သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နအဖစစ်အစိုးရမရှိလျှင် တိုင်းပြည်ပိုမိုစည်းလုံး ညီညွတ်နိုင်ဟု မြန်မာ့အရေး ဆွေးနွေးပွဲတွင် အတိုက်အခံများ ဆွေးနွေးတင်ပြ


မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် အခုလာမယ့် ၂၀၀၈
ခုနှစ်မှာ ဘာတွေလုပ်ဆောင်ကြမလဲဆိုတဲ့ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဟောပြောပွဲတခုကို
ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပခဲ့ပါတယ်။ ISP နိုင်ငံတကာလုံခြုံရေးအစီအစဉ်နဲ့
PILPG နိုင်ငံတကာဥပဒေနဲ့ မူဝါဒရေးရာအဖွဲ့တို့က ကြီးမှူးကျင်းပခဲ့တာပါ။ ဒီအခမ်း
အနားမှာ မြန်မာပြည်နယ်စပ်ဒေသက တိုင်းရင်းသားခေါင်းဆောင်တွေ၊ အလုပ်သမား ခေါင်းဆောင်တွေနဲ့ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့က ကိုယ်စားလှယ်တွေ
တက်ရောက်ပြီး သူတို့ရဲ့နိုင်ငံရေးအမြင်တွေကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
အကြောင်းစုံကို ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။

ဒီကနေ့ကျင်းပတဲ့ မြန်မာ့အရေးဟောပြောပွဲမှာ အဓိကထား ဆွေးနွေးတင်ပြခဲ့ကြတာ
ကတော့ မြန်မာပြည်မှာ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရသာ မရှိဘူးဆိုရင် တိုင်းပြည် ဘာဖြစ်သွားမလဲဆိုတဲ့ကိစ္စပါ။ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) က
ဝန်ကြီးတဦးဖြစ်တဲ့ ဦးဘိုလှတင့်က သူတင်ပြဆွေးနွေးခဲ့တဲ့အကြောင်းကို အခုလို
ရှင်းပြပါတယ်။
“လက်ရှိ နအဖနဲ့ တချို့ နိုင်ငံတကာမိသားစုတွေက နအဖသာမရှိခဲ့လို့ရှိရင် တိုင်းပြည်
ဟာ ပြိုကွဲသွားနိုင်တယ်၊ ပြည်ထောင်စုကြီးဟာ တစတပိုင်းဆီဖြစ်သွားနိုင်တယ်ဆိုတဲ့
ဟာက တကယ်တမ်းကျတော့ နအဖရဲ့ ဝါဒဖြန့်ချိမှုသက်သက်သာဖြစ်ပြီးတော့ မြန်မာ
နိုင်ငံမှာ နအဖသာမရှိရင် ပိုပြီးတော့တောင် ညီညွတ်နိုင်တယ်ဆိုတာကို တိတိ
လင်းလင်း၊ အချက်အလက်နဲ့တင်ပြဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အမျိုးသမီး
ခေါင်းဆောင်တွေ လာကြတာဖြစ်ပါတယ်။
“ဒါကို NCGUB ကလည်း သဘောတူတဲ့အတိုင်း နအဖသာလျှင် တကယ့် တိုင်းရင်း
သားစည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားချင်း သွေးစည်းညီညွတ်ရေးကို ဖြိုခွဲနေတဲ့
တခုတည်းသော အာဏာရှင်တွေဖြစ်တယ်။ ဒါကြောင့် နအဖမရှိခြင်းအားဖြင့် တိုင်းပြည်ပြိုကွဲသွားဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စကို ပြောဖို့ပါပဲ”
NCGUB က ဦးဘိုလှတင့်ပြောသွားတာပါ။

ထိုင်း-မြန်မာနယ်စပ်မှာအခြေစိုက်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)
က အတွင်းရေးမှူးဖြစ်တဲ့ ဦးရေမွန်ထူးကလည်း မြန်မာပြည်အနာဂတ်အတွက် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို သူတို့ဘက်က ရေးဆွဲထားတာတွေ ရှိတဲ့အကြောင်း၊
အဲဒီအကြောင်းကိုပဲ အခုဆွေးနွေးပွဲမှာ တင်ပြခဲ့တဲ့အကြောင်း ရှင်းပြပါတယ်။
“ကျနော်တို့တိုင်းရင်းသားတွေအားလုံးကလည်း နအဖစွပ်စွဲသလို တိုင်းပြည်ဖြိုခွဲမယ့်
လူ၊ တိုင်းရင်းသားတွေကိုဖြိုခွဲမယ့်လူတွေ မဟုတ်ဘူး။ ကျနော်တို့က စစ်မှန်တဲ့
ပြည်ထောင်စုကြီး တည်ဆောက်သွားဖို့ ဦးတည်ပြီး လုပ်ဆောင်နေတဲ့လူတွေ ဖြစ်ပါ
တယ်။ ဒီမိုကရေစီရရှိရေးအတွက် တိုင်းရင်းသားအင်အားစုတွေ ပူးပေါင်းပြီးတော့
ဗမာပြည်ရဲ့ အနာဂတ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလည်း ကျနော်တို့က လုပ်နေ တဲ့အတွက်ကြောင့် တကယ်လို့ ကျနော်တို့မှာ ဒီစစ်တပ်မရှိတဲ့နောက်ပိုင်းမှာ ကျနော်
တို့ရဲ့တိုင်းပြည်ကို ကောင်းကောင်းမွန်မွန်အုပ်ချုပ် သွားနိုင်တယ်”
KNPP က ဦးရေမွန်ထွန်း ပြောပြသွားတာပါ။

ပလောင်အမျိုးသမီးအဖွဲ့ (PWO) တည်ထောင်သူ လွယ်အေးနန်းကလည်း ပြည်ပ ရောက်တိုင်းရင်းသားအင်အားစုတွေနဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေဟာ မြန်မာ
ပြည်တွင်းကလူထုနဲ့ သဘောထားတူညီတဲ့အကြောင်း၊ ညီညီညွတ်ညွတ်ရှိကြတဲ့
အကြောင်း ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။
“ကျမတို့ နယ်စပ်တလျှောက်မှာရှိနေတဲ့ တပ်ပေါင်းစုတွေနဲ့ တိုင်းရင်းသားအင်အားစု၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ကျမတို့ အမျိုးသမီးအဖွဲ့တွေက ဘယ်လိုလက်တွဲပြီး လုပ် ဆောင်နေကြလဲ၊ ဆက်လက်ပြီးတော့ ဘယ်လိုလက်တွဲ လုပ်ဆောင်နေကြလဲဆိုတာ
ကို ပိုမိုပြီးတော့ မီးမောင်းထိုးပြပြီးတော့ ပြောပြတာဖြစ်တယ်။ ကျမတို့တတွေ ခိုင်ခိုင်
မာမာနဲ့လက်တွဲပြီး အလုပ်လုပ်ကြတယ်ဆိုတာ နိုင်ငံတကာကလူတွေက သိပ်သိကြ
တာမဟုတ်ဘူး။ ဒါ ကျမတို့အတွက် အခွင့်အလမ်းတခု၊ အခွင့်ကောင်းတခုပေါ့၊
ဒီအခြေအနေတွေ ကျမတို့ လက်တွဲပြီးတော့လုပ်တယ်ဆိုတာကို နိုင်ငံတကာကို
ပြောပြနိုင်ခဲ့ပါတယ်”

မြန်မာပြည်နယ်စပ်က တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အမျိုးသမီးအင်အားစုတွေရဲ့ လက်တွဲလုပ်ဆောင်တဲ့ကိစ္စတွေဟာ မြန်မာပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသား
အင်အားစုတွေနဲ့ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒတွေနဲ့ ကွဲလွဲမှုတွေ ရှိပါသလား။
“မရှိပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျမတို့ပလောင်အမျိုးသမီးအဖွဲ့ဆိုရင် ကျမတို့လုပ်နေ
တဲ့အချိန်မှာ ကျမတို့ ပလောင်ပြည်သူူလူထုနဲ့ အမြဲတမ်းထိတွေ့ ဆက်ဆံပြီးတော့
လုပ်နေတယ်။ သူတို့ရဲ့အကြံဉာဏ်တွေတောင်းပြီးတော့ လုပ်နေတာတွေရှိတော့ ကျမ တို့ရဲ့သဘောထားဟာ သူတို့ရဲ့သဘောထားတွေ ဖြစ်နေတယ်။ အဲဒါကြောင့် ကျမတို့
ဒီဘက်မှာရှိနေတဲ့ တိုင်းရင်းသားအင်အားစုတွေရဲ့သဘောထားတွေ၊ ဒီမှာရှိနေတဲ့ လှုပ်ရှားမှုတွေအားလုံးကလည်း အထဲမှာရှိနေတဲ့ ပြည်သူလူထုရဲ့ သဘောထားနဲ့
မကွဲလွဲဘူးဆိုတာ ကျမ ပြောပြနိုင်တယ်”
ပလောင်အမျိုးသမီးအဖွဲ့က လွယ်အေးနန်း ရှင်းပြခဲ့တာပါ။

အခု ပြီးခဲ့တဲ့နာရီပိုင်းအတွင်းကပဲ ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ မြန်မာ
ဘက်က ကိုယ်စားလှယ် ၆ ယောက်က အဓိကထားပြီးတော့ ပင်တိုင်ဆွေးနွေးခဲ့ကြတာ
ဖြစ်ပါတယ်။ အဲဒီပွဲကို မြန်မာ့ဒီမိုကရေစီရေး စိတ်ဝင်စားကြတဲ့ အဖွဲ့အစည်းအသီးသီးက
လူ ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး အချိန်စုစုပေါင်း ၂ နာရီကြာ ဆွေးနွေးတင်ပြခဲ့ကြတာ
ဖြစ်ပါတယ်။

XS
SM
MD
LG