သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့အရေးအတွက် အမေရိကန် အထူးကိုယ်စားလှယ် ထားရှိရန် အထက်လွှတ်တော် အဆိုပြု


မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထား အရေးယူ ဆောင်ရွက်ဖို့ဆိုတဲ့ ဥပဒေကြမ်း တရပ်ကို ဒီဇင်ဘာလ ၁၉ရက်နေ့က အမေရိကန် အထက် လွှတ်တော်ကနေ တခဲနက်တည်း မဲပေး အတည်ပြု ခဲ့ပါတယ်။ ဒီဥပဒေကြမ်းရဲ့ ထူးခြားချက်တွေ၊ ထိရောက်နိုင်ချေတွေနဲ့ ပတ်သက်ပြီး ဦးသားညွန့်ဦးက စုံစမ်းဆက်သွယ် မေးမြန်းထားပါတယ်။

အထက် လွှတ်တော် ဥပဒေကြမ်းမှာ ထူးခြားတာကတော့ မြန်မာနိုင်ငံအတွက် အမေရိကန် ပြည်ထောင်စုရဲ့မူဝါဒပိုင်း ဆိုင်ရာတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ အထူး ကိုယ်စားလှယ် တဦးထားရေး ဆိုတဲ့ ကိစ္စ ပါဝင်လာတာပါ။

အထက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ဥပဒေကြမ်းအမည်ကတော့ Burma Democracy Promotion Act မြန်မာဒီမိုကရေစီ မြှင့်တင်ရေး ဥပဒေလို့ အမည် တပ်ထားပါတယ်။ ဒီဥပဒေကြောင့် မြန်မာအစိုးရအတွက် နှစ်စဉ် သန်းနဲ့ချီတဲ့ ၀င်ငွေ ဆုံးရှုံးရလိမ့်မယ်လို့ ယူအက်စ်စီဘီ(USCB) အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Jeremy Woodrum က အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက ကျောက်မြတ်ရတနာတွေ အမေရိကန် ပြည်ထောင်စုကို တင်ပို့တာကို တားမြစ်တဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော် အမတ်တွေက တခဲနက်တည်း အတည်ပြုလိုက် ကြပါပြီ။ ဒီကျောက်မြတ်ရတနာတွေဟာ မြန်မာစစ်အစိုးရအတွက် နှစ်စဉ်ဒေါ်လာသန်းနဲ့ချီ ၀င်ငွေ ပေးနေတာပါ။ ဒါကြောင့် အခု ဥပဒေကြမ်းက မြန်မာစစ်အစိုးရအတွက် အခု ဒီဝင်ငွေတွေကို ဖြတ်တောက် လိုက်တာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ အပတ်အတွင်းက မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ အောက်လွှတ်တော်ကနေ ဥပဒေမူကြမ်းတရပ် အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒီ အတည်ပြုခဲ့ကြတဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် မူကြမ်းနှစ်ရပ်ကို အချောသပ်ညှိုနှိုင်းပြီးရင် အောက်လွှတ်တော်ကနေ ထပ်မံ အချောသပ်ထားတဲ့ ဥပဒေကြမ်းကို အတည်ပြုရမှာပါ။ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်က ဒီ ဥပဒေမူကြမ်းတွေမှာ ဘယ်လို အချက်တွေ အဓိက ကွဲလွဲမှုရှိသလဲဆိုတာကိုတော့ Jeremy က အခုလို ရှင်းပြပါတယ်။

“အထက်လွှတ်တော်ဥပဒေကြမ်းထဲမှာ ထူးခြားချက်က မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့အထူး ကိုယ်စားလှယ်တဦး ခန့်ထားရေးကိစ္စပါဝင်ပါတယ်။ အောက်လွှတ်တော် ဥပဒေကြမ်းထဲမှာတော့ သစ်နဲ့သစ်မာတွေ တင်သွင်းတာကို ပိတ်ပင် တားမြစ်ချက်ပါဝင်ပါတယ်။ ဒီတော့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ဒီကွဲလွဲချက်တွေကို အတူတကွ ညှိနှိုင်း ကြမှာပါ၊”

ဒီဥပဒေကြမ်းကို အဆိုပြုသူတွေကတော့ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဌ ဒီမိုကရက်တစ်အမတ် ဂျိုးဘိုင်ဒန်နဲ့ အထက်လွှတ်တော် ရီပတ်ပလင်ကန်အမတ် မစ် မက်ကော်နယ် တို့ ဖြစ်ကြပါတယ်။ ဒီ ဥပဒေကြမ်းကို အထက်လွှတ်တော်က တခဲနက် အတည်ပြုခဲ့တာနဲ့ ပတ်သက်လို့ ဒီလွှတ်တော် အမတ်နှစ်ဦးစလုံးက ကြေညာချက်တွေ အသီးသီးထုတ်ပြန်ခဲ့ပါတယ်။ အထက်လွှတ်တော်က ဆုံးဖြတ်တဲ့ ဥပဒေကြမ်းမှာ ထူးထူးခြားခြား ပါဝင်နေတဲ့ မြန်မာနိုင်ငံအတွက် အမေရိကန်ရဲ့ အထူးကိုယ်စားလှယ်ထားဖို့ဆိုတဲ့ကိစ္စဟာ မြန်မာနိုင်ငံ ကိစ္စအတွက် ဖိအားပေးတာ တွေ့ဆုံ ညှိနှိုင်းတာတွေအပါအ၀င် ရှင်းလင်းပြည့်စုံတဲ့ နိုင်ငံတကာရဲ့ ချည်းကပ် ဆောင်ရွက်မှုတွေ ဖြစ်လာအောင်လို့ ဒီကိုယ်စားလှယ်အနေနဲ့ မြန်မာ အိမ်နီးချင်းတွေ ဥရောပသမ၈္ဂနဲ့ အာဆီယံ အပါအ၀င် မြန်မာနဲ့ ပတ်သက်လို့ အရေးပါတဲ့ နိုင်ငံတွေနဲ့ လက်တွဲ လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အထက်လွှတ်တော်အမတ် ဂျိုး ဘိုင်ဒန်ပြောတာကတော့ - သူတို့ရဲ့ ရည်မှန်းချက်ဟာ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲမှာ ပြန်ပြီး ပေါင်းစည်းလာစေဖို့ပါလို့ ပြောထားပါတယ်။ သံတမန်ရေး လုပ်ငန်းတွေကို အသေအချာ အစီအစဉ် ရှိရှိမလုပ်ပဲနဲ့ အပြစ်ဒဏ်ခတ်မှုချည်းပဲ ဆိုရင် အချည်းနှီး ဖြစ်တယ် လို့လည်း အထက် လွှတ်တော်အမတ် ဂျိုးဘိုင်ဒန်က ထောက်ပြထားပါတယ်။ အထက် လွှတ်တော်အမတ် မစ် မက်ကော်နယ်ကတော့ အခုလို အမေရိကန် အထက်လွှတ်တော်ကနေ အခုလို ဆုံးဖြတ်လိုက်တာကြောင့် ကုလသမဂ္ဂမှာလည်း မြန်မာအစိုးရကို လက်နက်ရောင်းချမှု ပိတ်ဆို့တာမျိုး အရေးယူမှုမျိုးတွေ ဖြစ်လာဖို့ တွန်းအားပေးနှိုးဆော်လိုက်တာပါပဲလို့ ပြောဆို သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG