သုံးရလွယ်ကူစေသည့် Link များ

အဝေးရောက် ညွန့်ပေါင်း အစိုးရနဲ့ နော်ဝေအစိုးရတို့ မြန်မာ့အရေးဆွေးနွေး


မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရရဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းတို့ဟာ ပြီးခဲ့တဲ့ သောကြာနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနအပါအ၀င်၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ထောက်ခံအားပေးနေတဲ့ တခြားအဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုတွေဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ဒေါက်တာသောင်းထွန်းက

“နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက ဒုတိယ ၀န်ကြီး ရေမွန်ဂျိုအင်ဆန်နဲ့ အဆင့်မြင့်တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ကျွန်တော်တို့ ၀န်ကြီးချုပ်ဟောင်းဖြစ်တဲ့ မစ္စတာ ဘိုနာဗစ် တည်ထောင်ထားတဲ့ အော်စလို စင်တာနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နော်ဝေဂျီယံ ပြည်သူတွေရဲ့ အဖွဲ့အစည်းဖြစ်တဲ့ နော်ဝေဂျီယံ ဘားမားအဖွဲ့နဲ့လည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။”

ဘယ်အကြောင်းအရာတွေကို အဓိကထားဆွေးနွေးထားပါသလဲရှင့်။

“ဆွေးနွေးပွဲတွေမှာ ကျွန်တော်တို့ အဓိက ချပြဆွေးနွေးတဲ့ ကိစ္စတွေကတော့ မြန်မာနိုင်ငံမှာ စက်တင်ဘာလ အရေးအခင်းဖြစ်ပြီးတဲ့ နောက်ပိုင်း လက်ရှိလူ့အခွင့်အရေးအခြေအနေတွေ၊ အထူးသဖြင့် ဖမ်းဆီးမှုတွေရဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့ စိုးရိမ်မှုတွေ၊ တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အလားအလာတွေ၊ မစ္စတာ ဂမ်ဘာရီရဲ့ ကြားဝင်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ သုံးသပ်ချက်တွေပေါ့။ တဖက်မှာ တွေ့ဆုံဆွေးနွေးပွဲ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ နအဖကနေပြီးတော့ အသံတချို့ ထွက်လာပေမယ့် တကယ်တမ်းအားဖြင့် နိုဝင်ဘာလ ၁၉ရက်နေ့မှာ နအဖခန့်ထားတဲ့ ဗိုလ်ချုပ်အောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပွဲဖြစ်ပြီး နောက်ပိုင်းမှာ နောက်ထပ်အကြို ညှိနှိုင်းဆွေးနွေးပွဲတွေဟာ ရပ်တံ့နေတဲ့အနေအထားကို ကျွန်တော်တို့တွေ့ရတယ်။ အဲဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ တရားဝင် ဆွေးနွေးပွဲတွေ စဖို့နဲ့ အဓိပ္ပါယ်ပြည့်ဝပြီးတော့ အချိန်ဇယားနဲ့ တိတိကျကျ ဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်ဖို့ကိစ္စကလည်းပဲ နအဖဖက်က အကြောင်းပြန်ကြားဖို့ ပျက်ကွက်နေတာကို ကျွန်တော်တို့တွေ့ရတယ်။ တဖက်မှာ တိုးတက်မှုတွေ ရပ်တန့်နေသလို တဖက်မှာလည်းပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ ရှုံ့ချတဲ့ကိစ္စတွေကို နအဖဖက်က အားပေးအားမြောက်လုပ်နေသလို၊ နအဖရဲ့ အာဘော်ဖြစ်တဲ့ သတင်းစာတွေမှာလည်း ဒါတွေကို ဖော်ပြနေတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေ မဟုတ်ဘူး။ ဒါကြောင့်မို့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်နိုင်တဲ့ အလားအလာတွေဟာ နအဖဖက်က ခေါင်းဆောင်တချို့ရဲ့ ခေါင်းမာမှုတွေကြောင့် အခက်အခဲတွေကို တွေ့နေရတယ်။ နအဖရဲ့ သတင်းစာရှင်းလင်းပွဲအရလည်း နအဖဖက်ကနေပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖွဲ့စည်းပုံရေးဆွဲရေးကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်နိုင်တဲ့ အနေအထေားတွေကို လုံးဝပိတ်ထားလိုက်ပြီးတော့ သူတို့ရဲ့ လမ်းညွန်မြေပုံအတိုင်း သွားမယ်ဆိုတဲ့ ကိစ္စတွေ၊ နအဖဖက်က အပြည့်အ၀ပူးပေါင်းဆောင်ရွက်မှုတွေမရှိဘူး။ ဒီဇင်ဘာလအတွင်းမှာ မစ္စတာဂမ်ဘာရီသွားနိုင်ဖို့ ကိစ္စတွေဟာ မရေမရာဖြစ်နေတဲ့အပိုင်းပေါ့။ အဲဒီလို အနေအထားမျိုး တွေမှာ ကျွန်တော်တို့ နိုင်ငံတကာက ထိထိရောက်ရောက်လုပ်ဖို့လိုတယ်။ အဲဒီမှာ နော်ဝေနိုင်ငံ အနေနဲ့ ပထမအဆင့်မှာ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို အမြန်ဆုံးဆွေးနွေးဖို့အတွက် သူတို့ရဲ့ သံတမန်ရေးလမ်းကြောင်းတွေက တိုက်တွန်းဖို့ပေါ့။ ဒုတိယတဆင့် အနေနဲ့ကတော့ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့ အာစီယံတို့၊ ဒီနိုင်ငံတွေက ညှိနှိုင်း ဆောင်ရွက်မှု တွေ ပိုအားကောင်းလာအောင် ကုလသမဂ္ဂက အကြံပြုထားတဲ့အတိုင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အဖွဲ့တခုကို အမြန်ဆုံး အကောင်အထည်ဖော်ပြီးတော့ နိုင်ငံတကာကနေပြီးတော့ တူညီတဲ့ ချဉ်းကပ်မှုတွေ၊ ဟန်ချက်ညီတဲ့ သံတမန်ရေးရာလုပ်ကိုင်ဆောင်ရွက်မှုတွေဖြစ်လာအောင် ကြိုးပမ်းပေးဖို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။”

ဒီလိုဆွေးနွေးတင်ပြမှုတွေအပေါ် နော်ဝေအစိုးရနဲ့ အခြားတွေ့ဆုံခဲ့တဲ့အဖွဲ့အစည်းတွေရဲ့ တုန့်ပြန်ချက်တွေက ဘယ်လိုရှိပါသလဲ။

ဒါနဲ့ ပက်သက်လို့ နော်ဝေအစိုးရအနေနဲ့ ဒီလိုမျိုး ပူပန်မှုတွေရှိတယ်။ သူတို့ဖက်က သူတို့ လုပ်စရာ ရှိတာတွေကို အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံတွေနဲ့ သံတမန်ရေး လမ်းကြောင်းတွေကတဆင့် ပိုပြီးတော့ အားမြင့်လုပ်ဆောင်သွားဖို့ အနေအထားရှိပါတယ်။ နောက်ပြီး ၀န်ကြီးချုပ် ဘိုနာဗစ် ခေါင်းဆောင်တဲ့ အော်စလိုစင်တာရဲ့ အဓိက အားကောင်းချက်က တော့ အော်စလိုစင်တာဟာ နိုင်ငံတကာမှာရှိတဲ့ ၀န်ကြီးချုပ်နဲ့ သမ္မတဟောင်းတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်း တခုဖြစ်ပါတယ်။ နောက်နှစ် သြဂုတ်လ ၂၀၀၈ခုနှစ်ဟာ ရှစ်လေးလုံးအရေးတော်ပုံရဲ့ အနှစ်နှစ်ဆယ်မြောက်ကာလမှာ နိုင်ငံတကာမှာရှိတဲ့ ခေါင်းဆောင်များ၊ ၀န်ကြီးချုပ်ဟောင်း၊ သမ္မတဟောင်းတွေကို စည်းရုံးပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထိရောက်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ အော်စလိုစင်တာက ကျွန်တော်တို့ သိရတဲ့အတွက် အားရစရာဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG