သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရအပေါ် ပိုမိုပြင်းထန်စွာ အရေးယူဒဏ်ခတ်မယ့် ဥပဒေမူကြမ်း အမေရိကန်အောက်လွှတ်တော် အတည်ပြု


မြန်မာစစ်အစိုးရအပေါ်မှာ အမေရိကန်ပြည်ထောင်စုကချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု
တွေ ပိုပြီးတော့ တင်းကျပ်စေမယ့် ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြု လိုက်ပြီဖြစ်ပါတယ်။ မြန်မာစစ်တပ်က ပြီးခဲ့တဲ့ စက်တင်ဘာလ ဒီမိုကရေစီရေး ဆန္ဒပြ
မှုတွေအပေါ်မှာ နှိပ်ကွပ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အောက်လွှတ်တော်က အရေးယူဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်
Dan Robinson သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက စုစည်းတင်ပြထားပါ
တယ်။

JADE လို့အတိုကောက်ခေါ်တဲ့ Blocking the Burmese Junta's Anti Democratic
Efforts မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေးဆန့်ကျင်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို
ဟန့်တားခြင်းလို့ မြန်မာလိုအဓိပ္ပာယ်ရတဲ့ အောက်လွှတ်တော်ကတင်သွင်းတဲ့ ဥပဒေ
ကြမ်းဟာ မြန်မာနိုင်ငံကထွက်တဲ့ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေကို အမေ ရိကန်ပြည်ထောင်စုကို တင်ပို့ရောင်းချမှုကနေ ဟန့်တားဖို့ရည်ရွယ်တာဖြစ်ပါတယ်။

အထူးသဖြင့် ဒီကျောက်မျက်ရတနာတွေကို ထိုင်း၊ စင်ကာပူတို့လို တတိယနိုင်ငံတွေ
ကတဆင့် ပြန်သွင်းပြီး အမေရိကန်ပြည်ထောင်စုကို လက်လွှဲရောင်းချနေတာကို ပိတ်ပင်ဖို့ပဲဖြစ်ပါတယ်။ ဒီ JADE အောက်လွှတ်တော်ဥပဒေကြမ်းဟာ မြန်မာစစ်အစိုး
ရအပေါ် အမေရိကန်က လက်ရှိချမှတ်ထားတဲ့ တည်ဆဲဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ ဟာကွက်တွေကိုလည်း လိုက်ပိတ်တဲ့သဘော ရောက်ပါတယ်။ အခုလိုအရေးယူ ဆောင်ရွက်လိုက်ခြင်းအားဖြင့် အမေရိကန် ငွေကြေးဆိုင်ရာလုပ်ငန်းတွေကို တတိယ နိုင်ငံတွေကတဆင့်သုံးပြီး မြန်မာစစ်အစိုးရ ဒါမှမဟုတ် သူတို့ရဲ့ မိသားစုဝင်တွေရဲ့
ငွေမည်းတွေကို ငွေဖြူအဖြစ် ခဝါမချနိုင်အောင်လည်း ဟန့်တားဖို့အပြင် သူတို့ပိုင်
ဆိုင်ပစ္စည်းတွေလည်း အမေရိကန်ငွေကြေးစနစ်က လက်လှမ်းမီရင် ချိပ်ပိတ်ပစ်နိုင်
ဖို့နဲ့ ဆန္ဒပြသူတွေအပေါ် သွေးထွက်သံယိုနှိမ်နင်းခဲ့မှုတွေမှာ ပါဝင်ခဲ့ကြတဲ့ မြန်မာစစ်
အစိုးရ အရာရှိတွေအပေါ်လည်း အမေရိကန်ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်မှု ချမှတ်တာ
တွေလည်း ပါဝင်ပါတယ်။

မြန်မာစစ်တပ်က ဗုဒ္ဓဘာသာရဟန်းသံဃာတော်တွေဦးစီးတဲ့ ဒီမိုကရေစီရေး ဆန္ဒ
ပြမှုတွေကို အကြမ်းဖက်နှိပ်ကွပ်ခဲ့ခြင်းအပြီး အခုလို လွှတ်တော်ရဲ့ အရေးယူဆောင်
ရွက်မှုအားလုံးကို သမ္မတဘုရှ်အစိုးရက ထောက်ခံခဲ့တာလည်း ဖြစ်ပါတယ်။
အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ ကယ်လီဖိုးနီးယား
ပြည်နယ်က ဒီမိုကရက် အထက်လွှတ်တော်အမတ်လည်းဖြစ်တဲ့ တွမ်လန်းတို့စ်
(Tom Lantos) ကမကထပြုတင်သွင်းခဲ့တဲ့ HR 38-90 ဥပဒေကြမ်းအတည်ပြုနိုင်ခြင်း
အတွက် မစ္စတာလန်းတို့စ်က မြန်မာပြည်သူတွေရဲ့ ရုန်းကန်မှုနဲ့အတူ အမေရိကန် အောက်နဲ့အထက်လွှတ်တော်နှစ်ရပ်စလုံးက ရပ်တည်သွားရာရောက်တယ်လို့ ပြောခဲ့
ပါတယ်။

နယူးယော့ခ်ပြည်နယ်က ဒီမိုကရက် အောက်လွှတ်တော်အမတ်ဖြစ်တဲ့ ဂရေဂရီမိက်စ်
(Gregory Meeks) ကတော့ လွှတ်တော်အနေနဲ့ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ မြန်မာနိုင်ငံဖြစ်လာရေးအတွက် ကူညီနိုင်ဖို့ သန္နိဋ္ဌာန်ခိုင်မာတယ်လို့ အခုလိုတင်စား ပြောဆိုသွားပါတယ်။

“အမေရိကန် လက်ဝတ်ရတနာအရောင်းဆိုင်တွေမှာ မြန်မာနိုင်ငံက ပတ္တမြားကထွက်
တဲ့ နီရဲတဲ့သွေးတွေ မစီးဆင်းစေဖို့အတွက် အမေရိကန်ပြည်ထောင်စုက လွတ်လပ်မှု
ကို အခြေပြုပြီး ကြိုးပမ်းသွားမှာပါ။ မြန်မာစစ်အစိုးရအနေနဲ့ ရန်ကုန်မြို့ လမ်းမများ
ပေါ်မှာ သွေးတွေကို ဆေးကြောပစ်နိုင်ခဲ့ပေမယ့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသူတွေကို ပစ်ခတ်နှိပ်ကွပ်ခဲ့ကြတဲ့ ရုပ်ပုံတွေကိုတော့ ကျနော်တို့ရဲ့အာရုံကနေ ပျောက်ကွယ်သွား
အောင် လုပ်လို့မရနိုင်ပါဘူး။ ဒီကနေ့ လွှတ်တော်ကနေ အရေးယူဆောင်ရွက်လိုက်
တာဟာ ပြတ်ပြတ်သားသား ရှိလှပါတယ်” လို့ လွှတ်တော်အမတ် မိက်စ်က ပြောသွား
တာ ဖြစ်ပါတယ်။

တက်စ်ဆတ်ပြည်နယ်က ရီပတ်ပလီကင် အောက်လွှတ်တော်အမတ် တက်ပိုး
(Ted Poe) ကလည်း …
“ဒီဥပဒေကြမ်းဟာ အောက်ရောအထက်ရော လွှတ်တော်နှစ်ရပ်စလုံးကပါ ပြင်းပြင်း
ထန်ထန် ကျယ်ကျယ်လောင်လောင်နဲ့ အမှာစကားပါးလိုက်ရာ ရောက်ပါတယ်။
လူသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ ပတ်သက်လာရင်တော့ နိုင်ငံရေးဟာ ရေစပ်နားတင်
မှာပဲ ရပ်တန့်မသွားဘူးဆိုတာကို အသိပေးလိုက်တာပါပဲ” လို့ ပြောသွားပါတယ်။

အောက်လွှတ်တော်နည်းတူ အထက်လွှတ်တော်မှာလည်း Burma Democracy
Promotion Act 2007 ဆိုတဲ့ သက္ကရာဇ် ၂၀၀၇ ခု မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး
ထောက်ခံမှု ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ဖို့ရှိပါတယ်။ အခုလို ဥပဒေကြမ်းနှစ်ရပ်
အတည်ပြုပြီး ပြန်လည်ညှိနှိုင်းကာ နောက်ဆုံးထွက်လာနိုင်မယ့် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအခြေအနေနဲ့ပတ်သက်လို့ အမေရိကန်အခြေစိုက် အမေရိကန်
ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (USCB) က ပေါ်လစီရေးရာဒါရိုက်တာ
ကိုအောင်ဒင်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

အခု အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ JADE မူကြမ်းနဲ့ အထက်လွှတ်တော်
က တင်သွင်းဖို့ရှိတဲ့ ဥပဒေမူကြမ်းနဲ့ ညှိနှိုင်းပြီးတော့ နောက်ဆုံး မြန်မာနိုင်ငံအပေါ်မှာ ပိုမိုတင်းကျပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ဖို့အလားအလာ ဘယ်လိုရှိပါသလဲ။

“မြန်မာနိုင်ငံအပေါ်မှာ ချမှတ်အရေးယူထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပိုပြီးတော့ ပြင်းထန်အားကောင်းအောင် လုပ်ဖို့ဆိုပြီးတော့ အောက်လွှတ်တော်မှာ လွှတ်တော်
အမတ် တွမ်လန်းတို့စ်က ဥပဒေမူကြမ်းတရပ်ကို တင်သွင်းထားပါတယ်။ အဲဒီဥပဒေ
မူကြမ်းကို ဒီကနေ့ပဲ အောက်လွှတ်တော်တခုလုံးက တခဲနက် မဲခွဲဆုံးဖြတ်
ထောက်ခံလိုက်ကြပြီ။

“အထက်လွှတ်တော်မှာတော့ ဆီနိတ်တာ ဂျိုးဘန်နီကတင်ထားတဲ့ ဥပဒေမူကြမ်း
တရပ်ရှိပါတယ်။ အဲဒီဥပဒေမူကြမ်းကို မနက်ဖြန်မှာ အထက်လွှတ်တော် နိုင်ငံခြားရေး
ရာကော်မတီကနေ မဲခွဲဆုံးဖြတ်ပြီးတော့ အထက်လွှတ်တော်တရပ်လုံးက မဲခွဲအတည်
ပြုနိုင်ဖု့ိအတွက် ဆက်လက်တင်သွင်းမှာဖြစ်ပါတယ်။ အောက်လွှတ်တော်နဲ့ အထက် လွှတ်တော်နှစ်ရပ်စလုံးက ဥပဒေမူကြမ်းနှစ်ခုကို အတည်ပြုပြီးတဲ့အချိန်မှာ ဒီဥပဒေ
မူကြမ်းနှစ်ရပ်ကို အပြန်အလှန် ညှိနှိုင်းပြီးတော့ ပေါင်းစပ်အတည်ပြုတဲ့အဆင့်ပဲ
ကျန်ပါတော့တယ်။ အဲဒါလည်း ဒီဇင်ဘာလမကုန်ခင်မှာ အတည်ပြုနိုင်လိမ့်မယ်လို့
ကျနော်တို့ မျှော်လင့်ပါတယ်”

အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းမှာ နောက်တခု စိတ်ဝင်စား
စရာ ကောင်းတဲ့အချက်ကတော့ မြန်မာနိုင်ငံကထွက်တဲ့ ကျောက်စိမ်းတို့ ကျောက်
မျက်ရတနာတို့ကို တဆင့် အမေရိကန်ကို တင်သွင်းနေမှုကနေ ပိတ်ဆို့မှုအပြင် အခု
မြန်မာနိုင်ငံမှာ ရင်းနှီးနေတဲ့ ရှက်ဘရွန် ဓာတ်ငွေ့ကုမ္ပဏီကိုလည်း အခွန်ကင်းလွတ်
ခွင့်တွေ အမေရိကန်က ပေးတဲ့ဟာတွေကို ရပ်ဆိုင်းဖို့လည်း ပါဝင်တယ်ဆိုတော့
အဲဒါလေး နည်းနည်း ဆက်ရှင်းပြပေးပါ။

“ဒီဥပဒေမူကြမ်းက ရှက်ဘရွန်အပါအဝင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ အမေရိ
ကန်ကုမ္ပဏီတွေကို ပစ်မှတ်ထားတဲ့အချက်နှစ်ချက်၊ အရေးယူမှုနှစ်ခု ပါပါတယ်။
တခုကတော့ ရှက်ဘရွန်လိုကုမ္ပဏီကြီးတွေက ပြည်ပမှာ ရင်းနှီးမြှုပ်နှံတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုက သူ့ကို နှစ်စဉ်နှစ်စဉ် အခွန်ကင်းလွတ်ခွင့်ပေးတယ်။
တနှစ်တနှစ်ကို အခွန်ငွေ ဒေါ်လာ သန်းရာနဲ့ချီပြီးတော့ သက်သာခွင့်ရတယ်။ ဒါပေ
မယ့် ဒီဥပဒေမူကြမ်းကို အတည်ပြုပြီးတဲ့နောက်မှာတော့ ရှက်ဘရွန်ဟာ အရင်ကလို
မျိုး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အတွက် အခွန်ကင်းလွတ်ခွင့်ရတော့မှာ
မဟုတ်ဘူး။

“နောက်တချက်ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ငွေရေးကြေးရေးအဖွဲ့အစည်း
တွေ၊ ဘဏ်တွေအားလုံးကို မြန်မာနိုင်ငံစစ်အစိုးရနဲ့ လုံးဝမပတ်သက်ဖို့ ပိတ်ပင်တား
မြစ်တယ်။ စစ်အစိုးရဆိုတဲ့နေရာမှာ လက်ရှိစစ်အစိုးရခေါင်းဆောင်တွေ၊ အရင်တုန်း
က ခေါင်းဆောင်ဟောင်းတွေ၊ ကြံ့ဖွံ့အသင်းက လက်ရှိခေါင်းဆောင်တွေ၊
ခေါင်းဆောင်ဟောင်းတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေ၊ နောက် မြန်မာစစ်အစိုးရကို ကျောထောက်နောက်ခံပြုနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သူတို့ရဲ့မိသားစုဝင်တွေ
စသဖြင့် အားလုံးအားလုံး ပါပါတယ်။ ဒီလူတွေအားလုံးကို အမေရိကန်ရဲ့ ဘဏ်
လုပ်ငန်းများနဲ့ ပတ်သက်ခွင့်မပြုဖို့ ပိတ်ပင်တားဆီးထားတယ်။

“အဲလိုပိတ်ပင်တားဆီးတဲ့နေရာမှာ အမေရိကန်နိုင်ငံအတွင်းမှာရှိတဲ့ ဘဏ်လုပ်ငန်း
တွေတင် မကဘဲနဲ့ ကမ္ဘာအနံှ့အပြားမှာရှိနေတဲ့ အမေရိကန်ဘဏ်လုပ်ငန်းများရဲ့ ဘဏ်ခွဲတွေအားလုံးကပါ မြန်မာစစ်အစိုးရနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ငွေရေး
ကြေးရေး ဆက်ဆံပတ်သက်မှု၊ နောက်တခါ Payment of Transfer လို့ခေါ်တဲ့
သူတို့ရဲ့ လုပ်ငန်းတခုခုကို အသုံးချလို့ ဝယ်ယူလို့ ငွေရေးကြေးရေးရှင်းတမ်း
လုပ်တာမျိုးကအစ ပိတ်ပင်တားဆီးထားတယ်။

“ရှက်ဘရွန်ဆိုရင် တနှစ်တနှစ်ကို ဒေါ်လာသန်းရာနဲ့ချီပြီးတော့ မြန်မာစစ်အစိုးရကို
ရဲတံခွန်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် သူပေးဆောင်နေရတဲ့ ပိုက်ဆံတွေ
အများကြီးရှိတယ်။ အဲလိုမျိုးပေးဆောင်တဲ့အတွက်လည်း ရှေ့လျှောက် ဒီဥပဒေ
အတည်ပြုပြီးရင်တော့ အင်မတန်ကြီးမားတဲ့ အခက်အခဲရှိမယ်လို့ ကျနော်တို့
တွေ့နေရပါတယ်”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ရွှေတံဆိပ်
ချီးမြှင့်ဖို့ ရှိတယ်ဆိုတော့ အဲဒါ နည်းနည်းရှင်းပြပေးပါ။

“အဲဒါက ဒီ Congressional Gold Medal ဆိုတာ အမေရိကန်ပြည်ထောင်စုမှာ အဆင့်
အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုရှိပါတယ်။ တခုကတော့ Presidential Medal of
Freedom လို့ခေါ်တဲ့ သမ္မတရဲ့ လွတ်လပ်ရေးဆိုင်ရာတံဆိပ်ပေါ့။ နောက်တခုက
တော့ ကွန်ဂရက်ကချီးမြှင့်တဲ့ Congressional Gold Medal ပေါ့။ အဲဒီဆုက အင်မ
တန်မှ ရှားပါးပါတယ်။ သမ္မတရဲ့ လွတ်လပ်ရေးဆိုင်ရာဆုက တနှစ်တခါချီးမြှင့်တယ်။
နောက် သမ္မတကိုယ်တိုင်က ရွေးချယ်ပြီးချီးမြှင့်တာဖြစ်တယ်။

“ကွန်ဂရက်ကချီးမြှင့်တဲ့ Congressional Gold Medal ကျတော့ နှစ်တိုင်း နှစ်တိုင်း
ချီးမြှင့်လို့လည်းမရဘူး။ တကယ့် တိုင်းပြည်အတွက်၊ နိုင်ငံအတွက်၊ လူ့လောကကြီး
တခုလုံးအတွက် စွန့်လွှတ်အနစ်နာခံပြီး တိုက်ပွဲဝင်နေတဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်
ချီးမြှင့်တာဖြစ်ပြီး ချီးမြှင့်တဲ့နေရာမှာလည်း ခက်ခဲအောင်လုပ်ထားတယ်။ ရှားပါး
အောင်ပေါ့။ ဥပမာ ပုဂ္ဂိုလ်တယောက်ကို ရွေးချယ်ပြီးတော့ ဆုချီးမြှင့်နိုင်ဖို့အတွက်
Congressional ဥပဒေမူကြမ်းတရပ်လိုအပ်တယ်။ အဲဒီ Congressional ဥပဒေမူကြမ်း
ကိုလည်း အောက်လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ပူးတွဲပြီး ကမကထပြု
တင်သွင်းမှ၊ အထက်လွှတ်တော်မှာဆိုရင်လည်း အထက်လွှတ်တော်အမတ် သုံးပုံ
နှစ်ပုံက ပူးတွဲကမကထပြုပြီးတင်သွင်းမှ ဒီအဆိုပြုချက်တွေကို သက်ဆိုင်ရာ
လွှတ်တော်တွေက စဉ်းစားပြီးတော့ မဲခွဲဆုံးဖြတ်ကြတာပါ။

“ဒီလိုမျိုးဆုကိုလည်း ရှေ့မှာ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား ရခဲ့ဖူးပါတယ်။
ဒီနှစ်ဆိုရင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဆုပေးအပ်တဲ့အခမ်းအနား အကြီးအကျယ်လုပ်ခဲ့ကြတာပါ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အဲလိုဆုချီးမြှင့်
ဖို့ဆိုပြီး နယူးယော့ခ်မြို့က လွှတ်တော်ကိုယ်စားလှယ် ဂျိုးဇက်ခရောင်နီကနေပြီး တင်သွင်းထားပါတယ်။ အခုအချိန်ထိတော့ အောက်လွှတ်တော်မှာ လွှတ်တော်
ကိုယ်စားလှယ် ၂၄၃ ယောက်ရဲ့ ထောက်ခံမှု ရထားပြီးပါပြီ။ ဒါကို ဆက်ပြီးတော့
လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံဆိုတော့ သုံးရာကျော်က ထောက်ခံမှုရှိအောင်
ပူးတွဲ ကမကထ ပြု တင်သွင်းနိုင်အောင် ဆက်ကြိုးစားကြရဦးမှာပါ။ အဲလိုအောင်မြင်
တယ်ဆိုရင်တော့ မကြာခင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အမေရိကန်ပြည်
ထောင်စု ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ရမယ့် ပုဂ္ဂိုလ်တယောက် ဖြစ်လာပါ
လိမ့်မယ်”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း သက္ကရာဇ် ၂၀၀၀ တုန်းက သမ္မတရဲ့ လွတ်လပ်
ရေးဆုကို အဲဒီတုန်းက သမ္မတ ကလင်တန် ချီးမြှင့်တာကို ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG