သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးဆောင်၍ မြန်မာမိတ်ဆွေများအဖွဲ့ ဆွေးနွေးညှိနှိုင်းပွဲပြုလုပ်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ
ဘန်ကီမွန်းက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး
တော့ အစည်းအဝေးတရပ်ကို မနေ့က
ကုလသမဂ္ဂဌာနချုပ်မှာ ခေါ်ယူကျင်းပခဲ့
တယ်လို့ သိရပါတယ်။ ဒီအကြောင်း
အသေးစိတ်ကို ကိုသားညွန့်ဦးက
ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အတွင်းရေးမှူး
ချုပ်ရဲ့ မိတ်ဆွေများအဖွဲ့ဆိုတဲ့ ၁၄ နိုင်ငံပါ
ဒီအစည်းအဝေးကို ပထမဆုံးအကြိမ် ကုလ
သမဂ္ဂမှာ ကျင်းပပြုလုပ်တာဖြစ်ပြီး အတွင်း ရေးမှူးချုပ်ကိုယ်တိုင် ကမကထပြုခဲ့တာလို့ သိရပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူး
ချုပ်အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကိုင်တွယ်ဆောင်ရွက်နေတဲ့နေရာမှာ မြန်မာ နိုင်ငံနဲ့ပတ်သက်ပြီး အရေးပါတဲ့နိုင်ငံတွေရဲ့ သဘောထားတွေကို ကျယ်ကျယ်ပြန့်ပြန့်
ပါဝင်စေချင်လို့ အခုလို ညှိနှိုင်းပွဲကို စီစဉ်တာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူး
ချုပ်ရုံး ပြောခွင့်ရအမျိုးသမီး မစ်ရှဲလ် မွန်းတပ်စ် (Michele Montas) က မနေ့ နေ့လယ်
ပိုင်း ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။

“အခု ဒီကနေ့ နေ့လယ်ပိုင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကနေ မြန်မာမိတ်ဆွေ
များအဖွဲ့ ပထမဆုံးအကြိမ် ဆွေးနွေးပွဲကို ခေါ်ယူကျင်းပဖို့ ရှိပါတယ်။ ဒီအဖွဲ့မှာ နိုင်ငံ
ပေါင်း ၁၄ နိုင်ငံပါပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကနေ မြန်မာနိုင်ငံကိစ္စ ကိုင်တွယ်ဆောင်ရွက်နေတဲ့အပေါ် ထောက်ခံပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ
ဆိုတာကို ညှိနှိုင်းဖို့ဖြစ်ပါတယ်။ ဒါဟာ အလွတ်သဘော ဆွေးနွေးပွဲဖြစ်ပါတယ်”

ဒီအထဲပါဝင်တဲ့ နိုင်ငံတွေကတော့ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ရှရှား၊ အမေရိကန်
ပြည်ထောင်စု၊ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ပြင်သစ်၊ နော်ဝေး၊ ထိုင်း၊ အိန္ဒိယ၊
ပေါ်တူဂီနဲ့ ဗြိတိသျှနိုင်ငံတို့ ဖြစ်ကြပါတယ်။ အထွေထွေညီလာခံကနေ မြန်မာနိုင်ငံ
အပေါ် ဆုံးဖြတ်ချက်ချမှတ်ထားတဲ့အတိုင်း ဆောင်ရွက်ဖို့ အထွေထွေညီလာခံရဲ့
လုပ်ပိုင်ခွင့်ကိုယူပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကနေ ကမကထလုပ်တဲ့
အစည်းအဝေးဖြစ်တယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေး
မှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီလည်း တက်
ရောက်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သူလက်ရှိဆောင်ရွက်နေတာတွေကို ရှင်းပြခဲ့
တယ်လို့ သိရပါတယ်။

အခုလို မြန်မာ့အရေးအတွက် အတွင်းရေးမှူးချုပ်ကိုယ်တိုင် ကမကထလုပ် မိတ်ဆွေ
နိုင်ငံများအဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်တာဟာ ယခင်အတွင်းရေးမှူးချုပ် ကိုဖီအာနန်
လက်ထက်ကတည်းက ကြိုးပမ်းဆောင်ရွက်မှုတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒါပေ
မယ့် ဒီတခေါက်မှာတော့ အရင်ကထက် ထိရောက်မှုရှိအောင် ပြင်ဆင်ဆောင်ရွက်ပုံ
ရတယ်လို့ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်းက အခုလို ရှင်းပြထားပါတယ်။

“မစ္စတာကိုဖီအာနန် ရှိတုန်းကလည်း ဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့ အတိုင်ပင်ခံ
အဖွဲ့ ဆိုတဲ့သဘောမျိုး ဖွဲ့ထားခဲ့ဖူးတာ ရှိပါတယ်။ အဲဒီတုန်းက နိုင်ငံ ၂၀ ကျော်ဖြစ်တဲ့
အတွက် တိုင်ပင်ဆွေးနွေးမှုတွေဟာ သတင်းဖလှယ်တဲ့အဆင့်ကလွဲပြီးတော့ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ လုပ်ငန်းတွေမှာ ထိထိရောက်ရောက် အောင်မြင်
အောင် ကူညီပံ့ပိုးပေးနိုင်တဲ့ အနေအထားမရှိဘူး။

“ဒါကြောင့် စက်တင်ဘာနောက်ပိုင်းမှာ ဒီလိုမျိုး အထွေထွေအတွင်းရေးမှူးချုပ်ရဲ့
အတိုင်ပင်ခံအဖွဲ့ကို စုဖွဲ့တဲ့နေရာမှာ ယူအန်ရဲ့စဉ်းစားချက်ဟာ ပထမတခုက သိပ်ကြီး
တဲ့အဖွဲ့မဟုတ်ဘဲ နိုင်ငံတချို့ပဲပါတဲ့ အစုအဖွဲ့ငယ်ဖြစ်ရမယ်၊ ဒီလိုစုဖွဲ့တဲ့နေရာမှာ လုံခြုံ
ရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံလည်းပါရမယ်၊ အိမ်နီးချင်းနိုင်ငံတွေလည်း
ပါရမယ်၊ ဗမာပြည်အရေးကိစ္စကို ဖြေရှင်းတဲ့နေရာမှာ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ စင်ကာ
ပူ၊ အင်ဒိုနီးရှား၊ ဂျပန် စတဲ့ အိမ်နီးချင်းနိုင်ငံတွေမပါဘဲ၊ ဒီနိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုတွေ
မရဘဲ အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ ခဲယဉ်းပါ
တယ်။ အဲဒီအခြေခံစဉ်းစားချက် နှစ်ခုအပေါ်မှာမူတည်ပြီး နိုင်ငံပေါင်း ၁၄ နိုင်ငံနဲ့ဖွဲ့
တယ်လို့ သိရပါတယ်”

ဒီမတိုင်ခင်မှာ ထိုင်းနိုင်ငံနဲ့ အချို့ပြောဆိုလာကြတဲ့အထဲမှာ မြန်မာနိုင်ငံကိစ္စကို
မြောက်ကိုရီးယားကိစ္စ ၆ ပါတီအဖွဲ့အစည်းလုပ် ကိုင်တွယ်သလိုမျိုး ဆောင်ရွက်ဖို့
တင်ပြမှုတွေ တွေ့ရပါတယ်။ အခု ၁၄ နိုင်ငံပါအဖွဲ့က ဒါနဲ့ အလားတူပုံစံလို့ ပြောနိုင်
သလား၊ ဒီအလားအလာရော ဖြစ်လာနိုင်သလားခင်ဗျ။

“ထိုင်းဝန်ကြီးချုပ် ဆူရာယုဒ် (Surayud Chulanont) ပြောလိုက်တဲ့ဟာက နည်းနည်း
တော့ကွာတယ်။ ဒေသတွင်းမှာရှိတဲ့နိုင်ငံတွေကပဲ ကမကထပြုပြီးတော့ ဗမာပြည်
အရေး ဆောင်ရွက်ဖို့၊ ဆွေးနွေးပွဲတွေလုပ်ဖို့ပါ။ အခုကတော့ ယူအန်ကနေပြီးတော့ အထွေထွေအတွင်းရေးမှူးချုပ်က ဦးဆောင်ပြီးလုပ်တာပါ။ အထွေထွေအတွင်းရေးမှူး
ချုပ်ရဲ့ ဖိတ်ခေါ်ချက်နဲ့ ဒီနိုင်ငံတွေက ဝင်ရောက်လာတာပါ။ ယူအန်ရဲ့ အခန်းကဏ္ဍက
ပိုပြီး ဆုံချက်နေရာမှာရှိပါတယ်။ ထိုင်းကအဆိုပြုထားတာတော့ ဒေသတွင်းနိုင်ငံတွေ
ရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးပါတဲ့သဘောရှိတယ်။

“အဲဒီအပိုင်းမှာ နှစ်မျိုးပေါ့၊ နအဖဘက်ကလည်း အာဆီယံရဲ့ Roll ကို လက်မခံတာတွေ
ရှိပါတယ်။ အဲဒီလိုပဲ အားလုံးရဲ့သဘောထားကလည်း တဖြည်းဖြည်းဖြစ်လာတာက
ယူအန်ကနေပဲ ကမကထ ဦးဆောင်ပြီးလုပ်ရမယ်။ နအဖကလည်း ယူအန်ကလုပ်တာ
ကို အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု မရှိသေးပေမယ့် မူအရ လက်ခံတယ်လို့ ပြောထားတာရှိပါတယ်။ အဲဒီနှစ်ခုက ကွာခြားချက်ရှိပါတယ်”

ဒေါက်တာသောင်းထွန်းပြောခဲ့သလိုဆိုရင်တော့ အခု မြန်မာနိုင်ငံကိစ္စကို ကုလသမဂ္ဂ
က ကိုင်တွယ်တဲ့နေရာမှာ အတွင်းရေးမှူးချုပ်ရုံးရဲ့ အခန်းကဏ္ဍက ပိုကြီးလာတယ်လို့
ဆိုရမှာပါ။ ဒါ့အပြင် အထွေထွေညီလာခံကြီးရဲ့ လုပ်ပိုင်ခွင့်ကို ယူထားတယ်ဆိုတော့
လည်း မြန်မာနိုင်ငံကိစ္စ ထူးခြားမှုရှိတာနဲ့ အတွင်းရေးမှူးချုပ် လုပ်ပိုင်ခွင့်နဲ့ ဒီ ၁၄ ဖွဲ့ပါ မြန်မာမိတ်ဆွေနိုင်ငံများအဖွဲ့ကို အချိန်မရွေး ခေါ်ယူလို့ရတယ်ဆိုတဲ့သဘော သက် ရောက်လာပါတယ်။ အခုဆွေးနွေးပွဲဟာ အလွတ်သဘော တံခါးပိတ်ဆွေးနွေးပွဲဖြစ်
လေတော့ မြန်မာကိုယ်စားလှယ်လည်း တတ်ရောက်ဆွေးနွေးခွင့်ရမရ မသိရသေးပါ
ဘူး။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကုလသမဂ္ဂက ကိုင်တွယ်တဲ့နေရာမှာ လုံခြုံရေး
ကောင်စီအတွင်း အခက်အခဲဖြစ်နေလို့ ကုလသမဂ္ဂ အဖွဲ့ဝင်အားလုံးပါတဲ့ အထွေထွေ
ညီလာခံရဲ့ လုပ်ပိုင်ခွင့်ယူပြီး အတွင်းရေးမှူးချုပ်ရုံးကနေ ကိုင်တွယ်ဆောင်ရွက်ရင်
ပိုပြီး ထိရောက်အောင်မြင်မယ့်သဘောရှိတယ်လို့ ကုလသမဂ္ဂအဝန်းအဝိုင်းထဲ
အတော်များများက တွက်ဆနေကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG