သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဝါးဆုံး နိုင်ငံဖြစ်ကြောင်း ဗြိတိန် ကွန်ဆာဗေးတစ်ပါတီ အစီရင်ခံစာထုတ်ပြန်


ဗြိတိန်နိုင်ငံရဲ့ အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ ကွန်ဆာဗေးတစ်ပါတီက မနေ့က
ထုတ်ပြန်လိုက်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး
ချိုးဖောက်မှု အဆိုးဝါးဆုံးနိုင်ငံဖြစ်တဲ့အကြောင်း အဓိက မီးမောင်းထိုးပြထားတယ်လို့
သိရပါတယ်။ ဒီအကြောင်း ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီအစီရင်ခံစာထဲမှာ ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဝါးဆုံးနိုင်ငံ
တွေကို ဖော်ပြထားပြီး ဒီအထဲမှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်မှု
အဆိုးဝါးဆုံးနိုင်ငံဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာ ထွက်ပေါ်ရေးအတွက် အဓိကလုပ်ဆောင်ခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီရဲ့ လူ့အခွင့်
အရေးဌာနဟာ ပါတီခေါင်းဆောင်တွေအနေနဲ့ နိုင်ငံခြားရေးပေါ်လစီတွေ ချမှတ်နိုင်ဖို့ နိုင်ငံအသီးသီးမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို တင်ပြပေးတဲ့ဌာန
လည်း ဖြစ်ပါတယ်။

ဒီလူ့အခွင့်အရေးအစီရင်ခံစာ ထုတ်ပြန်ရခြင်းနဲ့ပတ်သက်ပြီး ကွန်ဆာဗေးတစ်ပါတီ လူ့အခွင့်အရေးကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌ ဘန်ရော်ဂျာ (Ben Rogers) က ဗွီအိုအေ
ကို အခုလိုပြောပြပါတယ်။
“မနှစ်က ကျနော်တို့ ပထမဆုံးအကြိမ်အဖြစ်ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာစစ်အစိုးရဟာ လူ့အခွင့်အရေးတွေ အချိုးဖောက်ဆုံးအစိုးရအဖြစ်နဲ့ ဖော်ပြခဲ့ပါ
တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ဘယ်နိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို
အဆိုးဝါးဆုံး ကျူးလွန်နေတယ်ဆိုတာထက် အကြောင်းအရာလိုက် လူ့အခွင့်အရေး
ချိုးဖောက်မှု အခြေအနေတွေကို ဦးစားပေး ဖော်ပြထားပါတယ်။ ဥပမာ အမျိုးသမီး
တွေကို အဓမ္မပြုကျင့်တဲ့ကိစ္စတွေ၊ ကလေးစစ်သားအသုံးပြုမှုကိစ္စတွေ၊ မိမိတို့ရဲ့
ယုံကြည်ချက်ကြောင့် မတရားသဖြင့် အကျဉ်းချခံနေရတဲ့ကိစ္စတွေနဲ့ တခြားကိစ္စတွေ
ပါပါတယ်။ မြန်မာနိုင်ငံကတော့ အဲဒီချိုးဖောက်မှုကိစ္စရပ်တွေအားလုံးမှာ အချိုး
ဖောက်ဆုံးနိုင်ငံအဖြစ် အားလုံးမှာပါဝင်ပါတယ်”

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လက်ရှိ စစ်အစိုးရကကျူးလွန်နေတဲ့ လူ့အခွင့်ရေး
ချိုးဖောက်မှု အမျိုးမျိုးအတွက် အထူးစိုးရိမ်ပူပန်မိတဲ့အကြောင်းလည်း သူက အခုလို ဆက်ပြောပါတယ်။
“ဒီကနေ့ဟာ လူ့အခွင့်အရေးကြေညာစာတမ်းကို ထုတ်ပြန်ခဲ့တဲ့နေ့၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်တာနဲ့အညီ မြန်မာစစ်အစိုးရက လူ့အခွင့်အရေးကြေညာ
စာတမ်းပါ အခွင့်အရေးတွေအားလုံးနီးပါးကို ချိုးဖောက်နေတာဖြစ်တဲ့အကြောင်း
ကျနော်တို့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ စစ်အစိုးရက အကျဉ်းသားတွေ
ကို ညှဉ်းပန်းနှိပ်စက်နေတာတွေ၊ သတင်းလွတ်လပ်ခွင့် မရှိတာတွေ၊ ဘာရေးဆိုင်ရာ လွတ်လပ်ခွင့်မရှိတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို အတင်းအဓမ္မ နေရပ်ရွှေ့ပြောင်း
ခိုင်းတာတွေကို ချိုးဖောက်ကျူးလွန်နေတယ်ဆိုတာကို ကျနော်တို့ရဲ့ အစီရင်ခံစာထဲ
မှာ အသေးစိတ်ဖော်ပြထားပါတယ်”

မြန်မာနိုင်ငံအတွင်း အဲဒီလို ဆိုးဝါးတဲ့အခြေအနေတွေ ဖြစ်ပေါ်နေတာကြောင့် နိုင်ငံ
တကာအသိုင်းအဝိုင်းအနေနဲ့ ဒီကိစ္စတွေကို အထူးအာရုံစိုက် လုပ်ဆောင်ကြဖို့ လိုအပ်
တဲ့အကြောင်းလည်း မစ္စတာရော်ဂျာက ထောက်ပြပြောဆိုသွားပါတယ်။

မနေ့ကကျင်းပခဲ့တဲ့ ဒီအစီရင်ခံစာထုတ်ပြန်ပွဲ အခမ်းအနားကို ကွန်ဆာဗေးတစ်ပါတီရဲ့ ရှဲဒိုးနိုင်ငံခြားရေးဝန်ကြီးလို့ခေါ်တဲ့ အဓိက အတိုက်အခံပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး
Mr. William Hague ၊ ကွန်ဆာဗေးတစ်ပါတီရဲ့ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ
Steven Crabb တို့အပြင် တခြား ဗြိတိသျှလွှတ်တော်အမတ်တွေ၊ နိုင်ငံရေး
ခေါင်းဆောင်တွေ၊ သံတမန်တွေနဲ့ NGO အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ
အပြင် မြန်မာ့အရေးလှုပ်ရှားနေသူတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မနှစ်က လူ့အခွင့်အရေးကြားနာပွဲတခုမှာ ရှမ်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုအဖွဲ့
က နန်းချမ်တောင်းနဲ့ တွေ့ဆုံခွင့်ရခဲ့သလို Burma Campaign UK အဖွဲ့က မဇိုယာဖန်း
ကလည်း မြန်မာနိုင်ငံအတွင်း အခြေအနေတွေကို ကွန်ဆာဗေးတစ်ပါတီရုံးမှာ လာရောက်ပြောကြားခဲ့တယ်လို့ သူ့ရဲ့မိန့်ခွန်းထဲမှာ Mr. William Hague က ထည့်သွင်း ပြောကြားသွားပါတယ်။

ဒါကြောင့် ဒီအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ Burma Campaign UK အဖွဲ့
က မဇိုယာဖန်းကို ရှဲဒိုးနိုင်ငံခြားရေးဝန်ကြီး Mr. William Hague က ဒီလူ့အခွင့်အရေး
အစီရင်ခံစာ ထုတ်ပြန်တဲ့အခမ်းအနားမှာ မြန်မာပြည်အကြောင်းကို ဘာတွေအဓိက ထားပြောသွားသလဲလို့ မေးကြည့်တော့ သူက …
“အဲဒီ ရှဲဒိုးနိုင်ငံခြားရေးဝန်ကြီး Mr. William Hague မိန့်ခွန်းပြောတဲ့အထဲမှာလည်း သူ မြန်မာပြည်အကြောင်းကို အဓိကထားပြီးတော့ ပြောတာဖြစ်ပါတယ်။ တကယ်တော့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့နိုင်ငံတွေက အတတ်နိုင်ဆုံး ကူညီရမှာဖြစ်တယ်လို့
ပြောပါတယ်။ အဲဒါကြောင့် သူက ကွန်ဆာဗေးတစ်ပါတီရဲ့ နိုင်ငံခြားရေးပေါ်လစီထဲမှာ
သူတို့ ဒီလူ့အခွင့်အရေးကို အဓိကထားပြီးတော့ လုပ်ဆောင်သွားမှာဖြစ်တဲ့အကြောင်း၊
အဲဒီလို သူပြောတာ ဒါဟာ တတိယအကြိမ်ဖြစ်ပါတယ်”

သူက လူ့အခွင့်အရေးအခြေအနေတွေကို ခြုံပြီးပြောသွားတာထက် ကွန်ဆာဗေးတစ်
ပါတီအနေနဲ့ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး ဘယ်လိုအကူအညီမျိုးတွေပေးမယ်၊ ဘယ်လိုလုပ်ဆောင်ပေးမယ်ဆိုတာတွေ ပြောသွားတာရှိပါသလား။
“ဟုတ်ကဲ့ အဲဒီမှာလည်း ပြောသွားတာရှိပါတယ်။ အဲဒီအထဲက ရှဲဒိုးနိုင်ငံခြားရေး
ဝန်ကြီး၊ ပြီးတော့ လူ့အခွင့်အရေးကော်မရှင်ရဲ့ဥက္ကဋ္ဌ Steven Crabb၊ ပြီးတော့
ဒုတိယဥက္ကဋ္ဌ Ben Rogers တို့ ပြောသွားတဲ့အထဲမှာတော့ သူတို့အနေနဲ့ အတတ်နိုင်
ဆုံး ဗြိတိသျှအစိုးရကို မြန်မာပြည်အတွင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည် ဖြစ်မြောက်ရေးအတွက် သူတို့ အတတ်နိုင်ဆုံး သူတို့အစိုးရကို ဖိအားပေးမယ်၊
ပြီးတော့ နိုင်ငံတကာမှာရှိနေတဲ့ အဖွဲ့အစည်းအသီးသီးရော၊ ပြီးတော့ ကုလသမဂ္ဂမှာ
ရော သူတို့ အတတ်နိုင်ဆုံး ဒီ မြန်မာပြည်အရေးကို ဖော်ဆောင်သွားမှာဖြစ်တယ်လို့
ပြောပါတယ်။ ပြီးတော့ အဓိကတခုပြောသွားတာကတော့ မြန်မာပြည်ရဲ့စစ်အစိုးရ
အပေါ်မှာ သူတို့အနေနဲ့ (Targeted Economic Sanctions) ပစ်မှတ်ထား စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ သူတို့ အဓိကထားပြီးတော့ လုပ်ဆောင်သွားမယ်လို့ ပြောပါ
တယ်”

ကွန်ဆာဗေးတစ်ပါတီရဲ့ နှစ်စဉ် လူ့အခွင့်အရေးအစီရင်ခံစာ ထုတ်ပြန်ပွဲအခမ်းအနား
ကို တက်ရောက်ခဲ့တဲ့ Burma Campaign UK အဖွဲ့က မဇိုယာဖန်း ပြောပြသွားတာ
ဖြစ်ပါတယ်။

XS
SM
MD
LG