သုံးရလွယ်ကူစေသည့် Link များ

လူ့အခွင့်အရေးချိုးဖောက်မှုအများစုကို အာဏာပိုင်တွေက ကျုးလွန်နေတာဖြစ်တဲ့အကြောင်း HRDP ပြောဆို


မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအများစုကို အာဏာပိုင်တွေက ကျုးလွန်နေတာဖြစ်တဲ့ အကြောင်း HRDPလူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ယက်က ပြောဆိုလိုက်ပါတယ်။ မနက်ဖြန် ကျရောက်မယ့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားအတွက် ပြင်ဆင်နေချိန်မှာ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ပညာပေး စည်းရုံးမှုတွေ လုပ်ဘို့အရေးကြီးတဲ့အကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အသေးစိတ်ကို ဦးသိန်းထိုက်ဦးက တင်ပြပေးပါတယ်။

လူသားတွေရဲ့အခြေခံလူ့အခွင့်အရေး ရပိုင်ခွင့်တွေကို နိုင်ငံတကာ အတိုင်းအတာနဲ့ အသိအမှတ်ပြု ချမှတ်ခဲ့တာ နှစ်ပေါင်း ငါးဆယ့်ကိုးနှစ် ရှိခဲ့ပါပြီ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ခုနှစ်မှာ ကုလသမဂ္ဂက အတည်ပြုချမှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး အတွက် ရုန်းကန်နေရဆဲ နိုင်ငံတွေထဲက တခုအဖြစ် ရှိနေပါသေးတယ်။

HRDP လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်က ဦးမြင့်အေးကတော လူ့အခွင့်အရေး ချိုးဖေါက် မှုတွေအကြောင်းတွေကိုပဲ ထိုင်ပြောမနေဘဲ အချိုးဖေါက်မခံရအောင် ဘယ်လိုပြုပြင်မလဲဆိုတဲ့ အချက် အပေါ်မှာ မူတည် စဉ်းစားသင့်တယ်လို့ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ပညာပေးစည်းရုံးမှု တွေ လုပ်ဘို့အရေးကြီးတဲ့အကြောင်း အခုလို ပြောဆိုပါတယ်။

“အဓိကကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖေါက်တာက အာဏာလက်ရှိလူတန်းစားက ချိုးဖေါက်တာ များတာကိုး။ ဒါမျိုးတွေ အများကြီးတွေ့ရတယ်။ ရဲဆိုရင်လည်း ရဲလုပ်ပိုင်ခွင့်ကို ကျော်ပြီး လုပ်တာတွေ၊ ရ၀တ တွေ ချိုးဖေါက်တဲ့အမှုတွေ ဒါမျိုးတွေတွေ့နေရတယ်။ တစ်အချက်က လူ့အခွင့်အရေး ချိုးဖေါက်တာတွေကို ပပျောက်စေချင်တယ်ဆိုရင် ဒီလူတွေကို ပထမအဆင့်အနေနဲ့ သူတို့ကိုယ်တိုင်က လူ့အခွင့်အရေးတွေကို နားလည်အောင် ပြောပြပေးရမယ်၊ ခက်တော့ ခက်ပါတယ်။ အာဏာဆိုတာကတော့ သိတဲ့အတိုင်းပဲ၊ သူတို့ကို လူ့အခွင့်အရေးကို နားလည်အောင် ပြောပြပေးရမယ်။ နောက် ပြည်သူလူထုအပိုင်း ကတော့ လူထုကလည်း လူ့အခွင့်အရေးကိုနားလည်ဘို့လိုတယ်။ ကာကွယ်နိုင်ရမယ်။ ငါတို့အခွင့်အရေး ဆိုတာ ကို ရှင်းရှင်းလင်းလင်း မြင်တတ် ဖို့လိုတယ်။ နောက်တခါ သူကိုယ်တိုင်ကလည်း သူတပါးရဲ့ အခွင့်အရေးကို မချိုးဖေါက်ဖို့ လိုတယ်လေ။ မြန်မာပြည်မှာ အရေးကြီးဆုံးက နံပတ်တစ် လူ့အခွင့်အရေး အသိတရား အရင်ပြန့်နှံ့ဖို့ အရေးကြီးတယ်လို ကျနော်မြင်တယ်။”

မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး အတွက် ပညာပေး လူံ့ဆော်သူတွေ ရန်လို တိုက်ခိုက်ခံနေရတဲ့ နေရာတခု အဖြစ် သတ်မှတ်ခံထားရပါတယ်။ လူ့အခွင့်အရေး အကြောင်းကို ပြောဆိုသူတွေကို အာဏာပိုင်တွေဘက်က ရန်ညိုးဖွဲ့ တိုက်ခိုက်တဲ့ သတင်းတွေလည်း မကြာခဏထွက်ပေါ်လေ့ရှိပါတယ်၊ မကြာသေးခင် လပိုင်းတွေ အတွင်း သံဃာထုနဲ့ လူထုရဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နှင်းခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကို နိုင်ငံတကာ မိသားစုက ပိုပြီး အာရုံစူးစိုက်လာခဲ့ကြပါတယ်။

အာဏာပိုင်တွေရဲ့ အကြမ်းဖက်မှုနဲ့ ရက်စက်မှုတွေကြားမှာ လူ့အခွင့်အရေးအတွက် ရုန်းကန်တိုက်ပွဲဟာ ရှုံးနှိမ့်တဲ့ လှုပ်ရှားမှုတခု ဖြစ်မသွားနိုင်ဘူးလား။ ဦးမြင့်အေးကတော့ ဒီလို ပညာပေး စည်းရုံးမှုတွေဟာ အချည်းနှီးဖြစ်မယ်လို့ မမျှော်လင့်ပါဘူး။ တချိန်ကြရင် အာဏာပိုင်တွေကိုယ်တိုင် လူ့အခွင့်အရေးဆိုတာကို နားလည်လာတဲ့ နိုင်ငံတခုဖြစ်မယ်လို့ ယုံကြည်တဲ့အကြောင်းပြောပါတယ်။

“လူ့အခွင့်အရေး ရှုဒေါင့်က ကြည့်တဲ့အတွက် ကျနော်တို့မှာ ဘက်ဆိုတာ မရှိဘူး။ တချိန်မှာ အဲဒီလူတွေကိုယ်တိုင် အခွင့်အရေးချိုးဖေါက်ခံရတာမျိုးတွေ ကြုံလာရ နိုင်တယ်။ အဲဒီအခါမျိုးမှာ သူတို့ကို ပေးတဲ့ အသိတရားက အသုံးကြ လာလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။”

ဒုတိယကမ္ဘာစစ်အပြီး လူသားတွေရဲ့မွေးရာပါ အခွင့်အရေးတွေကို အသိအမှတ်ပြုတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ကုလသမဂ္ဂက ချမှတ်ခဲ့ပါတယ်။ ဒီ သမိုင်းဝင် ကြေညာချက်ထွက်ပေါ် ခဲ့တာ ၅၉ နှစ်ရှိပေမယ့် နိုင်ငံအတော်များများမှာ လူ့အခွင့်အရေးအတွက် စည်းရုံးလှုပ်ရှားသူ ပညာပေး စည်းရုံးသူတွေ ဖမ်းဆီးနှိပ်စက်ခံနေရဆဲဖြစ်ပါတယ်၊ လူမျိုးစုအခွင့်အရေး၊ ဘာသာရေး အခွင့်အရေး နဲ့ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုတွေအတွက် ရုန်းကန် တိုက်ပွဲဝင်နေကြရဆဲ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ လူ့အခွင့်အရေးနေ့ ကြေညာချက်မှတော့ မြန်မာ၊ ဇင်ဘာဘွေ။ မြောက်ကိုရီးယား၊ တရုပ်။ အူဘက်ခစ္စတန်၊ အီရန် စတဲ့နိုင်ငံတွေမှာ လူ့အခွင့်အရေး ကာကွယ်သူတွေ ဖမ်းဆီး ထိမ်းသိမ်းခံနေရတာတွေကို စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ဖေါ်ပြလေ့ရှိပါတယ်။ တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာအတွက် ရုန်းကန် တိုက်ပွဲဝင်သူတွေ ကာကွယ်သူတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်လက်ထောက်ခံသွားမယ်လို့လည်း ဖေါ်ပြလေ့ရှိပါတယ်။

မနက်ဖြန် လူ့အခွင့်အရေးနေ့မှာတော့ သမ္မတကတော် လော်ရာဘွတ်ရှ်က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဗွီဒီယို ကတဆင့် ဆွေးနွေးစကားပြောဆိုဘို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG