သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်တင်ဘာလှုပ်ရှားမှုကို စစ်အစိုးရမှ အလွန်အကျွံ အင်အားသုံးကိုင်တွယ်မှုကြောင့် လူအနည်းဆုံး ၃၀ သေဆုံးခဲ့


မြန်မာနိုင်ငံတွင်း စက်တင်ဘာလ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းရာမှာ လိုအပ်တာထက်ကို အင်အားသုံး ကိုင်တွယ် ခဲ့တာကြောင့် အနည်းဆုံး လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ရပြီး၊ နောက်ပိုင်းမှာလည်း အခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ပင်ညဲရိုးက ပြောလိုက်ပါပြီ။

၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံကို ငါးရက်ကြာ သွားရောက်ခဲ့စဉ် သူ စုံစမ်း သိရှိထားတာတွေကို မနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ ရက်စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန် သွားတာပါ။ ဒီတော့ ဒီအစီရင်ခံစာကို အပြည့်အစုံ ဖတ်ထားတယ်ဆိုတော့ ဒီထဲက ထူးခြားချက်တွေကို ဦးသားညွန့်ဦးက တင်ပြထားပါတယ်။

မစ္စတာ ပင်ညဲရိုးဟာ သူ့အစီရင်ခံစာထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် သြဂုတ်လက စစ်အစိုးရကနေ လောင်စာဆီဈေးတွေ အဆမတန် တိုးမြှင့်လိုက်တာကြောင့် ဖြစ်လာတဲ့ ဆန္ဒပြတွေကနေ အစချီပြီးတော့ ဖြစ်ရပ် အသေးစိတ်တွေကို အစီရင်ခံထားပါတယ်။ သူ့အနေနဲ့ ပြည်တွင်းမှာ အစိုးရ တာဝန်ရှိသူတွေ အစိုးရမဟုတ်တဲ့
အဖွဲ့အစည်းတာဝန်ရှိသူတွေ ကုလသမဂ္ဂပိုင်းက တာဝန်ရှိသူတွေနဲ့
နိုင်ငံရေးအကျဉ်းသားအချို့ကို တွေ့ခဲ့သလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ခဲ့တယ်ဆိုတဲ့ နေရာအချို့ကို သွားရောက်ခဲ့ပါတယ်။ ဒီ သွားရောက် တွေ့ဆုံလေ့လာ တွေ့ရှိချက်တွေနဲ့ အခြား ခိုင်လုံတဲ့ သတင်းအချက်အလက်တွေကို ပေါင်းစုပြီး ဒီအစီရင်ခံစာကို ရေးသားတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အတော်များများကတော့ ကျနော်တို့ သတင်းတွေမှာ ကြေညာခဲ့တာတွေ ပြည်တွင်းက ကိုယ်တွေ့ ကြုံတွေ့တာတွေကို အင်တာဗျူးခဲ့တာတွေနဲ့ ဘာမှ သိပ် ကွဲကွဲပြားပြား ဖြစ်တာ မတွေ့ရပါဘူး။ စက်တင်ဘာလ ဆန္ဒပြမှုတွေကို အစိုးရက ကိုင်တွယ်ရာမှာ လိုအပ်တာထက် အင်အားသုံးခဲ့တယ်လို့ မစ္စတာပင်ညဲရိုးက အစီရင်ခံထားတော့ - စက်တင်ဘာ ဆန္ဒပြမှုမှာ ကိုယ်တိုင်လည်းပါဝင် ဆန္ဒပြ ကျောင်းသားတွေကိုလည်း ဦးဆောင်မှုပေးခဲ့တဲ့ ဗကသများအဖွဲ့ချုပ်က ပြောခွင့်ရသူ ကိုကျော်ကျော်ကို ရေ - စစ်အစိုးရဖက်က အကြမ်းဖက် ဖြိုခွင်းခဲ့တယ်ဆိုတဲ့ မျက်မြင်ကြုံသမျှကို ပြောပြပါဦး။-

“ကျနော်တို့ အလုံ ဓါတ်ဆီဆိုင်အနားမှာပေါ့၊ အနောက်ဖက်ကနေ စစ်တပ်က ပိတ်ဆို့လိုက်တယ်။ အရှေ့ဖက်ကလည်း ပိတ်ထားတယ်။ လမ်းတွေ သွားလို့ မရတော့ဘူး။ လမ်းက တစ်ဘလောက် (Block) စာလောက်ပဲ၊ ဘုန်းကြီးတွေနဲ့ ကျောင်းသားတွေ ရှိတဲ့အချိန် ပန်ချာပီကြီးတစ်ယောက်က သွားပြီးတော့ ညှိတယ်။ ကျနော်တို့ အေးချမ်းစွာ လူစုခွဲမယ်၊ လမ်းဖယ်ပေးပါဆိုတာ။ သူတို့က လမ်းဖယ်ပေးမယ်လို့ ပထမ ကတိပေးတယ်။ ဘုန်းကြီးတွေလည်း အလံတွေ ရုတ်၊ ကျောင်းသားတွေလည်း အလံကိုသိမ်းပြီးတော့ ပြန်တော့ဆိုတော့ ကျနော်တို့လည်း ဘုန်းကြီးတွေနဲ့အတူ စည်းကမ်းရှိရှိနဲ့ ထွက်မယ်လို့ လုပ်တဲ့အချိန် သူတို့က ခုနပေးထားတဲ့ ကတိကိုဖောက်ပြီး သေနတ်တွေနဲ့ စပစ်တာ။”

သတိပေးသေးလား ဒီမတိုင်ခင် -

“ သတိပေးတာက သူတို့ ပြောတဲ့စကားက ၁၀ မိနစ် အချိန်ပေးမယ်။ ၁၀ မိနစ်အတွင်း လူစုမခွဲရင် ပစ်မယ်လို့ ပြောတယ်။ အဲလို နှုတ်နဲ့ ကတိပေးပေမယ့် ၁၀ မိနစ်တောင် မစောင့်ဘဲ သူတို့ ပစ်တာ။ ပထမဆုံး ကျနော်တို့ မျက်စိနဲ့ မြင်တဲ့ အချိန်မှာ မိုးပေါ်ထောင်ပစ်တယ်။ မီးခိုးတွေ အကုန်လုံးက မိုးပေါ် သွားတယ်။ နောက်အချက်တွေကျတော့ လူအုပ်ကြားထဲကို လှမ်းပစ်တယ်။ အဲဒီမှာ ဘုန်းကြီးတွေ ပြိုလဲသွားတာတော့ တွေ့လိုက်တယ်။ နောက် ဘုန်းကြီးတွေ ဆီကို စွမ်းအားရှင်တွေက ပြေးပြီး တုတ်တွေနဲ့ ရိုက်တယ်။ ဒိုင်းတွေပါတဲ့ လုံထိန်းတွေကလည်း ပြေးတတ်လာပြီး ဒိုင်းတွေနဲ့ ရိုက်တယ်။ အဲဒီအချိန်မှာ ကျနော်တို့က အလုံ သစ်တောဝင်းထဲကို ပြေးတာပေါ့။ ကျနော်တို့နဲ့ပါတဲ့ သူငယ်ချင်းနှစ်ယောက်က အရိုက်ခံရပြီးတော့ လက်တွေဂုတ်တွေကို ဆွဲခံရပြီး ပါသွားတယ်။”

မစ္စတာပင်ညဲရိုးက ပြောတဲ့အထဲမှာ ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းမှာမပါတဲ့ ကြံ့ခိုင်ရေးလို အဖွဲ့ဝင်တွေ၊ စွမ်းအားရှင် အဖွဲ့ဝင်တွေ အမျိုးသမီးရေးရာ အဖွဲ့တွေ ကြက်ခြေနီတွေအပြင် ထောင်ထွက် ရာဇဝတ်သားတွေ ဆင်းရဲသား ဒေသခံ လူမိုက်တွေကိုလည်း ဒီ အကြမ်းဖက် မှုတွေမှာ အသုံးချခဲ့တယ်လို့ ထောက်ပြထားပါတယ်။ ဒီတော့ ကြံ့ခိုင်ရေးလို အဲဒီအရပ်သား ပုဂ္ဂိုလ်တွေအနေနဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာ ဘယ်လို လက်နက်မျိုးတွေ သုံးတာတွေ့ရသလဲ ကိုကျော်ကိုကို၊ ပြောပြပါဦး။ -

“ကြံ့ခိုင်ရေးတွေကို ပေးထားတာ နံပါတ်တုတ် အသေးစားလေး ရှိတယ်။ ကြိမ်တုတ်လိုမျိုး၊ အပေါ်က ရာဘာ အစွတ်နဲ့။ တစ်ချက်နှစ်ချက်လောက် ရိုက်မိရင် လူကိုတော့ အညိုအမဲစွဲသွားနိုင်တယ်။”

မစ္စတာပင်ညဲရိုးကတော့ အခုလို ဆန္ဒပြမှုကို လိုအပ်တာထက် အင်အားသုံး ကိုင်တွယ်တာ အရပ်သားလူမိုက်တွေကို အသုံးချတာဟာ လူကျင့်ဝတ်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ထုံးတမ်း ဥပဒေတွေ အခြေခံအချက်တွေနဲ့ လုံးလုံး မကိုက်ညီဘူးလို့ ဝေဖန်သွားပါတယ်။ ဒါ့ကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၆-၂၇ ဆန္ဒပြမှုတွေနဲ့ ဆက်နွယ်ပြီး ရန်ကုန်မှာ လူ ၃၀ ကျော် သေဆုံး ခဲ့ရတယ်လို့ မစ္စတာပင်ညဲရိုးက ပြောသွားပါတယ်။ မြန်မာစစ်အစိုးရကတော့ ပစ်ခတ်လို့ သေဆုံးတဲ့အရေအတွက် ၁၁ ဦးလို့ပဲ တရားဝင် ကြေညာ ထားတာပါ။

ဒီတော့ ကိုကျော်ကိုကို အနေနဲ့ရော မစ္စတာပင်ညဲရိုးရဲ့ အစီရင်ခံတဲ့ သေဆုံးတဲ့ အရေအတွက်က နီးစပ်မှုရှိတယ်လို့ ယူဆသလား။ -

“ကျနော်တို့လည်း ၃၀ ကျော် သေဆုံးမယ်လို့ ခန့်မှန်းပါတယ်။ ငွေကြာရံ ကျောင်းတိုက်မှာတုန်းက လာကြည့်တဲ့ ပရိသတ်ကိုလည်း သူတို့က ပစ်သတ်လို့ လူ ၃ ယောက် ပွဲချင်းပြီး ကွယ်လွန် သွားတယ်လို့လည်း ကြားရတယ်။ စက်တင်ဘာ ၂၇ ရက်နေ့ တာမွေ အထက ၃ ရှေ့ ကျောင်းလာကြိုတဲ့ မိဘတွေကလည်း ကျောင်းရှေ့မှာ စောင့်နေကြချိန်ပေါ့၊ သင်္ကန်းကျွန်းဖက်ကနေ ဆန္ဒပြ လူအုပ်ကြီးက ဆင်းလာတယ်။ အဲဒီမှာ စစ်ကားတွေက တာမွေ အဝိုင်းထိပ်ကနေ ကားတွေကို မီးထိုးပြီး မောင်းလာတယ်။ အရှိန်မလျှော့ဘဲ လူအုပ်ကြီးကို ကားနဲ့ဝင်တိုက်တယ်။ ဘေးက မိဘတွေ ပြေးကြတယ်။ ရေမြောင်းထဲ ဝင်ပုန်းတဲ့သူတွေလည်း ပုန်းကြတယ်။ အဲဒီမှာ ကားက မောင်းနေရင်းနဲ့ သေနတ်နဲ့ လှမ်းပစ်သွားတာ။ လူအုပ်ကြားထဲကို သေနတ်နဲ့ လှမ်းပစ်ချိန်မှာ ခွပ်ဒေါင်းအလံကိုင်တဲ့ ကျောင်းသားတွေလည်း သေဆုံးတယ်။ ပြီးတော့ ကလေးတစ်ယောက်က ကျောင်းထဲကနေ လှမ်းအော်လိုက်လို့ အဲဒီကျောင်းထဲကို သူတို့ လှမ်းပစ်လိုက်တာ အဲဒီကလေးလည်း သေဆုံးသွားတယ်။ အဲလိုပဲ နေရာအနှံ့မှာ စစ်တပ်က သေနတ်နဲပစ်လို့ သေဆုံးသူတွေရယ်၊ စွမ်းအားရှင်တွေက ရိုက်လို့ သေသွားတဲ့သူတွေလည်း ရှိတယ်။ သံဃာတွေလည်း ရှိတယ်။ ကျောင်းသားတွေလည်း ရှိတယ်၊ အကျဉ်းစခန်းထဲမှာလည်းပဲ သေဆုံးသူတွေ ရှိတယ်ဆိုတော့ စုစုပေါင်း ၃၀ ကျော်ရှိတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။”

မစ္စတာပင်ညဲရိုးအနေနဲ့ ရန်ကုန်မှာ ထိန်ပင် သုဿာန်ကို သွားရောက် စစ်ဆေးခွင့် ရပေမယ့်လို့ စက်တင်ဘာ အရေးအခင်းအတွင်းမှာ နံမည်ကြီးနေတဲ့ ရေဝေး သုဿာန်ကိုတော့ သွားရောက်ခွင့် မရဘူးလို့ ဆိုထားပါတယ်။ စက်တင်ဘာ ၂၇ နဲ့ ၃၀ အတွင်းမှာ ရေဝေး သုဿန်မှာ မနက်ပိုင်း ၄ နာရီကနေ ၈ နာရီ အထိ ပုံမှန်မဟုတ်ဘဲ အလောင်းတွေကို အိတ်တွေနဲ့ ထည့်ပြီး မီးရှို့တာမျိုးတွေ ရှိတဲ့အကြောင်း ခိုင်လုံစိတ်ချရတဲ့သတင်းအရ ဆိုပြီး မစ္စတာ ပင်ညဲရိုးက သူ့အစီရင်ခံစာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

ဒီကိစ္စက ရန်ကုန်မှာတော့ လူပြောသူပြော များပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ မှန်နိုင်တယ်လို့ ယူဆလို့ရမလဲ ကိုကျော်ကိုကို ခင်ဗျ။ -

“အဲဒီသတင်းကို သူ သိရှိသွားတယ်ဆိုတော့ မစ္စတာပင်ညဲရိုးကို အရမ်း ချီးမွှန်းဖို့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီလို မြန်မာနိုင်ငံမှာဖြစ်တဲ့ လျို့ဝှက်တဲ့ ကိစ္စတွေကို သိရှိအောင် စုံစမ်းနိုင်တဲ့ အတွက် မစ္စတာပင်ညဲရိုး တော်တယ်လို့ လည်း ကျနော်တို့ ယူဆပါတယ်။ ကျနော်တို့လည်း ကြားထားတာ တစ်ခုရှိတယ်။ အမျိုးသမီးတစ်ယောက်က အဲဒီ မြင်ကွင်းကို မြင်လို့ ရူးသွပ်သွားတယ်လို့တောင် ကျနော်တို့ ကြားထားတယ်။ ကြည့်မြင်တိုင်မြို့နယ်ထဲမှာနေတဲ့ အမျိုးသမီးလို့ ကျနော်တို့ သိရတယ်။ သူ့ကို မသေမရှင ်ဖြစ်နေတဲ့ လူတွေနဲ့ ခေါ်သွားတဲ့အချိန်မှာ စေတနာကောင်းတဲ့ စစ်သားတစ်ယောက်က သူ့ကို ဂူတွေကြားထဲမှာ ဖွက်ထားပေးခဲ့တယ်လို့ သိရတယ်။ မသေမရှင် ဖြစ်နေတဲ့ သူတွေကိုလည်း (မီး) ရှို့မယ် သေနေတဲ့သူတွေကိုလည်း ရှို့မယ်လို့ စစ်ဗိုလ် တစ်ယောက်က အမိန့်ပေးနေတာ သူကြားရတယ်ပြောတယ်။ သူက ဒါကို ချောင်းကြည့်ရာကနေ မြင်ကွင်းကိုမြင်တဲ့အခါ စိတ်မထိမ်းနိုင်လို့ ရူးသွပ် သွားတယ်လို့ ကျနော်တိ့ုသိရတယ်။”

ဒါ့အပြင် ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူတွေ ရှောင်တိမ်းနေတဲ့နေရာမှာ ဘာမှ မဆိုင်တဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ အကူအညီပေးသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး ဓါးစာခံသဘော လုပ်တာမျိုးတွေလည်း ရှိတယ်လို့ မစ္စတာပင်ညဲရိုးက ရေးသားခဲ့ပါတယ်။ ကိုကျော်ကိုကို တို့လည်း အခု လက်ရှိ အထိ ရှောင်တိမ်းနေရတော့ ဒီအဖြစ်အပျက်မျိုး ကြုံရသလား။ -

“ကျနော်တို့ကို တခါ ဖမ်းဆီးဖို့ သူတို့ ကြိုးစားတုန်းက ကျနော်တို့ လွတ်မြောက် ထွက်ပြေးခဲ့ရတယ်။ အဲဒီအချိန် ကျနော်တို့ တည်းတဲ့အိမ်က မိသားစုတွေကို လည်း ရက်သတ္တပတ်ပေါင်းများစွာ သူတို့ ဖမ်းဆီးထားခဲ့တယ်။ အပြစ်မရှိတဲ့ သူတွေကို နှိပ်စက်ဒုက္ခပေးတယ်။ ကျနော်တို့နဲ့ပတ်သက်တဲ့ အမျိုးသမီးကြီးကို လည်း မျက်စိမှာ အညိုအမဲ စွဲအောင် ထိုးကျိတ်ပြီးတော့ နှိပ်စက်တယ်ဆိုတာ သိတော့ - ဒီအချက်ဟာ အထောက်အထား အပြည့်အစုံနဲ့ မှန်တယ်လို့ ပြောလို့ရပါတယ်။”

မစ္စတာပင်ညဲရိုး အစီရင်ခံရေးထားတဲ့အထဲမှာ လက်ရှိအထိ အနည်းဆုံး လူပေါင်း ၇၄ ဦးပျောက်ဆုံးနေတယ်လို့ ဆိုထားပါတယ်။ ကိုကျော်ကိုကို တို့ရော ဘယ်လောက် သိထားသလဲ။ -

“ပျောက်ဆုံးနေတဲ့သူ ကျနော် သိထားတာက သံဃာတော်ထဲက တစ်ပါးဖြစ်တဲ့ ငွေကြာရံ ကျောင်းတိုက်က အရှင်ဝိလာသက္ကဆိုရင် ဒီနေ့ ဒီအချိန်အထိ ဘယ်နေရာမှာ ရှိလဲဆိုတာ သူ့ရဲ့ သီတင်းသုံးဖော် ရဟန်းတွေလည်း မသိဘူး။ ဒကာ ဒကာမတွေလည်း မသိကြဘူး။ လူတွေထဲမှာဆိုရင် ပျောက်ဆုံးနေသူတွေ အများကြီး ရှိတယ်။ ကိုယ့်ပတ်ဝန်းကျင်က ပြောတဲ့အရတော့။ အတော်များများ ပျောက်ဆုံးနေတာတွေ အခု လက်ရှိအထိ ရှိပါသေးတယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာလ ဆန္ဒပြမှုတွေကို အကြမ်းဖက်ကိုင်တွယ်ခဲ့တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်တာဝန်ရှိသူတွေကိုလည်း မစ္စတာပင်ညဲရိုး အစီရင်ခံစာမှာ မှတ်တမ်း ပြုထားတာ တွေ့ရပါတယ်။ ဒါတွေကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ကြီးကြပ်တဲ့ နံပါတ် (၅) အထူး စစ်ဆင်ရေးဗျုရို၊ ဗိုလ်ချုပ် လှဌေးဝင်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ဗိုလ်မှုးချုပ် မြင့်စိုး၊ ဗိုလ်မှူးကြီး တင်ထွန်း၊ ဗိုလ်မှူးကြီး လှအေးတို့ ကြီးကြပ်တဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ် လှမင်း၊ ဗိုလ်မှူးကြီး မြတ်သူ၊ ဗိုလ်မှူးကြီး ထိန်လင်း ဒုတိယ ဗိုလ်မှူးကြီး ထွန်းလှအောင်တို့ ဦးစီးတဲ့ အမှတ် (၁၁) ခြေမြန်တပ်မ၊ ဗိုလ်မှူးကြီး မောင်မောင်အေး၊ ဗိုလ်မှူးကြီး ထွေးလှ၊ ဗိုလ်မှူးကြီး ဟန်ညွန့် ဦးဆောင်တဲ့ အမှတ် (၆၆) ခြေမြန်တပ်မ ဒုတိယ ဗိုလ်မှူးကြီး ဝင်းမြင့်၊ ဒုတိယ ဗိုလ်မှူးကြီး မြဝင်းတို့ ကြီးကြပ်တဲ့ အမှတ် (၇၇) ခြေမြန်တပ်မ ဆိုပြီးတော့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီ စစ်ဖက်တာဝန် ရှိသူတွေနဲ့ တွေ့ခွင့်ရဖို့ မစ္စတာ ပင်ညဲရိုးက တောင်းဆိုခဲ့ပေမယ့် တွေခွင့်မရခဲ့ဘူးလို့လည်း ပြောထားပါတယ်။ သူ့ရဲ့ အစီရင်ခံစာ ခြုံငုံသုံးသပ်ချက်မှာတော့ ပြီးခဲ့တဲ့ ကုလသမဂ္ဂ ရန်ကုန်က သုံးသပ်ချက်မျိုးပါပဲ၊ မြန်မာနိုင်ငံတွင်းက စီးပွားရေးနဲ့ လူမှုရေး အကြပ်အတည်း အားနည်းမှုတွေကြောင့် ဒီလို ဆန္ဒပြမှုတွေပေါ်လာတာလို့ ဆိုထားပါတယ်။ ဒါအပြင် ပြီးခဲ့တဲ့ လူအခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံ ဆုံးဖြတ်ချက် တွေကိုလည်း မြန်မာစစ်အစိုးရဖက်က လိုက်လျောဆောင်ရွက်တာ သိသိသာသာ ဘာမှ မတွေ့ရဘူးလို့ မစ္စတာပင်ညဲရိုးက ထောက်ပြခဲ့ပါတယ်။

ဒီ အစီရင်ခံ သုံးသပ်ချက်တွေနဲ့ပတ်သက်လို့ရော ကိုကျော်ကိုကို တို့က ဒီဆန္ဒပြမှုမှာ ကိုယ်တိုင်လည်း ပါဝင်ဦးဆောင်ခဲ့သူဆိုတော့ ဒါကို သဘောတူ လက်ခံပါသလားခင်ဗျ။ -

“မစ္စတာ ပင်ညဲရိုးရဲ့ အစီရင်ခံစာက ယုံကြည်ဖွယ်ရာ ကောင်းလောက်အောင် ပြည့်စုံတယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်ရင် ကမ္ဘာ့ ကုလသမဂ္ဂမှာ အဓိကထားပြီး ဖြေရှင်းရမယ့် ကိစ္စတစ်ခု၊ ပြဿနာ တစ်ခု ဖြစ်လာမယ်လို့ ကျနော်တို့ မျှော်လင့်ထားတယ်။ အဲဒီ ပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်ပြီဆိုရင် ကျနော်တို့ မြန်မာပြည်သူတွေ သမိုင်းတလျှောက်လုံး ဆုံးရှုံး နစ်နာနေတဲ့ လူ့အခွင့်အရေးတွေကို အနှေးနဲ့အမြန် အတိုင်းအတာတစ်ခုအထိ ပြန်လည် ရရှိနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။”

ဗကသများအဖွဲချုပ် ပြောခွင့်ရသူ ကျော်ကိုကို ဖြစ်ပါတယ်။ မစ္စတာ ပင်ညဲရိုးကတော့ အခုလာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ကျရင် ဒီအစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ကိုယ်တိုင် တင်ပြအစီရင်ခံဖို့ရှိပြီး အဲဒီနေ့မှာပဲ သတင်းစာရှင်းလင်းပွဲတစ်ရပ်လုပ်ဖို့ စီစဉ်ထားတာကြောင့် အခု အစီရင်ခံစာနဲ့ပတ်သက်လို့ အဲဒီကျမှပဲ အကျယ့်တဝင့် သူ ပြောနိုင်မယ်လို့ ဗီအိုအေကို ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG