သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး နိုင်ငံတကာဆွေးနွေးပွဲ ထိုင်း နိုင်ငံရေးခေါင်းဆောင် အဆိုပြုမည်


ထိုင်းနိုင်ငံအတွင်း လူအများ ထောက်ခံမှုကိုရနေတဲ့ ထိုင်းပြည်သူ့အာဏာပါတီ ခေါင်းဆောင်က မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကြပ်အတည်းတွေကို ဖြေရှင်းရေး နိုင်ငံတကာ ညီလာခံတရပ် ကျင်းပနိုင်အောင် အဆိုပြုမယ့်အကြောင်း ပြောဆိုလိုက်ပါတယ်။

ထိုင်း ပြည်သူ့အာဏာပါတီ ခေါင်းဆောင် Samak Sundaravej ဆာမတ်ခ် ဆွန်ဒြာဗတ်ချ် က လာမယ့် ဒီဇင်ဘာ ၂၃ ရက် ထိုင်းနိုင်ငံမှာ ကျင်းပဘို့ စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲမှာ သူ့ပါတီအနိုင်ရမယ်ဆိုရင် မြန်မာနိုင်ငံံအရေးကို မြောက်ကိုရီးယားနိုင်ငံ့အရေး ခြောက်နိုင်ငံဆွေးနွေးပွဲလို ဆွေးနွေးပွဲ ကျင်းပနိုင်အောင် အဆိုပြုမယ်လို့ ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ့အရေး ခြောက်နိုင်ငံဆွေးနွေးပွဲတွေဟာ နြူကလီးယားအစီအစဉ် အဆုံးသတ်ရေးအတွက် ဆွေးနွေးနေတာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီရေးအတွက် ရှေ့တိုးဆောင်ရွက်လာနိုင်အောင် ဖျောင်းဖျတိုက်တွန်းတဲ့အနေနဲ့ ဒီလို ညီလာခံကျင်းပနိုင်ရေး အဆိုပြုမှာဖြစ်တယ်လို့လည်း ဆာမတ်ခ် ဆွန်ဒြာဗတ်ချ် က ပြောဆိုပါတယ်။ တရုပ်၊ ဂျပန်၊ ပြင်သစ်၊ စကာၤပူနဲ့ အမေရိကန်ပြည်ထောင်စု စတဲ့နိုင်ငံတွေလည်း မြန်မာ့အရေးဆွေးနွေးပွဲမှာ ပါဝင်ကူညီနိုင်တယ်လို့ ပြောပါတယ်။

ဆာမတ်ခ်ရဲ့ ထိုင်းပြည်သူ့အာဏာပါတီဟာ လာမယ့် ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများစုကို အနိုင်ရမယ့် ပါတီဆိုပြီး လူထုကြား သဘောထားကောက်ခံတဲ့ စစ်တမ်းတွေက ဖေါ်ပြနေပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံ့လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စိတ်ပျက်တဲ့အကြောင်း အရင်ကထက်ပိုပြီး ထုတ်ဖေါ်ပြောဆိုလာနေကြချိန်မှာ ထိုင်းနိုင်ငံရေးခေါင်းဆောင် ဆာမတ်ခ် ဆွန်ဒြာဗတ်ချ်ရဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အဆိုပြုမယ်ဆိုတဲ့ ပြောဆိုချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG