သုံးရလွယ်ကူစေသည့် Link များ

မြန်မာပြည်အတွင်း ဘာသာရေး လေ့လာနေသော ဘင်္ဂလားဒေရှ့်နိုင်ငံသား ဗုဒ္ဓဘာသာရဟန်းများကို မြန်မာစစ်အစိုးရက နေရပ်ရင်းသို့ ပြန်ပို့


မြန်မာပြည်ထဲမှာ ဘာသာရေး လေ့လာဆည်းပူးနေကြတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို အခု မြန်မာစစ်အစိုးရက ဘင်္ဂလားဒေ့ရှ့်နိုင်ငံကို ပြန်ပို့နေပါတယ်။ ဘာကြောင့်များ ရဟန်းတော်တွေကို စာပေသင်ကြားခွင့်မပေးရတာနဲ့ ပတ်သက်ပြီး ဒီအကြောင်းကို ဒေါ်ခင်မျိုးသက်က Cox's Bazaar ကော့(စ်)ဘဇား နရိန်ဉ္စရာသတင်းထောက် ကိုအောင်သန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ့် သံဃာတွေ မြန်မာနိုင်ငံထဲမှာ ပညာသွားသင်နေတာ အခုဘင်္ဂလားဒေ့ရှ့် နိုင်ငံကို ပြန်ရောက် လာကြတာ သိရတယ်။ အဲဒါနဲ့ပတ်သက်ပြီး သံဃာတော်တွေရဲ့အခြေအနေကို နည်းနည်းပြောပြပေးပါလား။

“ အဲဒီသံဃာတော်တွေက ဗုဒ္ဓပါဠိပညာကို သင်ကြားနေကြတဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသား သံဃာတော်တွေဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရကတော့ အဲဒီနေရာမှာ ပညာသင်ကြားခွင့် မပေးဘဲနဲ့ မောင်းထုတ်တဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ သီတင်းမသုံးရဆိုပြီးတော့။ ဒါပေမဲ့ မောင်တောမြိ့မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရမှုကို တစ်လခွဲနီးနီး စစ်ဆေးခံခဲ့ရပါတယ်။ သူတို့က ဒီဘက်ကို လုံးဝ ပြန်ခွင့် မရပါဘူး။ လွန်ခဲ့တဲ့ တနင်္လာနေ့က နစက က တရားဝင်ဒီဘက် ဘီဒီအာရ်ကို လွှဲပြောင်းလိုက်တာ ဖြစ်ပါတယ်။”

ဒီသံဃာတော်တွေက ဘင်္ဂလားဒေရှ့်နိုင်ငံ ဘယ်နယ်တွေက လာကြပါလဲရှင့်။

“ သံဃာတော် (၁၂)ပါးက ဘင်္ဂလားဒေ့ရှ့် နိုင်ငံ။ စစ်တကောင်း တောင်တန်းဒေသ၊ တာတန်မြိ့နယ်၊ ဘန်ဒရာဘင် ခရိုင်၊ ခါးခါးစိုးရီ၊ ကော့စ်ဘဇားမြို့နဲ့ အဲဒီနေရာတွေကဖြစ်ပါတယ်၊”

ဘင်္ဂလားဒေ့ရှ့် နိုင်ငံထဲမှာ ဗုဒ္ဓဘာသာ ပရိယတ္တိစာပေတွေကို သင်ကြားနိုင်တဲ့ ဘုန်းတော်ကြီး ကျောင်းတွေ မရှိဘူးလားရှင့်။

“ ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှာ ပရိယတ္တိ စာပေတွေ သင်ကြားနေတဲ့ ဘုန်းတော်ကြီး ကျောင်းတွေမရှိပါဘူး။ အဲဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဘင်္ဂလားဒေ့ရှ့် နိုင်ငံက သံဃာတော်တွေအနေနဲ့ မြန်မာနိုင်ငံမှာ သွားပြီးတော့ ပညာသင်ကြားနေတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံထဲက ဘယ်ကျောင်းတွေများ သင်ကြတာပါလဲရှင့်။

“ များသောအားဖြင့်ကတော့ သူတို့ သွားသင်တာတော့ တတ်နိုင်တဲ့ သူတွေဆိုရင် ရန်ကုန်မြို့မှာ သွားသင်ကြပါတယ်။”

အဲဒီလိုမျိုးလာပြီး ပညာသင်ခွင့်ကို အစိုးရက ခွင့်ပြုခဲ့ပြီးမှ အခုမှနှင်ထုတ်တာလားရှင့်။

“လွန်ခဲ့တဲ့ စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးပြီးတော့ ဒီစစ်အစိုးရက သံဃာတော်တွေရဲ့ ငြိမ်းချမ်းစွာ တောင်းဆိုမှုကို လက်မခံဘဲ အခုလို မောင်းထုတ်တာ ဖြစ်ပါတယ်ခင်ဗျ။”

အခု ဘင်္ဂလားဒေ့ရှ့် နိုင်ငံက မြန်မာနိုင်ငံကို သွားပြီး ပညာသင်နေတာ သံဃာတော် စုစုပေါင်း ဘယ်နှစ်ပါးလောက် ရှိပါသလဲရှင့်။

“ တော်တော်များများပါဘဲ။ အခု ဘင်္ဂလားဒေ့ရှ့်နိုင်ငံက သံဃာတော်တွေအနေနဲ့ ဆရာသမားဖြစ်တဲ့ သံဃာတော်တွေက မြန်မာနိုင်ငံက သံဃာတော်တွေ ဖြစ်ပါတယ်ခင်ဗျ။ အားလုံး သံဃာတော်နီးပါးက မြန်မာနိုင်ငံကို သွားပြီးမှ ဒီဘက်မှာ လာပြီး ကျောင်းထိုင်တာ ဖြစ်ပါတယ် ခင်ဗျ။ သူတို့အနေနဲ့ မြန်မာနိုင်ငံကို သွားပြီး ပညာမသင်လို့ကို မရပါဘူး။”

လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုရှိပါသလဲ။

“ အခုတော့ မောင်တောနဲ့ တက်ကနာကြားမှာရှိတဲ့ နယ်စပ်ဒေသတွေမှာ ဘင်္ဂလားဒေ့ရှ့် နိုင်ငံနဲ့ မြန်မာ နိုင်ငံကို အသွားအလာ တော်တော် အခက်အခဲ ရှိပါတယ်။ အဓိကအားဖြင့် သံဃာတော်တွေ အခက်အခဲရှိပါတယ်။ အစိုးရ တရားဝင် မဟုတ်ဘူးဆိုလို့ရှိရင် လူဝတ်လဲပြီး သူတို့ သွားရတဲ့ အခြေအနေမှာ ရှိပါတယ်။ လာမယ့် နတ်တော်လဆန်းမှာ ကျင်းပမယ့် ဆံတော်ရှင်ပွဲတော် ဆိုလို့ရှိရင် ဘင်္ဂလားဒေ့ရှ့်နိုင်ငံက သံဃာတွေ တပါးမှ သွားခွင့် ရမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့ လဲဆိုရင် နယ်စပ်က တအား တင်းကြပ်ပြီးတော့ ဘုန်းကြီးဆိုရင်၊ သံဃာဆိုရင် လုံးဝဖြတ်သန်းခွင့် မရပါဘူး။ လွန်ခဲ့တဲ့ (၅)ရက်လောက်က ဆိုရင် ဒီဘက်က ဘုရားဖူးသွားတဲ့ ဘုန်းတော်ကြီး(၃)ပါး ပေါ့နော်။ ဒီဘက်က သွားရင်လည်း နယ်စပ်ကို ရောက်တဲ့အခါ လူဝတ်လဲပြီး သွားရတယ်။ ဟိုဘက်က ကြွလာတဲ့ အခါမှာလည်း လူဝတ်လဲပြီး ကြွလာကြပါတယ်။ လူဝတ်လဲပြီး ကြွလာတယ်လို့ သူတို့က ကျနော့်ကို ပြောပါတယ်။ ”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG