သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်တင်ဘာလလှုပ်ရှားမှုတွင်း သံဃာများကိုထောက်ပံ့မှုဖြင့် အနုပညာရှင်အချို့ လုပ်ငန်းများ ပိတ်ပင်ခံရ


စက်တင်ဘာလအတွင်းက သံဃာတော်တွေ လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်တယ် ဆိုပြီး သူတို့ရဲ့ အနုပညာလုပ်ရပ် လုပ်ငန်းတွေ လုပ်ပိုင်ခွင့် အစိုးရက ပိတ်လိုက်တဲ့သတင်းနဲ့ပတ်သက်လို့ မြန်မာသတင်းသမဂ္ဂ ဦးမောင်မောင်မြင့်ကို ဆက်သွယ်မေးမြန်းပြီး ဦးဝင်းအောင်က တင်ပြထားပါတယ်။

ဦးမောင်မောင်မြင့်ခင်ဗျား။ စက်တင်ဘာ လူထုလှုပ်ရှားမှုမှာ ပါဝင်ပတ်သက်တဲ့ အနုပညာရှင်တချို့ရဲ့ လုပ်ငန်းတွေ အပိတ်ခံရတယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလောက် ရှင်းပြပါလားခင်ဗျား။ -

“ဟုတ်ကဲ့။ ဒီ စောစောပိုင်းတုန်းကပေါ့နော်။ စက်တင်ဘာ လူထုလှုပ်ရှားမှု ပြီးခါစ ကာလတုန်းက လူထုလှုပ်ရှားမှုမှာ ပါခဲ့တယ်လို့ သူတို့စွပ်စွဲပြီးတော့၊ ဒါမှမဟုတ်လို့ရှိရင်လည်း ဒီ လူထုလှုပ်ရှားမှုမှာပါတဲ့ သံဃာတွေကို ဆွမ်းလောင်တယ်ဆိုတဲ့ အမှုမျိုးနဲ့ စာပေသမားတွေ၊ နောက် သတင်းစာသမား အချို့ကို သူတို့ နံမည်ပျက်စာရင်းထဲကို သွင်းပြီးတော့ သူတို့ စာပေတွေကို ပယ်ဖျက်တာတို့၊ ရေးခွင့်မပေးတာတို့၊ နောက် ဆင်ဆာဖျက်တာတို့ အဲဒါမျိုးတွေ သူတို့ လုပ်ခဲ့တာမျိုးတွေ ရှိပါတယ်။ အထူးသဖြင့် အခုဆိုရင် သိသာ ထင်ရှားတာကတော့ ဆိုကြပါစို့။ ကျနော်တို့ ကာတွန်းဆရာ ကိုအော်ပီကျယ် ဆိုလို့ရှိရင် ကာတွန်းရေးခွင့်မရှိတော့ဘဲနဲ့ အပိတ်ခံထားရတယ်။ အရင်တုန်းက ကာတွန်းတွေလည်း ဖော်ပြခွင့်မရဘူး။ နောက်ပြီးတော့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဆိုလို့ရှိရင်လည်း ဒီအတိုင်းပဲ။ သူကိုယ်တိုင် ရုပ်ရှင် သရုပ်ဆောင်လို့လည်း မရဘူး။ ဒါရိုက်တာလုပ်လို့လည်း မရတဲ့အပြင်ကို နောက်ဆုံး ကုန်ကုန်ပြောရင် သူ့နံမည်ကိုတောင်မှ ဒီ ကြော်ငြာတွေ ဘာတွေထဲမှာ ထည့်တဲ့ကိစ္စမှာ ပိတ်ပင်တာမျိုး၊ သူ့သမီးလေး မင်္ဂလာဆောင်တဲ့ ကိစ္စကိုတောင်မှ သတင်းစာထဲမှာ ထည့်ပြီး ကြော်ငြာခွင့်မပေးတာမျိုး စသဖြင့် သိပ်ပြီးတော့ ပုဂ္ဂိုလ်ရေးဆန်တဲ့ တိုက်ခိုက်မှုမျိုးတွေ လုပ်လာတာတွေ ရှိပါတယ်။ နောက်ပြီးတော့ ဆရာမ သန်းမြင့်အောင်ဆိုလို့ရှိရင်လည်း ဒီအတိုင်းပဲ သူ စာရေးလို့မရတော့ဘူး။ နောက်ပြီးတော့ ကိုဇာဂနာ ဆိုလို့ရှိရင်လည်း ဒီအတိုင်းပါပဲ။ သူ့လည်း သူရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ပိတ်ပင်ခံထားရတာတွေ ရှိပါတယ်။ ဆိုတော့ ဒါတွေက ပြောမယ်ဆိုလို့ရှိရင် အစိုးရတစ်ခုက သူ့ရဲ့ပြည်သူတွေကို ပုံမှန်တရားဥပဒေအရ အရေးယူတယ်ဆိုတဲ့ ပုံစံမျိုးကို ကျော်လွန်ပြီးတော့ ပုဂ္ဂိုလ်ရေးအရ နစ်နာအောင် တမင်တကာ ပြုလုပ်တဲ့ အနေအထား ရောက်နေတယ်လို့ ကျနော်တို့ မြင်ပါတယ်။”

ဟုတ်ကဲ့။ ဆင်ဆာ ထိတယ်ပေါ့နော်၊ အဲဒီလို အနုပညာလုပ်ငန်းများကို စိစစ်တဲ့ စနစ်မျိုးရှိတဲ့ တိုင်းပြည်မျိုးမှာ အဲဒါမျိုးတွေက ကြားဖူးပါတယ်ခင်ဗျ၊ ဒါပေမယ်လို့ ကျနော်တို့ ကြားဖူးတာက - ဥပမာ၊ အော်ပီကျယ် ဆိုကြပါစို့ဗျာ၊ သူ ဆွဲတဲ့ကာတွန်းက တစ်ခုခု ညှိစွန်းတယ်ဆိုလို့ရှိရင် အဲဒီ ကာတွန်းတစ်ပုဒ်ကိုပဲ ပိတ်တယ်ဆိုတာမျိုးပေါ့နော်။ ဥပမာ - ကျော်သူရဲ့ ရုပ်ရှင်ကို ဆင်ဆာက စိစစ်တဲ့အခါမှာ ဒါ ပြသခွင့်မပြုဘူးဆိုပြီးတော့ ပိတ်ပင်တာမျိုးပဲ ရှိတယ်ပေါ့။ ဇာဂနာ ဆိုရင်လည်း ဒီအတိုင်းပဲပေါ့။ စာရေးဆရာမ သန်းမြင့်အောင် ဆိုလို့ရှိရင်လည်း သူ့စာတွေ အပိတ်ခံရတာမျိုး ရှိတာပေါ့၊ ဒါပေမယ်လို့ ဒီလို လုံး၀ ဒီဥစ္စာကို လုပ်လို့မရတော့ဘူးဆိုတဲ့အခါကျတော့ သူတို့ရဲ့ ပြစ်မှုနဲ့ပေါ့ဗျာ၊ ပြစ်ဒဏ်ဆိုတဲ့ ရှုဒေါင့်က ကြည့်ပြီးတော့ရော ဦးမောင်မောင်မြင့် ဘယ်လို သုံးသပ်မလဲခင်ဗျ။ -

“အရင်တုန်းက ဆိုကြပါစို့။ စာတစ်ပုဒ်တလေ အပယ်ခံရတာ၊ နောက်ပြီးတော့ စာစောင် တစ်ပုဒ်တလေ အပိတ်ခံရတာ၊ ဒါမျိုးတွေ ရှိပါတယ်။ အဲဒါတွေကတော့ ယေဘုယျအားဖြင့် ပြောမယ်ဆိုလို့ရှိရင်တော့ သူတို့ရဲ့ သူတို့ကိုယ်တိုင် ချထားတဲ့ စာပေစိစစ်ရေး ဆိုတဲ့ ဖိနှိပ်ရေးမူနဲ့ သူတို့လုပ်တဲ့ကိစ္စပါ။ သို့သော် လောလောဆယ် ပိတ်ပင်ခံထားရတဲ့ ပုဂ္ဂိုလ်တွေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် နိုင်ငံရေးနဲ့ပတ်သက်တယ်လို့ စစ်အစိုးရက ယူဆတယ်။ နောက်ပြီးတော့ နိုင်ငံရေး အတိုက်အခံသမားတွေရယ်လို့ အစိုးရက ယူဆပြီးတော့ ပိတ်တဲ့သဘော အနေအထားရှိတယ်လို့ ကျနော်တို မြင်ပါတယ်။”

သံဃာတော်များကို ဆွမ်းကပ်တဲ့ကိစ္စ၊ အဲဒီလို အားပေးတယ်ပဲ ထားပါတော့ဗျာ။ အဲဒီလို လုပ်တဲ့ကိစ္စက မျိုးချစ်စိတ်ဓါတ် အားနည်းတဲ့ အနုပညာသည်တွေ၊ ဒီလူတွေကတဲ့ - မသမာ လူတစ်စုရဲ့ သွေးထိုးမှုကြောင့် ရောယောင် လိုက်ပါသူတွေ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးကနေပြီးတော့ ဆိုတယ်ဆိုပြီးတော့ ကျနောတိ့ု သတင်းထဲမှာ ဖတ်ရပါတယ်။ -

“အဲ ဒီနေရာမှာ ကျနော် တစ်ခုပဲ ပြောချင်ပါတယ်။ သူတို့ ပိတ်ပင်ထားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ စစ်အစိုးရက အပြစ်လို့ပြောပြီးတော့ မကောင်းမြင်တဲ့ကိစ္စကို ကြည့်မယ်ဆိုလို့ရှိရင် သူတို့ဟာ သံဃာတွေ ဆန္ဒပြတဲ့ကိစ္စကို သံဃာတွေ ဖက်ကရော၊ လူထုဖက်ကရော စာနာပြီးတော့ ဆွမ်းလောင်းတဲ့သူတွေ ဖြစ်ပါတယ်။ တကယ်တမ်း ပြောမယ်ဆိုလို့ရှိရင် လူမှုရေးဖက်ကပဲ ကြည့်ကြည့်၊ ဘာသာရေးဖက်ကပဲ ကြည့်ကြည့်၊ ဘယ်လိုအပြစ်မျိုးမှ သူတို့က ကျူးလွန်တဲ့ သူတွေ မဟုတ်ပါဘူး။ မေးစရာက တစ်ခုပဲ ရှိပါတယ်။ သံဃာတွေကို ဆွမ်းလောင်းတဲ့သူတွေဟာ ကိုယ့်ရဲ့အမျိုးကို မချစ်တဲ့သူတွေလား၊ ကိုယ့်ရဲ့ သာသနာကို မချစ်တဲ့သူတွေလား၊ ဒါမှမဟုတ် သံဃာတွေကို သတ်တဲ့ သူတွေဟာ ကိုယ့်ရဲ့ အမျိုးဘာသာ သာသနာကို မချစ်တဲ့သူတွေလား၊ လူတိုင်းသိမယ်လို့ ကျနော် ယုံကြည်ပါတယ်။”

ဥပမာ ဆိုကြပါစို့။ ဇာဂနာ ခေါ် ကိုသူရဆိုရင်လည်း သွားဆရာဝန်ပေါ့ဗျာ နော်၊ သူက ကိုသူရအနေနဲ့ သူ လုပ်တာပဲဗျ၊ တကယ်လို့ပေါ့ဗျာ တည်ဆဲဥပဒေနဲ့ သူ့ဘာသာသူ အရေးယူချင်ရင် ယူပေါ့ဗျာ၊ ဇာဂနာ နဲ့မှ မဆိုင်ဘဲနဲ့ခင်ဗျ။ -

“စစ်အစိုးရအနေနဲ့ အဲဒီလိုမျိုး ခွဲပြီး မမြင်တဲ့အပြင်ကို ကျနော့်အနေနဲ့က ပြောမယ်ဆိုလို့ရှိရင်တော့ ဒီ ရန်သူကို အရင်တုန်းက ပြည်တွင်းစစ် ကာလတုန်းကလိုမျိုးပေါ့၊ ဖြတ်လေးဖြတ် ဆိုတဲ့နည်းကို သူတို့က သုံးတဲ့သဘောပါပဲ။ ကိုသူရကို ကိုသူရလို့ပဲ မြင်ပြီးတော့ အရေးယူမယ်ဆိုတဲ့ ကိစ္စဟာ ဇာဂနာ ဆိုတဲ့နံမည်နဲ့ သူလုပ်စားလို့ရတယ်ဆိုရင် သူ့ရဲ့ ရပ်တည် ရှင်သန်ရေးအတွက်ကို အထောက်အကူ ပေးနေအုံးမယ်၊ သူ့ကိုဖြင့် လုံး၀ အမြစ်ကနေ ဖြတ်မှဖြစ်မယ်ဆိုတဲ့သဘောမျိုးနဲ့ ဒီ ဖြတ်လေးဖြတ်၊ ဟုတ်လား -ရန်သူကို ကြည့်တဲ့ပုံစံမျိုးနဲ့ ကြည့်ပြီးတော့လုပ်တယ်လို့ပဲ ကျနော် မြင်ပါတယ်။ အင်မတန်မှ ပြင်းထန်တဲ့နည်းပါ။ အင်မတန်မှ လူမဆန်တဲ့နည်းပါပဲ။”

မြန်မာနိုင်ငံက အနုပညာရှင်တွေအပေါ် နိုင်ငံရေးနဲ့ပတ်သက်တယ်ဆိုပြီး စစ်အစိုးရက ပိတ်ပင်တားဆီးမှုတွေ လုပ်နေတာနဲ့ပတ်သက်လို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG