သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားကိစ္စ ထုတ်ဖော်ပြောဆိုဖို့ မြောက်ကိုရီးယားကို သမ္မတဘုရှ် တိုက်တွန်း


မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ်တယောက် အမေရိကန်သမ္မတ ဘုရှ် ပေးပို့လိုက်တဲ့ ပေးစာတစောင်ကို လက်ခံရရှိခဲ့ကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။ အခုတပတ်ထဲက မြောက်ကိုရီးယားနိုင်ငံကို ရှားရှားပါးပါး သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စု ရဲ့ နျူကလီးယားဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတိုဖာ ဟေးလ် (Christopher Hill) က ပေးအပ် ခဲ့တာလို့ အစိုးရပိုင် ကိုရီးယန်း စင်ထရယ်လ် နယူးစ်အေဂျင်စီက ဒီကနေ့ ပြောဆိုလိုက်တာပါ။

ဒီစာကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ် ယူအိ ချွန်း (Pak Ui Chun) ကတဆင့် ပေးခဲ့တာလို့လည်း ဆိုပါ တယ်။ နောက်ဆုံးရရှိတဲ့ သတင်းအရ အဲဒီပေးစာမှာ မြောက်ကိုရီးယား နိုင်ငံအနေနဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖို့ အမေရိကန်သမ္မတ ဘုရှ်က တိုက်တွန်းခဲ့တာလို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နျူကလီးယားဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတိုဖာ ဟေးလ်က မြောက်ကိုရီးယား ဘက်က နျူကလီးယားဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး စာရင်း တစောင်ကို အခုနှစ်မကုန်ခင်မှာ တင်ပြဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်ဆောင်ရွက်နေတာပါ။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ဘေဂျင်းမြို့မှာ သတင်းထောက်တွေကို ပြောဆိုစဉ် တောင်းဆိုနေတဲ့ စာရင်းဟာ နောက်ဆုံးစာရင်း ဖြစ်စရာမလိုပေမယ့် ခိုင်ခိုင်မာမာ ဖြစ်ရမယ်လို့ သူက အလေးထားပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ဘာတွေကို ဖွင့်ထုတ်ပြောဆိုရမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားနဲ့ သဘောတူညီချက်ရဖို့ ပြဿနာတချို့ ရှိနေသေးတယ်လို့ မနေ့ကပဲ ပြောဆိုထားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG