သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံအရေးသုံးသပ်ကော်မရှင်အဖွဲ့ ကချင်ပြည်နယ် မြစ်ဆုံဒေသလေ့လာ


ကချင်ပြည်နယ် မြစ်ဆုံဒေသ။
ကချင်ပြည်နယ် မြစ်ဆုံဒေသ။

အစိုးရက ဖွဲ့စည်းထားတဲ့ ဧရာဝတီမြစ်ဆုံဒေသ သုံးသပ်ရေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့ မနက် ကချင်ပြည်နယ် မြစ်ဆုံဒေသကို လာရောက်လေ့လာပြီး ဒေသခံ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းလေ့လာခဲ့ပါတယ်။ ဒေသခံပြည်သူတွေကတော့ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေးအတွက် ပြည်နယ်အစိုးရကနေတဆင့် စာပေးပို့တောင်းဆိုထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဖော်က တင်ပြထားပါတယ်။

ဧရာတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများလေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဟာ စက်တင်ဘာလ ၁၅ရက်နေ့က မြစ်ကြီးနားမြို့ ကို ရောက်ရှိ လာခဲ့ပြီး ဒီကနေ့မှာတော့ မြစ်ဆုံဒေသဘက်ကို သွားရောက်လေ့လာ ခဲ့ပါတယ်။ မြစ်ဆုံဒေသ သုံးသပ်ရေးကော်မရှင် လာရောက်လေ့လာနေတဲ့ အခြေအနေကို ကချင်ပြည်နယ်အစိုးရရဲ့ သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦး Hလအောင်က အခုလို ပြောပါတယ်။

" ကော်မရှင်အဖွဲ့က ဒီကနေ့ မနက်ပိုင်းကတော့ အောင်မြင်သာရွာ ညနေပိုင်း ကတော့ ဟိုဘက်ရွာပေါ့လေ။ သွားလေ့လာကြတယ်။ အဓိက ကတော့ မြစ်ဆုံဖြစ်ရေး၊ မဖြစ်ရေးကတော့ သူတို့ အလုပ်မဟုတ်ဘူး။ မြစ်ဆုံကြောင့် ဘယ်လို အဆက်အစပ်ဖြစ်နိုင်တာတို့ ခုနကပြောတဲ့ EIA တို့ဘာတို့ ...ဖြစ် မဖြစ် အဲ့တာတွေကို သူတို့က ကြည့်ရှု့ပြီးမှ တင်ပြမယ်ထင်တယ်။"

သုံးသပ်ရေးကော်မရှင်ဟာ ဒီကနေ့မနက်ပိုင်းမှာ မြစ်ဆုံဒေသ က ရွှေ့ပြောင်း လာတဲ့ အောင်မြင်သာရွာကို ရောက်ရှိချိန်မှာ ဒေသခံတွေရဲ့အခက်အခဲကို မေးမြန်းခဲ့ကြောင်း အောင်မြင်သာရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဂျာက ပြောပါတယ်။

" သူတို့မြစ်ဆုံကို ကြည့်ရှု့လေ့လာတယ်။ သူတို့ဆိုက်ဒ်ထဲသွားတယ်။ ထမင်းစားပြီးတော့ ဟိုဘက်ကမ်းပြန်ကူးမယ်ပြောတယ်။ ကျနော်တို့ကို ကျတော့ ဒေသခံတွေ အခက်အခဲပေါ့ အဓိက အဲ့တာပဲ။ အကုန်မေးတယ်။ ကျနော်တို့လည်း အကုန်ပြန်ရှင်းပြတာပဲ ရွာသားရဲ့အခက်အခဲပေါ့ အလုပ်အကိုင် ရရှိရေး အဲ့တာပဲ အဓိက တင်ပြတယ်။"

ဧရာတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဟာ မနက်ဖန်မှာ မြစ်ဆုံအထက်ပိုင်းက လုပ်ငန်းခွင်တွေကို ရဟတ်ယာဉ်နဲ့ လည့်လှည်ကြည့်ရှုမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ဒေသခံ လူထုနဲ့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဒီကနေ့ သုံးသပ်ရေးကော်မရှင်က မြစ်ဆုံကို လာရောက်တဲ့ခရီးစဉ် အပေါ်မှာတော့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး အတွက်ဆောင်ရွက်နေ သူ အောင်မြင်သာရွာ က ဒေါ်ဂျာခွန်က အခုလို ပြောပါတယ်။

"ရွာက အုပ်ချုပ်ရေးမှူးက ရွာက လူ ၁၅၀ကို မြစ်ကြီးနားကို ခေါ်မယ်တဲ့။ ကားသုံးစီးကို မြို့ထဲကနေ လွှတ်ပေးမယ်ပေါ့။ ဟိုမှာကျရင် လူတယောက်လား နှစ်ယောက်လား သုံးမိနစ် ငါးမိနစ်ပေါ့။ အဲ့လောက် စကားပြောခွင့်ရှိတယ်တဲ့။ အစကတော့ ကော်မရှင် အဖွဲ့ဆိုတော့ ကော်မရှင် ဆိုတာ မြစ်ဆုံကို လုပ်သင့်၊ မလုပ်သင့်ပေါ့။ ပြည်သူလူထု နဲ့တိုင်ပင်ပြီးတော့ ဒေသခံတွေနဲ့ တိုင်ပင်ပြီး ပွင့်လင်းမြင်သာမှု ရှိအောင်ပေါ့နော်။ ဆွေးနွေးညှိနှိုင်း အဲ့လိုမျိုး ထင်တာလေ။ အခု ဒီနေ့ လာတဲ့ပုံစံက ကျမတို့က ကျမတို့ထင်ထားတာနဲ့တော့ တခြားစီပဲ။"

မြစ်ဆုံဒေသခံတွေနဲ့ ကချင်ပြည်နယ်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၂၀ကျော်ကသူတို့တွေရဲ့လိုလားချက်တွေကို ပြည်နယ်အစိုးရကတဆင့် ကော်မရှင်ဆီကို ဒီကနေ့ ပေးပို့ထားကြောင်းလည်း ဒေါ်ဂျာခွန်က ပြောပါတယ်။

ဒီလိုလားချက်တွေမှာမြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းဖို့၊ ဒေသခံတွေကို မူလနေရပ်ရင်းမှာ ပြန်လည်နေထိုင်လုပ်ကိုင်စားသောက်ခွင့်ပြုဖို့၊ ပြည်သူတွေရဲ့ ဆန္ဒမပါဘဲ မည်သည့်စီမံကိန်းမှ မဆောင်ရွက်ဖို့ ၊ တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ မဖြေရှင်းနိုင်သေးသ၍ အကြီးစားစီမံကိန်းတွေ ရပ်ဆိုင်းထားဖို့ဆိုတာတွေ ပါဝင်ပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်းကို ၂၀၀၇ခုနှစ်မှာ စတင်အကောင်အထည်ဖော် ခဲ့တဲ့နောက် လူ့မှုအသိုင်းအဝိုင်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နစ်နာနိုင်တယ် ဆိုတဲ့ ဆန့်ကျင်ကန့်ကွက်တာတွေ ရှိခဲ့တာကြောင့်၂၀၁၁ခုနှစ်မှာ ရပ်ဆိုင်းထားခဲ့ပါတယ်။ လက်ရှိ အစိုးရသစ်တက်လာပြီးတဲ့နောက်မှာတော့ တရုတ်နိုင်ငံဖက်က စီမံကိန်းကို ပြန်လည် စတင်လိုကြောင်း ဆွေးနွေးပြောဆို တာတွေရှိခဲ့ပြီး စီမံကိန်းကို လုံးဝရပ်ဆိုင်းမယ်ဆိုရင်တော့ စီမံကိန်းအတွက် ရင်းနှီးထားငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကို တရုတ်နိုင်ငံကို ပေးလျော်ရမယ့် သဘောမှာရှိပါတယ်။ စီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုရင်တော့ တနှစ်ကို အခွန်ငွေ ကန် ဒေါ်လာသန်းငါးရာရရှိပြီး၊ မြစ်ဆုံက ထွက်မယ့် လျှပ်စစ်ဓတ်အား ၁၀ ရာခိုင်နှုန်းကိုလည်း မြန်မာနိုငငံက အခမဲ့ ရရှိမှာဖြစ်ပါတယ်။ အခုလက်ရှိအနေအထား အတိုင်း ဆိုင်းငံ့ထားမယ်ဆိုရင်တော့ တရုတ်ကုမဏီဖက်က ရင်းနှီးမြုပ်နှံမှုအတွက် အတိုးငွေ တနှစ်ကို ဒေါ်လာ သန်း၅၀ နှစ်စဉ် ပေးဆောင်ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG