သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲသဝေါတိုက်ပွဲ ဒီကေဘီအေ တပ်စခန်းတခု ဆုတ်ခွါ


 DKBA တပ်သားများ။ သတင်းဓာတ်ပုံ ( မေ ၁၀၊ ၂၀၁၂)
DKBA တပ်သားများ။ သတင်းဓာတ်ပုံ ( မေ ၁၀၊ ၂၀၁၂)

ကရင်ပြည်နယ်မဲသဝေါဒေသမှာ ကရင်နယ်ခြားစောင့်တပ်ရင်းနဲ့ မြန်မာ့ တပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့နဲ့ ခွဲထွက်ဒီကေဘီအေတပ်တို့ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေပြီး၊ ထိခိုက်သေကြေမှုတွေလည်း ရှိနေပါတယ်။ ကရင်နယ်ခြားစောင့်တပ်ရင်းနဲ့ မြန်မာ့တပ်မတော်ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ ထိုးစစ်တွေကြောင့် ဒီကေဘီအေ အဓိကတပ်စခန်းတခု ဆုံးရှုံးခဲ့သလို၊ ထိပ်တန်း ခေါင်းဆောင်တချို့ထိခိုက်ဒဏ်ရာရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေထိုင်း အခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မဲသဝေါဒေသအတွင်းမှာ ခွဲထွက်ဒီကေဘီအေအဖွဲ့နဲ့ ကရင်နယ်ခြားစောင့် တပ်ရင်း မြန်မာ့တပ်မတော်ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေတာ ဒီကနေ့ပါဆို ရက်သတ္တနှစ်ပါတ်ကြာမြင့် ခဲ့ပြီးဖြစ်ပါတယ်။

မနေညပိုင်းမှာ ကရင်နယ်ခြားစောင့် တပ်ရင်းနဲ့ မြန်မာ့တပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့ကနေ ဒီကေဘီအေဘက်က ခံစစ်နေရာယူ ထားတဲ့ ဝါးကလို့လူးကုန်း (ဝါးဘိုးတောင်)စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်။

မနေ့ကဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ပက်သက်လို့ ဒီကေဘီအေ အကျိုးတော်ဆောင် ကိုယ်စားလှယ် ကိုကျော်သီဟက ပြောပါတယ်။

"မနေ့ကဖြစ်တဲ့တိုက်ပွဲကတော့ နှစ်နာရီတခါ သုံးနှစ်နာရီတခါလောက်တော့ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်တယ်။ နောက်တခါ သူတို့ထိုးစစ်အနေနဲ့ တက်လာတာတွေရှိတယ်။ တက်လာတဲ့အပေါ်မှာတော့ ကျနော်တို့ ခံစစ်အနေနဲ့ ပြန်ပြီးတော့ ပေးတာရှိတယ်။ နောက် မိုင်းတွေ ဘာတွေ ထိသွားတဲ့အခါကျတော့ သူတို့ပြန်ဆုတ်သွားတာတွေတော့ ရှိတယ်။"

လူလက်နက်အင်အားမမျှလို့ ဒီကေဘီအေဘက်ကခံစစ်နေရာယူထားတဲ့ ဝါးကလို့လူးကုန်းစခန်းကနေ ဆုတ်ခွါခဲ့ရပေမဲ့ ခံစစ်ရှင် ပြောက်ကျားစနစ်ကို ကျင့်သုံးသွားမယ်လို့ ဒီကေဘီအေပြန်ကြားရေးအရာရှိဗိုလ်ကြီးစောရဲထက်က အခုလိုပြောပါတယ်။

" အင်အားချင်း မမျှဘူး။ လက်နက်အင်အားချင်း မမျှတဲ့အနေအထား ခံစစ်သေ သဘောတရားကနေ ခံစစ်ရှင် သဘောတရား နဲ့ ကျနော်တို့ နယ်မြေထဲမှာ ပျောက်ကြားစနစ်နဲ့ ဆက်ပြီးတော့ ခုခံသွားဖို့ ကျနော်တို့ပြင်ဆင်ထားပါတယ်။"

ဒီကေဘီအေတပ်တွေကတော့ မဲသဝေါဖက်ခြမ်း ရိက္ခာကုန်းဘက်မှာ ကြံ့ကြံ့ခံခုခံနေဆဲ လို့ ဆိုပါတယ်။ မနေ့ညကဖြစ်ပွါးခဲ့တဲ့ ဝါးကလို့လူးကုန်း စခန်းသိမ်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့သလို ဒီကေဘီအေခေါင်းဆောင် ဒုဗိုလ်မှူး ကြီးစောဆန်းအောင်လဲ ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့ သတင်းတွေကလဲပေါ်ထွက်နေပါတယ်။

ဒုဗိုလ်မှူးကြီးစောဆန်းအောင် ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းဟာ အတည်မပြုနိုင်သေးဘူးလို့ ဗိုလ်ကြီးစောရဲထက် က အခုလိုပြောပါတယ်။

" ကျနော်တို့လည်း သတင်းကြားတယ်။ ဒါပေမဲ့ အဲ့ဒီ့ဟာနဲ့ပတ်သက်လို့ အဆက်အသွယ်ရအောင် ကျနော်တို့ ကြိုးစားနေတယ်။ ဒါကြောင့်မို့လို့ အတည်တော့ မပြုနိုင်ဘူးနော်။"

၁၅ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဒုဗိုလ်မှူးကြီးစောဆန်းအောင် ဒဏ်ရာရရှိခဲ့ပြီး မဲဆောက်ဆေးရုံမှာ ဆေးကု သ ခံနေတယ်လို့ သတင်း ထွက်ပေါ်နေပေမဲ့ ဒဏ်ရာရသူဟာ ဒုဗိုလ်မှူးကြီးစောဆန်းအောင်မဟုတ်ဘဲ တခြားဒီကေဘီအေ အရာ ရှိတဦးဖြစ်တယ်လို့ မဲဆောက် အခြေစိုက်ပြည်သူ့ တိုးတက်ရေး တပ်ဦးရဲ့အတွင်းရေးမှူးချုပ်ဒေါက်တာကျော်ညွန့် ကပြောပါတယ်။

" ဗိုလ်မှူးကြီးစောဆန်းအောင်တော့ ဒဏ်ရာရတယ်လို့ ကျနော် မကြားမိသေးဘူး။ တခြား အရာရှိတယောက်တော့ နည်းနည်းပါးပါး ရတယ်ဆိုတဲ့ အနေအထားမျိုးတော့ ရတယ်။ အတည်ပြုလို့တော့ မရသေးဘူးပေါ့။ ဆက်သွယ်မှု နည်းနည်းခက်ခဲနေတော့လေ။"

မနေ့ကတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တာဝန်ယူဖြေကြားပေးမဲ့သူ မရှိခဲ့ပါဘူး။

DKBA ခွဲထွက်အဖွဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မယ်သဝေါဒေသကို တပ်မတော်နဲ့BGF နယ်ခြားစောင့်တပ်ပူးပေါင်းတပ်ဖွဲတို့ နေရာဒေသ အားလုံး ကို သိမ်းပိုက် ထားနိုင်ပြီးလို့ BGF လူမှုကွန်ယက်မှာဖေါ်ပြ ထားပေမဲ့လဲ သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

ကရင်ပြည်နယ်မဲသဝေါဒေသမှာ စက်တင်ဘာ(၂)ရက်နေ့ကစလို့ တိုက်ပွဲတွေ စတင်ဖြစ်ပွါးလာတာ ရက်သတ္တနှစ်ပါတ်ရှိခဲ့ပြီးဖြစ် ပါတယ်။ ဒီလိုဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်ဘက်ကရော ကရင်နယ်ခြားစောင့်တပ်ဘက်ကပါ တရားဝင် သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

အခုလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် မဲသဝေါဒေသခံကျေးရွာသား(၃၀၀၀)ကျော်ဟာ စစ်ဘေးလွတ်ရာမြိုင်ကြီးငူဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီရက်ပိုင်းတွေမှာ မဲသဝေါဒေသတွင်းတိုက်ပွဲတွေသာမက ကချင်ပြည်နယ် အတွင်းမြန်မာ့တပ်မတော်နဲ့KIOကချင်လွတ်လပ်ရေး အဖွဲ့တို့နဲ့လဲ တိုက်ပွဲရက်ဆက် ဆိုသလိုဖြစ်ပွါးနေပါတယ်။

NLDအစိုးရသစ်အနေနဲ့ လက်ရှိဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေရပ်တန့်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားဖို့လိုအပ်တယ်လို့ ပြည်သူ့တိုးတက်ရေး တပ်ဦးရဲ့ အတွင်းရေးမှူးချုပ်ဒေါက်တာကျော်ညွန့်က သူ့အမြင်ကို အခုလိုပြောပါတယ်။

" လက်ရှိတိုက်ပွဲတွေ အကုန်လုံးကို ရပ်ဆိုင်းပြီးတော့ အားလုံးပါဝင်ရေး ဆိုတာပေါ့နော်။ အားလုံးပါဝင်ရေးဆိုတဲ့ အဓိပါယ်ကို သေချာပြန်ပြည့်ဝအောင် လုပ်ပေးနိုင်မယ်ဆိုရင် ဒီတိုက်ပွဲတွေ တိုက်စရာမလိုဘူး။ အဖိုးတန်တဲ့ လူတွေရဲ့အသက်တွေလည်း ဆုံးရှုံးစရာအကြောင်းမရှိဘူး။ ငြိမ်းချမ်းရေးကိုသွားမယ်။ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်လို့ပြောထားပြီးမှ အခုလိုဆုံးရှုံးမှုတွေဖြစ်ရတဲ့ အတွက်ကတော့ ဒါဟာ အင်မတန် စိတ်မကောင်းစရာပဲဖြစ်တယ်။"

လက်ရှိမြန်မာနိုင်ငံမှာ ၂၁ ရာစုပင်လုံညီလာခံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပပြီးစီးခဲ့ပေမဲ့ ကချင်ပြည်နယ် ရှမ်းပြည်နယ် ကရင်ပြည်နယ်ဒေသတွေ မှာ တိုက်ပွဲရပ်တန့်နိုင်ခြင်းမရှိသေးပါဘူး။ တိုက်ပွဲတွေနဲ့အတူ ဒွန်တွဲပါလာတဲ့စစ်ပြေးဒုက္ခသည်အရေးပြဿနာဟာ NLDအစိုးရသစ်အတွက် စိန်ခေါ်မှုတခုလိုဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG