သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ လူကိုကူးစက်ခဲ့သော်လည်း ရောဂါမပြန့်ပွားရန် ထိန်းချုပ်နိုင်ပြီဟု WHO ပြော


မြန်မာနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါပိုး လူကိုကူးစက်ခဲ့တာမှန်ပေမယ့် ကျန်းမာရေး
ဝန်ကြီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)
တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ရောဂါ
မပြန့်ပွားအောင် ထိန်းသိမ်းကာကွယ်နိုင်ခဲ့ပြီ
ဖြစ်တဲ့အကြောင်း WHO အရာရှိတွေက
ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံ
အတွင်း ကြက်ငှက်တုပ်ကွေးရောဂါ တိုက်ဖျက်
ရေးအတွက် အခြေခံလိုအပ်တဲ့ဆေးဝါးနဲ့ ထောက်ပံ့မှုတွေပေးနိုင်အောင် ကူညီဆောင် ရွက်ပေးနေတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့က WHO ကျွမ်းကျင်သူအရာရှိကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းနိုင်ငံ
ရောက် ဗွီအိုအေမြန်မာပိုင်းအစီအစဉ်က ဒေါ်ခင်စိုးဝင်းက ဆက်ပြီး တင်ပြပေးထား
ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရန်ကုန်ရုံးခွဲမှာ Technical Officer Incharge ကျွမ်းကျင်သူအရာရှိချုပ်အဖြစ် တာဝန်ယူထားတဲ့ မစ္စကန်းနော့ဖောကောနင်း
ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ လူကို ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခဲ့တဲ့ကိစ္စနဲ့
ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက အကြောင်းကြားချက်အရ သူနဲ့အတူ
WHO စုံစမ်းစစ်ဆေးရေးအဖွဲ့ ကျိုင်းတုံကိုသွားရောက်ပြီး ကွင်းဆင်းလေ့လာခဲ့တယ်
လို့ ပြောပြပါတယ်။

“အခြေအနေကို နိုင်နိုင်နင်းနင်းထိန်းနိုင်ခဲ့ပါတယ်။ အခုထိတော့ ကြက်ငှက်တုပ်ကွေး
ရောဂါဟာ လူတယောက်တည်းကိုပဲ ကူးစက်ခဲ့တာပါ။ တကယ်တော့ ရောဂါကူးစက်
တာ ပြင်းပြင်းထန်ထန်မဟုတ်ပါဘူး။ အဲဒီရောဂါကူးစက်ခံခဲ့ရတဲ့ကလေးဟာ အခု
ကောင်းကောင်းကို နာလန်ပြန်ထူလာပါပြီ” လို့ ပြောပြသွားပါတယ်။

အသက် ၇ နှစ်အရွယ် မနန်းခမ်းသန်းဆိုတဲ့ ကလေးမလေးဟာ ကျိုင်းတုံမြို့အနီး နောင်ရင်ရွာကဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့က ကြက်ငှက်တုပ်ကွေးရောဂါနဲ့ ကျိုင်းတုံပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကို ဆေးရုံမှာ တမီဖလူးဆေးပြား တိုက်ကျွေးကုသခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့က ဆေးရုံက ဆင်းခွင့်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါ လူကို ပထမဦးဆုံး ကူးစက်ခဲ့ရတဲ့ကိစ္စနဲ့
ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုင်တွယ်လုပ်ဆောင်ပုံနဲ့ ပတ်သက်ပြီး မစ္စကန်းနော့ဖောကောနင်းက အခုလိုပြောပြပါတယ်။

“ကျန်းမာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးဖို့ ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ရောဂါကူးစက်နိုင်ဖွယ်ရှိတဲ့ အနီးတဝိုက်က လူပုဂ္ဂိုလ် ၆၈၉
ယောက်ကိုလည်း ကျန်းမာရေး ဆေးစစ်ပေးခဲ့ပါတယ်။ အဲဒီ ၆၈၉ ယောက်အနက်
၄ ယောက်မှာ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်တဲ့လက္ခဏာတွေ့ရတယ်လု့ိ
သံသယရှိတာနဲ့ သွေးနမူနာတွေကို ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့ပါတယ်။ အဲဒီ
သံသယရှိတဲ့ ၄ ယောက်အနက် ဒီ နန်းခမ်းသန်းဆိုတဲ့ ကလေးမလေးတယောက်သာ
H5N1 ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရတာလု့ိ ဆိုပါတယ်။ ဆေးစစ်ပေးခဲ့တဲ့ ၆၈၉ ယောက်စလုံး
ကိုလည်း အနီးကပ် ၁၀ ရက်စောင့်ကြည့်ခဲ့တာ ဘာရောဂါလက္ခဏာမှ မတွေ့ရဘူး”
လို့ ပြောပြသွားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိမွေးကုဌာနတို့ပူးပေါင်းပြီး ရောဂါဖြစ်ပွားတဲ့ရွာနဲ့ အနီး
တဝိုက်ဒေသက ကြက်၊ ဘဲနဲ့ ငန်းကောင်ရေ ၁၅၀၀၀ ကိုလည်း သုတ်သင်နိုင်ခဲ့ပြီး မွေးမြူရေးခြံတွေကို လိုအပ်သလို ကာကွယ်ဆေးဖြန်းတာတွေ၊ နယ်ကျော်ပြီး ကြက်
ငှက်တွေ၊ ဘဲတွေ မပို့ဆောင်ရေး၊ အိမ်နီးချင်းနိုင်ငံတွေကိုလည်း ကြက်၊ ငှက်၊ ဘဲ၊
ငန်း စတာတွေ မတင်ပို့ရန် စတဲ့ လိုအပ်သလို ကာကွယ်ရေးတွေ လုပ်ပေးနိုင်ခဲ့တယ်
လို့ မစ္စကန်းနော့ဖောကောနင်းက ပြောပြပါတယ်။

“မြန်မာနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားတာနဲ့ပတ်သက်ပြီး အရေးပေါ် ချက်ချင်းတုံ့ပြန်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ WHO ပူးတွဲပြီး အရေးပေါ်အဖွဲ့
တွေကို ပြည်နယ်နဲ့တိုင်းအလိုက် ဖွဲ့စည်းထားရှိပါတယ်။ အဲဒီအဖွဲ့တွေအနေနဲ့ ရောဂါ ဖြစ်တယ်ဆိုတာကို သိသိချင်း အဲဒီနေရာကို ၂၄ နာရီအတွင်း ဒါမှမဟုတ် ချက်ချင်း အရောက်သွားကြဖို့ စီစဉ်ထားခဲ့တာဖြစ်တဲ့အတိုင်း နေပြည်တော်က ကျန်းမာရေး
ဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ WHO ရန်ကုန်ရုံးခွဲကပုဂ္ဂိုလ်တွေ ချက်ချင်းသွား
ရောက်ခဲ့ကြပါတယ်။ အဲဒီနေရာမှာ ကြက်ငှက်တုပ်ကွေးရောဂါ လူကိုကူးစက်တာ
တွေ့ခဲ့ရလို့ ချက်ချင်းအရေးယူဆောင်ရွက်နိုင်ခဲ့တာပါ” လို့ သူက ပြောပြသွားတာပါ။

အကယ်၍ ဒီကြက်ငှက်တုပ်ကွေးရောဂါ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူကို ကူးစက်ခဲ့
ရင် ရန်ကုန်မှာရှိတဲ့ WHO ရုံးခွဲအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကုသပေးဖို့
အတွက် ဆေးဝါးနဲ့ လူအင်အား အလုံအလောက်ရှိပါရဲ့လားလို့ မေးကြည့်ရာမှာ မစ္စကန်းနော့ဖောကောနင်းက အခုလိုဖြေပါတယ်။

“WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကုသပေးနိုင်စွမ်း စွမ်းရည်မြင့်မားခိုင်မာအောင် အကူ
အညီတွေ ပေးနေပါတယ်။ ဓာတ်ခွဲခန်းတွေ အလုံအလောက် ထားရှိနိုင်အောင်၊
အရေးပေါ် အမြန်ဆုံးသွားရောက်နိုင်မယ့် အရေးပေါ်အဖွဲ့တွေ ဖွဲ့စည်းရေးနဲ့ ကြိုတင် ခန့်မှန်းသိရှိနိုင်မယ့် ရောဂါရှာဖွေထောက်လှမ်းရေးအဖွဲ့တွေ၊ အခြေခံလိုအပ်တဲ့
ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာတွေကိုလည်း အသင့်သိုလှောင်ပေးထားတဲ့အကြောင်း၊
တကယ်လို့ လိုအပ်ခဲ့ရင် ဒေသဆိုင်ရာ ကျန်းမာရေးအဖွဲ့ရဲ့ အကူအညီကို အမြန်ဆုံး
ရယူနိုင်တဲ့အထိ ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ထားကြောင်း” ပြောပြသွားပါတယ်။

မြန်မာစစ်အစိုးရ ကျန်းမာရေးဒု-ဝန်ကြီး ဒေါက်တာမြဦးက ကြက်ငှက်တုပ်ကွေးရောဂါ လူကိုကူးစက်ပြီး သေတဲ့နှုန်းက ဆားစ်လို့ခေါ်တဲ့ ကူးစက်မြန် အသက်ရှူလမ်းကြောင်း ရောင်ရမ်းနာရောဂါနဲ့ သေဆုံးမှုနှုန်းထက် ပိုများတာကြောင့် ကြက်ငှက်တုပ်ကွေး
ရောဂါ ကာကွယ်ရေးကို ဦးစားပေးဆောင်ရွက်ကြရမယ့်ကိစ္စဟာ အမျိုးသားရေး
တာဝန်တရပ်ဖြစ်တယ်လို့ ပြောဆိုသွားတဲ့အကြောင်း တနင်္ဂနွေနေ့ထုတ် မြန်မာ့အလင်း
သတင်းစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG