သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအရေး ဒုက္ခသည်အများစုနေရပ်ပြန်


မောင်တောအရေး ရခိုင်ဒုက္ခသည်။ ၂၁ အောက်တိုဘာ။ ၂၀၁၆။
မောင်တောအရေး ရခိုင်ဒုက္ခသည်။ ၂၁ အောက်တိုဘာ။ ၂၀၁၆။

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသတွင်းက လုံခြုံရေး စိုးရိမ်ချက်ကြောင့် တိမ်းရှောင်နေကြသူတွေ ဌာနေပြန်နေကြပါပြီ။ ဌာနေပြန်သူတွေ အတွက် အစိုးရဘက်က စီစဉ် ပို့ဆောင်ပေးနေပြီး လုံခြုံရေးလည်း စီစဉ်ပေးတယ်လို့ ဆိုပေမယ့် အခြေအနေ စောင့်ကြည့်ရင်း ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြသူတွေ ရှိနေဆဲပါ။ မောင်တော ဒေသ နောက်ဆုံး အခြေအနေကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

မောင်တောဒေသတွင်းလုံခြုံရေးစိုးရိမ်ချက်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ ရခိုင် ဒေသခံ တချို့တွေ နေရပ်ရင်းတွေကို ပြန်နေကြပါတယ်။ အရင် ဒုက္ခသည် ၁ ထောင်ကျော်ကို လက်ခံထားတဲ့ ဘူးသီးတောင် ကယ်ဆယ်ရေး စခန်းကနေ ဒုက္ခသည် ထက်ဝက်လောက် ဌာနေပြန်သွားပြီ ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်သူ တဦး ဖြစ်တဲ့ ကိုအောင်သူရထွန်းကပြောပါတယ်။

“ပထမတော့ ဒုက္ခသည် တထောင်နဲ့ လေးရာပတ်ဝန်းကျင်ပဲရှိခဲ့ပါတယ်။ အခုတော့ တဝက်လောက်ပဲ ကျန်ပါတော့တယ်။ နယ်မြေအခြေအနေကတော့ စိတ်ချရပြီလို့တော့ပြောရင်လည်းရပါတယ်။ ဒါပေမယ့် လုံခြုံမှုကလည်း အဲ့ဒီဘက်မှာ နည်းနည်းလေးအားနည်းနေတယ်။ အဲ့လိုမျိုးအသံတွေလည်းကြားနေပါတယ်။ ပြီးလို့ရှိရင် အခုပြန်ခိုင်းတဲ့အထဲမှာ မိမိသဘောဆန္ဒအတိုင်းပြန်တဲ့ သူတွေရှိသလို အထက်လူကြီးတွေပြန်ခိုင်းလို့ ဖိအားကြောင့်ပြန်တဲ့လူတွေလည်းရှိပါတယ်ခင်ဗျ။ ကျန်တဲ့လူတွေကျတော့လည်း ဟိုမှာကတည်းက ဟိုမှာ နဂိုကတည်းက သူတို့စီးပွါးရေးအရလည်း အဆင်မပြေဘူး။ ဒီလိုဒုက္ခသည်စခန်းမှာနေနေရတာကိုက နည်းနည်းလေး ချောင်ချောင်ချိချိဖြစ်နေတယ်။ လတ်တလောတော့ မပြန်သေးဘူးပေါ့။ အဲ့ဒီလိုမျိုး နယ်မြေအခြေအနေအရရော၊ ပြီးလို့ရှိရင် ဒီအစိုးရကဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်းကဖြစ်ဖြစ် တခုခုကို ထိထိရောက်ရောက်ကူညီထောက်ပံ့မှု ရသွားပြီးလို့ရှိရင်တော့ ပြန်မယ်၊ အဲ့ဒီလိုမျှော်လင့်ချက်တွေနဲ့ ဒီဒုက္ခသည်စခန်းမှာ နေတာမျိုးဖြစ်ပါတယ်။ “

မောင်တောဒေသတွင်း နယ်ခြားစောင့် ရဲတပ်စခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရပြီး ရဲ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ရဲတပ်ဖွဲ့ပိုင် လက်နက်နဲ့ ကျည်တွေ ပျောက်ဆုံးသွားခဲ့ပြီးနောက်မှာတော့ ဒေသတွင်း လူနည်းစု ဖြစ်တဲ့ ရခိုင် ဒေသခံတွေ လုံခြုံရေး စိုးရိမ်ချက် ကြီးထွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး သတင်း ၃ ပတ် အတွင်းရောက်ရှိလာပြီ ဖြစ်ပေမယ့် မောင်တော ဒေသတွင်း လူမှု အသိုင်းအဝိုင်းတွေကြားမှာတော့ ထိပ်တိုက်တွေ့မှု တင်းမာမှုတွေ မရှိခဲ့ပါဘူး။ မောင်တောမြို့ပေါ်၊ ဘူးသီးတောင်နဲ့ စစ်တွေမြို့တို့မှာ ခိုလှုံနေကြသူတွေကို နေရပ်ပြန်နိုင်ဖို့ အစိုးရကလည်း အားပေး စီစဉ်ပေးနေတာ ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ တဦး ဖြစ်တဲ့ ကိုအောင်သူရထွန်းက ပြောပါတယ်။

“ အခုဆိုရင် စစ်တွေကနေ အဲ့ဒီကနေရှောင်ထွက်လာတဲ့ သူတွေထဲမှာလေ စစ်တွေကိုရောက်တဲ့အဖွဲ့တွေလည်းရှိပါတယ်။ စစ်တွေကအဖွဲ့တွေဆိုရင်လည်း အခုဆိုရင်ပြန်နေတာလေးရက်လောက်ရှိပါပြီခင်ဗျ။ဘူးသီးတောင်ကို ဝင်နေတာ လေးရက်လောက်ရှိပါပြီ။ သူတို့ကိုပဲ အစိုးရအဖွဲ့က ထွေအုပ်၊ မြို့နယ်အုပ်ချုပ်ရေးမှုးရယ်၊ ဆရာဝန်ကြီးရယ်။ ပြီးလို့ရှိရင် ဝန်ထမ်းအချို့က သင်္ဘောဆိပ်မှာလာကြိုတာ၊ ထူထောင်မယ့်ပစ္စည်းတွေပေးတာ။ ပြီးလို့ရှိရင် တခါထဲ ကားကိုရော စီစဉ်ပေးပြီးတော့ ပြန်ပို့နေတာတွေ့ပါတယ် “

ဘူးသီးတောင်မြို့ပေါ်မှာတော့ အထက်တန်းကျောင်းခွဲ တခုကို ကယ်ဆယ်ရေးစခန်း အဖြစ်ဖွင့်ထားတာ ဖြစ်ပြီး ကျောင်းတွေလည်း ပြန်မဖွင့်နိုင်သေးပါဘူး။မောင်တော ဒေသတွင်းမှာတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်းတဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေ ရှိနေဆဲ ဖြစ်ပြီး ပျောက်ဆုံးခဲ့ရတဲ့ လက်နက်တွေ အားလုံး ပြန်မရသေးဘူးလို့လည်း မောင်တောမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။

“ မောင်တောမြို့ပေါ်မှာတော့ ကျောင်းတွေဖွင့်ထားပါတယ်။မြို့ပေါ်က ကျောင်းတွေတော့ဖွင့်ထားတယ်၊ ပုံမှန်ကတော့ ရောင်းဝယ်တာကတော့ မနက်ပိုင်းလောက်ပါပဲ။ “

နယ်မြေလုံခြုံရေး အာမခံချက် အပြည့်မရသေးတဲ့ မောင်တောဒေသတွင်း ဌာနေပြန်ကြတဲ့ ဒေသခံတွေ အတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွေ ထပ်မံဖွင့်လှစ် ချထားပေးပြီး စားနပ်ရိက္ခာလည်း ထောက်ပံ့ပေးနေတယ်လို့ ရခိုင် အစိုးရ လူမှုရေး ဝန်ကြီးက ပြီးခဲ့တဲ့ သတင်းပတ် အတွင်း ဗွီအိုအေကို ပြောဆိုထားတာပါ။ မနက်ဖြန် ကြာသပတေးနေ့မှာတော့ ရခိုင်ဝန်ကြီးချုပ် အပါအဝင် ရခိုင် အစိုးရ အဖွဲ့ဝင်တွေ မောင်တောမြို့ကို သွားရောက်ဖို့ စီစဉ်နေတယ်လို့လည်း ရခိုင် အစိုးရ ဝန်ထမ်းတဦးက ပြောပါတယ်။ သတင်းပတ်တွေနဲ့ချီ ရှိခဲ့ပြီ ဖြစ်တဲ့ မောင်တောဒေသတွင်း အကြမ်းဖက် တိုက်ခိုက်ခံရမှု အပေါ် အစိုးရဘက်က နယ်မြေ လုံခြုံရေး ဆောင်ရွက်ချက်တွေ၊ အဖမ်းအဆီးတွေနဲ့ ပတ်သက်ပြီးလည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG