သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံရဲ့ အောင်မြင်တဲ့ ဒုံးပျံစမ်းသပ်မှု ဒေသတွင်း စိုးရိမ်မှုတွေရှိနိုင်


ပစိဖိတ် သမုဒ္ဒရာထက်မှာ အဝေးပစ် ဒုံးပျံတခုကို ပစ်ချလိုက်ရင်း အမေရိကန် ပြည်ထောင်စုက တည်ဆောက်ခဲ့တဲ့ ဒုံးခွင်းဒုံး တခုကို ဂျပန်နိုင်ငံက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါပြီ။ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးစနစ်ကို မြှင့်တင်ဖို့ အထူးသဖြင့် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု အန္တာရာယ်က ကာကွယ်ဖို့ နှစ်ပေါင်းများစွာ အမေရိကန်နဲ့ ဂျပန် နိုင်ငံတို့ ပူးပေါင်း ကျိုးပမ်းနေခဲ့ကြတဲ့ အကြောင်း ဟောင်ကောင်မှာရှိတဲ့ ဗွီအိုအေ အာရှသတင်းဌာနခွဲရဲ့ Naomi Martig သတင်းပေးပို့ ထားတာကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဟာဝိုင်ယီ ကျွန်းတွေအနီး ပစိဖိတ်သမုဒ္ဒရာ အထက် မိုင် ၁၀၀ ကျော်အကွာ ကောင်းကင်ထဲမှာ Standard Missile Three (SM-3) အမည်ရတဲ့ ဒုံးခွင်းဒုံးက တာလတ်ပစ် ဒုံးပျံတစင်းကို ဒီကနေ့ပဲ အောင်မြင်စွာပစ်ချလိုက်တဲ့အကြောင်း ဂျပန်အစိုးရ အရာရှိတွေက ပြောဆိုလိုက်တာပါ။ တည်ဆောက်နေဆဲ ဖြစ်တဲ့ ဒုံးခွင်းဒုံးစနစ်ကို အမေရိကန် ပြည်ထောင်စုက စမ်းသပ်ခွင့် ပေးတဲ့ နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။ ရုပ်မြင်သံကြား ပုံရိပ်တွေထဲမှာ ဒုံးပျံ ၂ စင်း တိုးမိပြီး ပေါက်ကွဲမှုကြီး တခုကို တွေ့မြင်လိုက်ရတာပါ။ ဒီနောက်မှာတော့ အမေရိကန်နဲ့ ဂျပန် စစ်အရာရှိတွေ ရလာဒ်နဲ့ ပတ်သက်ပြီး လက်ခုပ်သြဘာပေးခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဂျပန် ကာကွယ်ရေးဝန်ကြီး ရှီဂေရု အီရှီဘာ (Shigeru Ishiba) ကတော့ အခုစမ်းသပ်မှုဟာ ထူးခြားတဲ့ ဖြစ်စဉ်အဖြစ် ပြောဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ဒုံးခွင်းဒုံးစွမ်းရည် ပိုင်ဆိုင်မှုဟာ အကြီးအကျယ် တိုးတက်မှု ရှိလာတဲ့အကြောင်း သူကပြောသွားတာပါ။ စွမ်းဆောင်ရည်ကို ဒီထက်ပိုပြီး မြင့်တက်လာစေဖို့ ဒီစနစ်ကို တိုးတက်အောင် ဂျပန်နိုင်ငံ အနေနဲ့ ကျိုးပမ်းအားထုတ် သွားဦးမှာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

SM-3 ဒုံးခွင်းဒုံးစနစ်ဟာ တာလတ်ပစ်ဒုံးပျံတွေကို ကြားဖြတ်ပစ်ခတ်နိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ စနစ်တခု ဖြစ်ပါတယ်။ အခုစမ်းသပ်မှုမှာ ပစ်ချခဲ့တဲ့ တာလတ်ပစ်ဒုံးပျံဟာလည်း မြောက်ကိုရီးယားနိုင်ငံရဲ့ အာဆီနယ်လ် ဒုံးပျံနဲ့ တည်ဆောက်ပုံခြင်း တူတယ်လို့လည်း ဂျပန်အစိုးရ အရာရှိတွေက ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံက ထုတ်လုပ်နိုင်တဲ့ ဒုံးပျံအမျိုးအစားတွေရဲ့ ရန်က ကာကွယ်ဖို့ စနစ်တရပ်ကို အမေရိကန် ပြည်ထောင်စုနဲ့ ပူးတွဲ တည်ဆောက်နေခဲ့တာပါ။ လာမယ့် သက္ကရာဇ် ၂၀၁၁ ခုနှစ် နောက်ဆုံးထားပြီး ဂျပန်နိုင်ငံက သူ့ရဲ့ ဖျက်သင်္ဘောတွေထဲက ၄ စီးမှာ ဒီ SM-3 ဒုံးခွင်းဒုံးတွေကို တပ်ဆင်ဖို့လည်း စီစဉ်ထားတာပါ။

၁၉၉၈ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံက ဂျပန်နိုင်ငံပေါ်မှာ ဒုံးပျံပစ်ခတ် စမ်းသပ်မှု လုပ်ဆောင်ခဲ့စဉ်ကစလို့ နိုင်ငံရဲ့ ကာကွယ်ရေးစနစ်ဟာ အရေးပေါ်လုပ်ငန်းစဉ်တခုအဖြစ် ဂျပန်နိုင်ငံက လက်ခံစဉ်းစားလာခဲ့တာပါ။ သြစတြေးလျနိုင်ငံ အခြေစိုက် နည်းဗျူဟာနဲ့ ကာကွယ်ရေးဆိုင်ရာ လေ့လာရေးဌာန ရဲ့ ညွှန်ကြားရေးမှူး ရောဘတ် ဧဆွန် ကတော့ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မကင်းဖြစ်မှုဟာ မြောက်ကိုရီးယားကိစ္စထက် ပိုတယ်လို့ ဆိုပါတယ်။

“မြောက်ကိုရီးယားနိုင်ငံကို အလားအလာရှိတဲ့ စိမ်ခေါ်သူအဖြစ် အရေးပါတဲ့ ရှုမြင်မှုဟာ အရေးကြီးကြောင်း ထပ်တလဲလဲ သဘောပြောဆိုနေရတာပါ။ ဒါပေမဲ့ တကယ်တော့ ဒါဟာ ဒီထက်ပိုတယ်လို့ ကျနော်ထင်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုနဲ့ ပတ်သက်လို့ သတင်းစကား ပေးထားတာ ရှိတယ်လို့လည်း ကျနော်ယူဆပါတယ်၊ ဒါပေါ့ဗျာ တရုတ်ကိစ္စကလည်း ဒီလိုစဉ်းစားဖို့ အလွယ်တကူဖြစ်စေနိုင်တာပေါ့။”

အခုလို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တာဟာ တရုတ်နိုင်ငံကို စိုးရိမ်မကင်း ဖြစ်စေနိုင်တယ်လို့လည်း ဧဆွန် ကဆိုပါတယ်။ တိုင်ဝမ် ရေလက်ကြား တလျှောက်မှာ စစ်မက်ဖြစ်ပွားခဲ့ရင် တိုင်ဝမ်ကို တရုတ်နိုင်ငံက ပစ်ခတ်မယ့် တရုတ် ဒုံးပျံတွေကို အခု ဒုံးခွင်းဒုံးစနစ်က တန်ပြန်နိုင်မှာကိုလည်း တရုတ်အနေနဲ့ စိုးရိမ်စရာရှိတယ်လို့လည်း သူကပြောပါတယ်။

“မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှု ရှိနေတယ်ဆိုပြီး သတ်မှတ်ပြောဆိုနေတဲ့တချိန်တည်းမှာပဲ ဒီရေလက်ကြားမှာ ပြဿနာတွေ ဖြစ်လာခဲ့ရင် ဒီစနစ်ကို အသုံးမပြုပါဘူးလို့ အာမခံထားတာမရှိပါဘူး။”

တိုင်ဝမ်ဟာ ၁၉၄၉ ခုနှစ်ကစလို့ တပြည်ထောင်ခြားနား ထူထောင်ခဲ့တာဖြစ်ပေမဲ့ တရုတ်နိုင်ငံကတော့ သူပိုင်ဆိုင်တဲ့ အစိတ်အပိုင်း တခုအဖြစ်သာ ယူဆထားတာပါ။ တရုတ်နိုင်ငံ ဖက်ကတော့ ပြန်လည်ပေါင်းစည်းရေး အတွက် စစ်အင်အားသုံးဖို့အထိ ခြိမ်းခြောက်ထားတာဖြစ်ပြီး ထောင်ချီတဲ့ ဒုံးပျံတွေကို ရေလက်ကြားပေါ် ကျော်လွှားပြီး တိုင်ဝမ်ဖက်ကို ချိန်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG