများကြီး ကျန်ပါသေးတယ်။ ကျောက်ဆိုတာကတော့ မတူးရသေးတဲ့နေရာ ဆက်တူးကြတာပဲပေါ့နော်။”

ကျောက်စိမ်းနဲ့ ကျောက်မျက် တူးဖော်ထုတ်လုပ်ရေး လျှော့ချဖို့ အစိုးရသစ်ရဲ့ ဆောင်ရွက်ချက်တွေကို ကြိုဆိုပေမဲ့လည်း ကျောက်စိမ်း၊ ကျောက်မျက် လုပ်ငန်းမှာ တိကျတဲ့ မူဝါဒတွေ မရှိသေးသလို ရတနာမြေတွေမှာ တရားမဝင် တူးဖော်မှုတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်သေးဘူးလို့လည်း ကျောက်မျက်လုပ်ငန်းရှင်အသင်းက ပြောပါတယ်။ ကျောက်စိမ်း ရောင်းချမှုမှာလည်း အထူးကုန်စည်ခွန်အဖြစ် တိုးကောက်လိုက်တာကြောင့် ကျောက်မျက်လုပ်ငန်းရှင်တွေကြား အထိနာရတယ်လို့လည်း ကျောက်မျက်လုပ်ငန်းရှင်အသင်းက ပြောပါတယ်။

XS
SM
MD
LG