သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိကင်းတဲ့ ကျင့်ဝတ်နဲ့အညီ စီးပွားဖွံ့ဖြိုးရေး အမေရိကန် ရင်းနှီးမြှုပ်နှံမှုနဲ့ ကူညီဖို့ ဒေါ်စုတိုက်တွန်း


 ဒေါ်အောင်ဆန်းစုကြည် က အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ အစည်းအဝေး မိန့်ခွန်းပြောကြား။
ဒေါ်အောင်ဆန်းစုကြည် က အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ အစည်းအဝေး မိန့်ခွန်းပြောကြား။

အမေရိကန်စီးပွားရေးကုမ္ပဏီတွေ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံတဲ့ တချိန်တည်းမှာ အကျင့်ပျက် လဘ်စားမှုကင်းတဲ့ မှန်ကန်တဲ့ စီးပွားရေး ကျင့်ဝတ်တွေ အားကောင်းခိုင်မာအောင် ကူညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ အစည်းအဝေးမှာ ပန်ကြားသွားခဲ့တာပါ။

"နှစ်ပေါင်းများစွာ ကြာပြီးတဲ့အခါ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားလိုက်ပြီဆိုတာကို ကျမတို့ အားလုံး မျက်ဝါးထင်ထင် တွေ့ရပါပြီ၊ ဒီ ပိတ်ဆို့မှုတွေဟာ ကျမတို့ ကံကြမ္မာကို ကိုယ့်ဘာသာ ဆုံးဖြတ်စေချင်တဲ့၊ မြန်မာနိုင်ငံကို ရှိသင့်ရှိထိုက်တဲ့ ဂုဏ်သိက္ခာနဲ့ အညီ ရပ်တည်စေချင်တဲ့ မြန်မာနိုင်ငံရဲ့ မိတ်ဆွေကောင်းတွေ ရဲ့ စွမ်းဆောင်မှုကြောင့် ဖြစ်လာခဲ့တာပါ။ အမေရိကန် လွှတ်တော် အတွင်းမှာ ဒီလို ဖြစ်စေချင်တဲ့ မိတ်ဆွေတွေက အပြင်းအထန်ကြိုးပမ်းပြီး ပြည်သူတွေရဲ့ အခွင့်အရေးကို မလေးစားတဲ့ ဒီမိုကရေစီတည်ဆောက်ရေးကို လုံး၀ စိတ်မဝင်စားတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို အရေးယူဖို့ ဒဏ်ခတ်ပိတ်ဆို့ခဲ့တာပါ။ ဒါပေမယ့် ဒီအချိန်ဟာ ပိတ်ဆို့မှုတွေ ရုတ်သိမ်းရမယ့်အချိန်ရောက်ပြီလို့ ကျမတို့ ဆုံးဖြတ်လိုက်ပါတယ်။"

နိုင်ငံရေးအရ အသွင်ကူးပြောင်းမှုတွေ အောင်မြင်ဖို့ဆိုရင် ပြည်သူတွေရဲ့ စီးပွားရေး မျှော်လင့်ချက်တွေကို လည်း ဖြည့်ဆည်းပေးဖို့ လိုမယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြောဆိုချက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့လိုသူတွေအတွက် အားတက်စရာဖြစ်ရပါတယ်။

အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ တွဲဘက်မန်နေဂျာ၊ ဦးလှဖုန်းမြင့်ကတော့ သူမျှော်လင့်ချက် ကို အခုလို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းမှုနဲ့အတူတူ ကျနော်တို့ရဲ့ တိုက်တွန်းမှုတွေနဲ့ပေါင်းပြီးတော့ အိမ်ဖြူတော်က ဂုဏ်ပြုတဲ့ သဘောနဲ့ပေါ့နော် မြန်မာနိုင်ငံရဲ့ တိုးတက်လာမှု၊ မြန်မာနိုင်ငံ ရဲ့ ပြောင်းလဲလာမှုကို ဂုဏ်ပြုတဲ့သဘောနဲ့ ချမှတ်လိုက်တဲ့အတွက် များစွာ ဝမ်းလည်းဝမ်းသာပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။"

မြန်မာအမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦး ရေမွန်ကတော့ အခုလို ပြောပါတယ်။

" အမေစု အခုလုပ်နေတဲ့ဟာကြီးက အခုတော်တော်လေးကို ကောင်းပါတယ်။ အင်မတန်ဂုဏ်လည်း ဂုဏ်ယူမိပါတယ်။ ဒီဥစ္စာက အချိန်ကောင်းလည်းရောက် လာတယ်။ သမ္မတ အိုဘားမားရဲ့ သမ္မတသက်တမ်းကလည်း ပြည့်ခါနီးပြီ အဲ့ဒီ့အချိန်မှာ ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ရင်တော့ ကျျနော်တို့တိုင်းပြည်အတွက် သားရွှေအိုးထမ်းလာတာကို မြင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့။"

အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ ပြည်သူ့ဆက်ဆံရေးဌာန ညွန်ကြားရေးမှူး Anthony Nelson ကလည်း အမေရိကန်ကုမ္မဏီတွေရဲ့ ရင်းနှီးမြုှုပ်မှု အလားအလာကို အခုလို တွက်ပြပါတယ်။

"အမေရိကန်ကုမ္မဏီတွေအနေနဲ့ စီးပွားရေးလုပ်ငန်းတော်တော်များများမှာ ပါဝင် လုပ်ကိုင်နေပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်သူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် ဝင်လာမယ်ဆိုတာမျိုး ချက်ခြင်း မျှော်လင့်လို့တော့ မရဘူးလို့ ကျနော်ပြောချင်ပါတယ်။ အမေရိကန် စီးပွားရေး ကုမ္မဏီတွေအနေနဲ့ အချိန်ယူမယ်။ စဉ်းစားဆုံးဖြတ်ပါလိမ့်မယ်။ ဒါပေမယ့် ဝင်လာပြီဆိုရင် အလုံးအရင်းနဲ့ ဝင်လာမှာပါ။ လာမယ့် နှစ်ပိုင်းတွေအတွင်း အစပျိုးနေတဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ကြီးထွားလာမယ်။ ရေရှည်မှာ ခြေခြေမြစ်မြစ် ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာတာကို ကျနော်တို့ တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။"

အမေရိကန်ပြည်ထောင်စုအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုတ်သိမ်းလိုက်ပြီ ဆိုပေမယ့် မူးယစ်ဆေးဝါး ကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ တည်ဆောက်ရေးမှာ အဟန့်အတားဖြစ်စေတယ်လို့ သတ်မှတ်လို့ပဲဖြစ်ဖြစ် ပစ်မှတ်ထား အရေးယူတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တွေ ရှိနေဆဲဖြစ်ပါတယ်။

ဒီလိုလူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ လက်တွဲလုပ်ကိုင်ဖို့အတွက် အမေရိကန် ကုမ္ပဏီတွေဘက်က အဆင်သင့်ဖြစ်ပါ့မလား၊ ပိတ်ဆို့မှုတွေရော အာလုံးအပေါ်မှာ လုံးဝဖယ်ရှားလိုက်တာလား မေးစရာရှိပါတယ်။ အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ တွဲဘက် မန်နေဂျာ၊ ဦးလှဖုန်းမြင့်ကတော့ အခုလို ရှင်းပြပါတယ်။

" အမေရိကန်က ဒီ National Emergency ဆိုတဲ့ဥပဒေကို ပစ်ပယ်လိုက်တာ တခုတည်းနဲ့ ဒီပိတ်ဆို့ထားတဲ့ Sanctions ပုဂ္ဂိုလ်တွေ လုပ်ငန်းတွေ အကုန်လုံးက ပယ်ပျက်သွားမှာမဟုတ်ပါဘူး။ ဒီမူးယစ်ဆေးဝါးနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေ ဒီမူးယစ်ဆေးဝါးကြောင့် တနည်းမဟုတ် တနည်း တိုးတက်ကြီးပွားလာတဲ့ လုပ်ငန်းရှင်တွေ ပြီးတော့ကာ ဒီမြောက်ကိုရီးယားနိုင်ငံနဲ့ဆက်စပ်မှုရှိတဲ့ လုပ်ငန်းတွေကတော့ National Emergency နဲ့မဟုတ်ပဲနဲ့ တခြားပါဝင်ပတ်သက်တဲ့ Sanctions တွေကတော့ ရှိနေတုန်းပါ။ အခုအကုန်လုံးပြောကြတယ်။ အမေရိကန် Sanctions အကုန်လွှတ်မယ်ဆိုတာ တပိုင်းတော့မှန်တယ်။ ဒါပေမဲ့ တခြားတပိုင်းမှာတော့ သီးသန့် ချမှတ်ထားတာတွေကတော့ လွှတ်ကောင်း လွှတ်လိုက်မယ်။ သို့သော် လုပ်ငန်းဆိုင်ရာ ပတ်သက်တဲ့ ပိတ်ဆို့မှုတွေ Security terrorism ကို ပဓာနထားပြီး ချမှတ်တဲ့ ပိတ်ဆို့မှုတွေ ကတော့ ရှိသင့်တဲ့သူတွေအပေါ် ကျိန်းသေပေါက်ရှိနေဦးမယ်ဆိုတာ ကျနော်ပြောရဲပါတယ်။ "

ဦးလှဖုန်းမြင့် ရှင်းပြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျင့်ဝတ်သိက္ခာနဲ့ ညီတဲ့ တာဝန်သိတဲ့ ရင်းနှီးမြုှုပ်မှုတွေ၊ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရနိုင်မယ့် စီးပွားရေး အခွင့်အလမ်းကောင်းတွေ မြန်မာပြည်မှာ အများကြီး ရှိပါတယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံသားတွေ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ပန်ကြားသွားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး စီးပွားရေးအခွင့်အလမ်းတွေ ရယူနိုင်ဖို့ အတွက် ပိတ်ဆို့ အရေးယူမှုတွေကို ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ လို့လည်း ပြောဆို သွားခဲ့ပါတယ်။

XS
SM
MD
LG