သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှု ထိရောက်မှုအနည်းငယ်သာရှိဟု IMF ပြော


မြန်မာနိုင်ငံမှာ စက်တင်ဘာလကဖြစ်ခဲ့တဲ့ ရဟန်းသံဃာတော်တွေနဲ့ လူထုရဲ့ ငြိမ်းချမ်းစွာ မေတ္တာပို့ စီတန်းလမ်းလျှောက်ပွဲတွေကို အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းခဲ့ပြီးတဲ့နောက် အနောက် နိုင်ငံတွေက မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုအရေးယူမှုတွေဟာ စီးပွားရေးပေါ်မှာ တိုက်ရိုက်သက်ရောက်မှု အနည်းငယ်ပဲရှိမယ်လို့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) က ပြောလိုက်ပါတယ်။ အကြောင်းစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

IMF ရဲ့ အမြင်အရတော့ မြန်မာနိုင်ငံပေါ် ကန့်သတ်ချက်တွေက နဂိုထဲကလည်း ရှိထားပြီးသားဖြစ်၊ နောက်ထပ်ချမှတ်လိုက်တဲ့ အရေးယူမှုအသစ်တွေကလည်း ကုန်သွယ်ရေးရဲ့ အစိတ်အပိုင်း အနည်း ငယ်ကိုပဲ ကာမိတာကြောင့် စီးပွားရေးတခုလုံးအပေါ် သက်ရောက်မှု အကန့်အသတ်ရှိတယ်လို့ ဆိုတာပါ။ ဒါကို IMF ရဲ့ အစီရင်ခံစာအသစ်ထဲမှာ ဖော်ပြထားတယ်လို့ ဘန်ကောက်ကလာတဲ့ Reuters သတင်းမှာ ရေးထားပါတယ်။

စက်တင်ဘာလမှာ အကြမ်းဖက်နှိမ်နင်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ကြဖို့ နိုင်ငံခြားကုမ္ပဏီတွေကို ဖိအားပေးမှုတွေ အသစ်တခါ တိုးလာခဲ့ပါတယ်။ ဒါပေမယ့် တကယ်ကျတော့ အနောက်ရေနံကုမ္ပဏီကြီးဖြစ်တဲ့ ပြင်သစ်ပိုင် TOTAL လို ကုမ္ပဏီမျိုးတောင် မြန်မာပြည်မှာ ဆက်လုပ်နေဆဲပါ။

ဒါ့အပြင် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယလိုနိုင်ငံတွေကလည်း မြန်မာ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ဘယ်လောက်ပဲရရယူဖို့ အသည်းအသန် ပြိုင်ဆိုင်နေကြတာဖြစ်လေတော့ အနောက်က ဒဏ်ခတ်အရေးယူမှုဆိုတာ မြန်မာစစ်အစိုးရအတွက် ဂရုစိုက်စရာ မလိုသလို ဖြစ်နေပါတယ်။

ဒါပေမယ့် မကြာသေးခင်က သတင်းစာရှင်းလင်းပွဲမှာတော့ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက အမေရိကန်၊ အီးယူနဲ့ သြစတြေးလျတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကြောင့် ပြည်သူလူထုမှာ ထိခိုက်နစ်နာရပါတယ်လို့ အထူးတလည်ကို ထည့်ပြောသွားခဲ့ပါတယ်။ ဒါကိုကြည့်ရင်တော့ IMF က သုံးသပ်သလို အနည်းအကျဉ်းပဲ ထိခိုက်တယ်ဆိုတာထက်တော့ ပိုပုံရပါတယ်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုနဲ့ပတ်သက်ပြီး ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးကျောြ်မင့်ကတော့ အရေးယူတာဟာ အုပ်ချုပ်သူတွေနဲ့ သူတို့နဲ့ဆက်စပ်သူတွေကိုသာ ထိခိုက်ပြီး သာမန်လူလတ်တန်းစားတွေ၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေအတွက်ကတော့ ဘာမှ ထူးထူးခြားခြား သက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။

“တော်တော်ကြီးကို အဆက်အစပ်က ဝေးလွန်းပါတယ်။ Sanction လုပ်တာက သူတို့အပေါ်မှာပဲ ထိခိုက်ပါတယ်။ ကျနော်တို့ကတော့ သူတို့ပြောတဲ့စကားလုံးနဲ့ ပြန်ပြောရရင် အရင်ကတည်းကလည်း ကိုယ့်ထမင်းကိုယ်ရှာစားနေကြတဲ့ လူတွေပဲ။ စီးပွားရေးလုပ်ငန်း မကောင်းဘူးဆိုရင်လည်း ကိုယ့်အတတ်ပညာလေးနဲ့ကိုယ် ကောင်းအောင်၊ မပြိုပျက်သွားအောင် ထိန်းသိမ်းနိုင်တဲ့အရည် အချင်း အားလုံးမှာရှိကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တိုင်းက။ သူတို့နဲ့ ပတ်သက်တဲ့လူမှန်သမျှ သာလျှင် အဲဒီ Sanction ပေါ်မှာ ခံစားရမှာပါ”

တရားဝင်ကိန်းဂဏန်းတွေအရတော့ မြန်မာ့စီးပွားရေးဟာ ပြီးခဲ့ဲတဲ့နှစ်မှာ ၁၂.၇ ရာခိုင်နှုန်း တိုးတက် တယ်ဆိုပေမယ့် IMF ကတော့ ဒီကိန်းဂဏန်းဟာ ဖြစ်နိုင်ဖွယ်မရှိပါဘူးတဲ့။ IMF ခန့်မှန်းတာက ၇ ရာခိုင်နှုန်းပါပဲ။ ဒါတောင်မှ ဒါဟာ သဘာဝဓာတ်ငွေ့တင်ပို့တာ၊ စိုက်ပျိုးရေးထွက်ကုန်တိုးလာတာနဲ့ နေပြည်တော်လိုနေရာမျိုးမှာ ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းတွေကြောင့်ပါတဲ့။

လူထုရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာဖို့ရာ သီးခြားရွေးချယ်ထားတဲ့ နယ်ပယ်တွေမှာ အစိုးရက မျှဝေကျခံဖို့နဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ထိထိရောက်ရောက်လုပ်ဖို့ IMF က တိုက်တွန်းထား ပါတယ်။

အဲဒီလိုလုပ်ရမယ့် အပြောင်းအလဲတွေထဲမှာ လယ်ယာထွက်ကုန်ပစ္စည်းတွေနဲ့ သယ်ယူပို့ဆောင် တာတွေကို လွတ်လပ်ခွင့်ပေးဖို့ ပါဝင်ပါတယ်။ ဒီလယ်ယာထွက်ကုန်ဟာ တမျိုးသားလုံးထုတ်ကုန် တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါ့အပြင် မတည်မငြိမ်ရှိနေတဲ့ ငွေကြေးလဲလှယ်မှုနှုန်းထားကို ညီညွတ်မျှတအောင်လုပ်ဖို့လည်း IMF က တိုက်တွန်းထားပါတယ်။

ဒီအကြံဉာဏ်တွေကို စစ်ဗိုလ်ချုပ်တွေ ဘယ်လောက်နားထောင်မယ် ဆိုတာကတော့ ရှင်းရှင်း လင်းလင်းမရှိပါဘူး။ အစိုးရတာဝန်ရှိသူတွေဟာ ယေဘုယျအားဖြင့် သူတို့နဲ့ သဘောထားကိုက်ညီ ပါတယ်လို့ IMF ကဆိုပေမယ့် အထက်အဆင့်ဆင့်ကို ဆွဲဆောင်စည်းရုံးဖို့လိုအပ်ကြောင်း ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG