သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းဒေသ မငြိမ်မသက်ဖြစ်အောင် အီရန်ကြိုးစားနေဆဲ


နောက်ဆုံး အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာအရ အီရန်က နျူကလီးယားလက်နက် ထုတ်လုပ်ရေး အစီအစဉ် ရပ်ဆိုင်းထားတယ်လို့ ဆိုပေမယ့် အရှေ့အလယ်ပိုင်းဒေသမှာ မတည်ငြိမ်မှုတွေ ပရမ်းပတာ အခြေအနေတွေ ဖြစ်အောင် လှုံ့ဆော်ဖို့ အီရန်နိုင်ငံက ကြိုးပမ်းနေတယ်လို့ သူ့အနေနဲ့ ယုံကြည်လျက်ရှိတုန်းပဲလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ် က ပြောပါတယ်။ ဒီအကြောင်း ဗီအိုအေ အရှေ့အလယ်ပိုင်း သတင်းထောက် Challiss McDonough က ဘေရု ကနေ ရေးသား ပေးပိုထားတာကို ဦးသားညွှန့်ဦးက တင်ပြထားပါတယ်။

ပင်လယ်ကွေ့နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဘာရိန်းမှာ ကျင်းပပြုလုပ်တဲ့ အရှေ့ အလယ်ပိုင်းဒေသ လုံခြုံရေးညီလာခံမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ် တတ်ရောက်နေပြီး အခုလို ပြောသွားတာပါ။ အီရန်နိုင်ငံဟာ အမေရိကန် အကျိုးစီးပွားကိုရော အရှေ့အလယ်ပိုင်းမှာရှိတဲ့ နိုင်ငံအားလုံးရဲ့ အကျိုးစီးပွားကိုပါ ခြိမ်းခြောက်မှုတစ်ရပ်အနေနဲ့ ရှိနေတယ်လို့ သူက ပြောသွားပါတယ်။

ကျနော်တို့ နိုင်ငံတွေကြားမှာ မတူကွဲပြားတဲ့ အမြင်သဘောထားတွေ သမိုင်းနောက်ခံတွေ ရှိကြပေမယ့်လို့ လက်ရှိ အီရန်အရေး ကိစ္စနဲ့ပတ်သက်လို့ကတော့ အလွန်အမင်း စိုးရိမ်မှုတွေကတော့ အတူတူ ရှိနေကြပါတယ်။ ကျနော်တို့အနေနဲ့ ရွေးလမ်းတွေအားလုံးကို ဖွင့်ထားရပါမယ်။ စစ်သွေးကြွခေါင်းဆောင်တွေ စိတ်ကူးပေါက်ရာလုပ်နေတဲ့ နျူကလီးယား လက်နက်အစီအစဉ် ပြန်မစနိုင်အောင် ကာကွယ်ဖို့လုပ်ရပါမယ်။ ဒီအတွက် အီရန်မှာ ယူရေနီယံသန့်စင်ရေး လုပ်ငန်းတွေရပ်သွားဖို့ နျူကလီးယား လက်နက် မထုတ်နိုင်အောင် စိတ်ချရတဲ့အစီအစဉ်တွေမှာ သူတို့ သဘောတူလာဖို့ အမေရိကန်ပြည်ထောင်စုရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ စီးပွားရေး ဘဏ္ဍာရေး သံတမန်ရေးအရ ဖိအားပေးတွေ ဆက်ပေးသွားရမှာပါ။”

အီရန်နိုင်ငံဟာ နိုင်ငံခြားရေး မူဝါဒတွေကို လှုပ်ခတ်နေအောင်လုပ်နေတယ်၊ အရှေ့အလယ်ပိုင်းဒေသမှာ မတည်မငြိမ် ပရမ်းပတာဖြစ်အောင် ကြိုးစားနေတယ်လို့ သူ ယုံကြည်ထားတုန်းပဲလို့လည်း မစ္စတာ ဂိတ်က ပြောပါတယ်။ မကြာခင်က ထုတ်ပြန်တဲ့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတစ်ခုမှာတော့ အီရန်ဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းတဲ့ အစီအစဉ်ကို လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ရပ်ဆိုင်းထားတယ်လို့ ဆိုထားပါတယ်။

အခုအပတ် အစောပိုင်းကတော့ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ အီရန်သမ္မတ မာမွတ် အမာဒီနဂျပ် က ပြောရာမှာ ဒီ အမေရိကန်အစီရင်ခံစာဟာ အင်အားကြီး နိုင်ငံတွေကို အံတုနေတဲ့ အီရန်အတွက် အောင်ပွဲတစ်ရပ်ပဲလို့ ပြောပါတယ်။ အီရန်အနေနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ နျူကလီးယားစွမ်းအင် အသုံးပြုဖို့ဆိုတဲ့ ကြိုးပမ်းချက်ကိုတော့ ခြေတစ်လှမ်းမှ နောက်ဆုတ်သွားမှာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

၂၀၀၃ ခုနှစ်အထိ အီရန်ဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ဒီအစီရင်ခံစာ ရေးသားမှုကိုတော့ စနေနေ့က အီရန်မြိုတော် တီဟီရန်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးကနေ ငြင်းပယ် သွားပါတယ်။

ဒါပေမယ့် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ် ကတော့ အီရန်အနေနဲ့ အမေရိကန်ရဲ့ အခြားလေ့လာ စမ်းစစ်ချက်တွေကိုတော့ လက်ခံရလိမ့်မယ်လို့ စိန်ခေါ်ပြောလိုက်ပါတယ်။ ဒါတွေထဲမှာတော့ အီရန်အနေနဲ့ အီရတ်က စစ်သွေးကြွအုပ်စုတွေကို ငွေကြေးထောက်ပံ့ သင်တန်းပေးတဲ့ကိစ္စ အီရန်နဲ့ အာဖဂန်နစ္စတန်ကို လက်နက်တွေ တင်ပို့တဲ့ကိစ္စ ဟားမတ်နဲ့ ဟစ်စဘိုလာ တို့လို အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့ကူညီတယ်ဆိုပြီး အမေရိကန်တွေဖက်က ယုံကြည်ထားတဲ့ကိစ္စတွေပါ။

“တကယ်ကတော့ ဒီ အမျိုးသား ထောက်လှမ်းရေး ခန့်မှန်းချက် အစီရင်ခံစာကို ကြိုက်တဲ့အပိုင်းယူပြီးတော့ လိုသလို ဆွဲပြောတာမျိုး လုပ်လို့မရပါဘူး။” - လို့ ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ် က ပြောသွားပါတယ်။

ဒီထောက်လှမ်းရေး အစီရင်ခံစာသစ်ဟာ အီရန်အနေနဲ့ သူရဲ့ ယူရေနီယံ သန့်စင်ရေး အစီအစဉ်တွေကို စွန့်လွှတ်စေဖို့ အီရန်အပေါ် နိုင်ငံတကာကနေ ပိုပြီး အရေးယူ ဒဏ်ခတ်မှုတွေ လုပ်ရမယ်ဆိုတာကို တွန်းအားပေး ထောက်ပြတာဖြစ်တယ်လို့ မစ္စတာ ဂိတ်က လက်ခံထားတာပါ။

မစ္စတာ ဂိတ် အခုတတ်ရောက်နေတဲ့ ဘာရိန်း ညီလာခံကို အီရန် နိုင်ငံခြားရေးဝန်ကြီးကလည်း နဂိုက တက်ရောက်ဖို့ အစီအစဉ်လုပ်ထားပါတယ်။ ဒါပေမယ့် နောက်ဆုံးအချိန်ကျမှ ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ အီရန် ကိုယ်စားလှယ်အဖွဲ့ တတ်ရောက်မယ့်အစီအစဉ် ဖျက်သိမ်းခဲ့ကြပါတယ်။

အခု ဒီ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာကို ပြင်ဆင်ရာမှာ သူလျှိုလုပ်ငန်းတွေ အသုံးပြုလို့ဆိုပြီး သံတမန်လမ်းကြောင်းအရ တရားဝင် ကန့်ကွက်ထားတယ်လို့လည်း အီရန်က ပြောပါတယ်။ အခု ဒီ ထောက်လှမ်းရေး အစီရင်ခံစာသစ်အတွက် သူတို့ သတင်း အရင်းအမြစ်အသစ်တစ်ခုကနေ အစဖော် ရခဲ့တာလို့တော့ သမ္မတ ဘုရ်ှ က ပြောပါတယ်။ အသေးစိတ်ကိုတော့ သူ မပြောပါဘူး။ အမေရိကန် သတင်းတွေမှာတော့ ဒီအစီရင်ခံစာအတွက် သတင်းစုဆောင်းရာမှာ အီရန်စစ်တပ်က တပ်မှူးတွေအကြား ဆက်သွယ် ပြောဆိုတာတွေကို
လျှို့ဝှက် ကြားဖြတ်နားထောင်တာလည်း ပါဝင်တယ်လို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG