သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဝယ်မှုများ ပပျောက်အောင် အစိုးရ ကြိုးစားနေသော်ငြား ထိုင်းနိုင်ငံတွင်မဲဝယ်မှု ပြဿနာ ရှိနေဆဲ


တနင်္ဂနွေနေ့ဆိုရင် ထိုင်းနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပပါတော့မယ်။ ပြီးခဲ့တဲ့နှစ်မှာ စစ်တပ်က အာဏာသိမ်း ခဲ့ပြီးတဲ့နောက် ဒီမိုကရေစီနည်းကျ အုပ်ချပ်ရေးဆီပြန်သွားမယ့်လက္ခဏာပါ။ ဒီမိုကရေစီ နည်းလမ်းဆီ ပြန်သွားနေတာနဲ့အမျှ လုပ်နည်းဟောင်းဖြစ်တဲ့ မဲဝယ်တဲ့ကိစ္စကလည်း ပြန်ပါလာပါတယ်။

ဒီကိစ္စပျောက်အောင် အစိုးရက အားထုတ်လုပ်ဆောင်နေတဲ့ကြားကပဲ ပြဿနာကတော့ရှိနေဆဲပဲလို့ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Luis Ramirez ပေးပို့ထားတဲ့သတင်းကို ဦးကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ဘန်ကောက်မြို့က ကလောင်ထွေ့ ရပ်ကွက်မှာ မြို့တော်ရဲ့ အဆင်းရဲဆုံး မိသားစုတချို့ နေထိုင်ကြပါတယ်။ တောက်ပြောင်နေတဲ့ အဝေးပြေး လမ်းမကြီးတွေနဲ့ ဖိတ်ဖိတ်လက်နေတဲ့ အထပ်မြင့် အဆောက်အဦတွေ အုပ်မိုးထားတဲ့အောက်မှာ သံချေး အထပ်ထပ်တက်နေတဲ့ ကောက်ကောက်ကွေးကွေး သံတိုသံစတွေနဲ့ ပျက်စီးနေတဲ့ ရေတိုင်ကီတွေကို အမိုးလုပ်ဆောက်ထားတဲ့ တဲအိမ်ယိုင်နဲ့နဲ့လေးတွေ ရှိပါတယ်။ ဒီနေရာဟာ ထိုင်းနိုင်ငံရဲ့ အံ့ချီးဘနမ်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ မပါဘဲ ကျန်ရစ်နေခဲ့တဲ့နေရာပါ။

ဒီလိုဆင်းရဲတဲ့ ရပ်ကွက်တွေဟာ ရွေးကောက်ပွဲရာသီမှာ နိုင်ငံရေးပါတီကလူတွေ လာပြီး ထီးကနေ အဝတ်အထည်အထိ ပစ္စည်းတွေ လာဝေပြီး မဲရဖို့လုပ်ကြတဲ့ နေရာတွေပါပဲ။ ဒါပေမယ့် မဲဆန္ဒရှင်တွေကို အဆွဲဆောင်နိုင်ဆုံး မက်လုံးကတော့ ငွေပါ။ ပါတီလှုံ့ဆော်ရေးမှူးတွေ၊ တခါတခါ ရပ်ကွက်လူကြီးတွေဟာ ငွေဘယ်လောက်အတွက် မဲအရေအတွက် ဘယ်လောက်လို့ ဂတိပေးပြီး ငွေလိုက်ပေးကြတာပါ။ ရပ်ကွက်လူကြီးတစ်ယောက်ဟာ မဲဆွယ်စည်းရုံးတဲ့ ပစ္စည်းတွေကို အိတ်ထဲထည့်ရင်း ဘေးကဖြတ်သွားတဲ့သူတွေ မကြားရအောင် ခပ်တိုးတိုး ပြောပြပါတယ်။ သူပြောတာက ရွေးကောက်ပွဲနေ့မှာ မဲရအောင်လုပ်ဖို့ သူ့မှာ ဘယ်လိုတာဝန်ရှိတယ် ဆိုတဲ့အကြောင်းပါ၊ အာဏာပိုင်တွေက အရေးယူမှာ သူ့ကိုငွေပေးခိုင်းတဲ့ ပါတီက လက်တုံ့ပြန်မှာကို ကြောက်တာကြောင့် သူ့နာမည်ကိုတော့ ထုတ်မပြောပါဘူး။

“ကျနော်က မဲတပြားအတွက် ၁၆ ဒေါ်လာနဲ့ မဲ ၅၀၀ ရအောင်လုပ်ပေးမယ်လို့ ဂတိပေးထားတယ် ဆိုကြပါစို့၊ ရွေးကောက်ပွဲနေ့မှာ ပေးထားတဲ့ငွေနဲ့ ကိုက်ညီတဲ့ မဲအရေအတွက် မရဘူးဆိုရင် ကျနော်ဒုက္ခ ရောက်ပြီပဲ၊ ခင်ဗျား လက်ခံပြီးရင် ရအောင်လုပ်နိုင်ရမယ်။ အဲဒီလိုမဟုတ်ရင်တော့ ရွေးကောက်ပွဲ စည်းရုံးမဲဆွယ်တဲ့လူတွေ သေနတ်ပစ်ခံရတာတို့၊ ထိခိုက်ဒဏ်ရာရတာတို့ ခင်ဗျား ကြားဖူးတဲ့အတိုင်းပါပဲ။”

အာဏာသိမ်းစစ်တပ်က ခန့်ထားတဲ့ အစိုးရဟာ ဒီလို မဲဝယ်တာမျိုး ပျောက်သွားအောင် အပြင်းအထန် စီမံကိန်းချလုပ်ခဲ့ပါတယ်။ ပြစ်ဒဏ်တွေထဲမှာ မဲဝယ်သူရော၊ မဲရောင်းသူရော နှစ်ဘက်စလုံးကို ထောင်ဒဏ်ချတာတွေ ပါပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေက ထိရောက်မှု သိပ်မရှိပုံပါပဲ။ နိုင်ငံရေးပါတီအားလုံးက မဲဝယ်တာကို ပြစ်တင် ရှုတ်ချကြပါတယ်။ ဒါပေမယ့် ဒီနေရာကလူတွေရော၊ ထိုင်းနိုင်ငံရဲ့ တခြားနေရာကလူတွေကရော နိုင်ငံရေးပါတီတွေဟာ
မဲဝယ်တာကို တနည်းမဟုတ်တနည်းနဲ့ လုပ်ကြတယ်လို့ စွပ်စွဲပြောဆိုကြပါတယ်။ ဒါပေမယ့် ဒီလိုစွပ်စွဲခံရတဲ့ ပါတီတွေထဲမှာ ထိပ်ကပြေးနေတဲ့ PPP ပြည့်သူ့အာဏာပါတီနဲ့ ဒီမိုကရက်ပါတီတို့လည်း ပါပါတယ်။ နိုဖါဒွန် ဖက်ထမာ (Nopadol Patama) ဟာ ကလောက်ထွေ့ လူနေရပ်ကွက်တွေမှာ မဲဝယ်တဲ့ပါတီတွေထဲမှာ ပါတယ်လို့ ရပ်ကွက်နေသူတွေကဆိုတဲ့ PPP ပါတီရဲ့ အထွေထွေအတွင်းရေးမှူးပါ။

“မဲဝယ်တဲ့ကိစ္စက ထိုင်းနိုင်ငံမှာ နှစ်ပေါင်းကြာနေပါပြီ၊ မဲဝယ်တဲ့ကိစ္စကို တိုက်ဖျက်ဖို့ လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင်က ချက်ချင်း အရေးယူ လုပ်ဆောင်ရပါမယ်။ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲကော်မရှင်နဲ့ တစ်ထပ်တည်းပဲ မဲဝယ်တာကို မကြိုက်ပါဘူး။ ဒါကြောင့် ဥပဒေ သက်ရောက်အောင် သူတို့ တင်းတင်ကျပ်ကျပ် လုပ်ရပါမယ်။ ဥပဒေ တင်းတင်းကျပ်ကျပ် ချပြီး ကိုင်တွယ်တာကို ကျနော်တို့ ကြိုဆိုပါတယ်။ မဲဝယ်တယ်ဆိုတာ မကောင်းတဲ့ကိစ္စပါ၊” - လို့ နိုဖါဒွန် က ဆိုပါတယ်။

မဲဝယ်တာကို တိုက်ဖျက်ဖို့ ကြားဖြတ်အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ အကျင့်ပျက်ခြစားမှု လုပ်ဆောင်ချက်ရဲ့ တစိတ်တပိုင်းပါ။ အကျင့်ပျက်ခြစားတဲ့ကိစ္စဟာ ပြီးခဲ့တဲ့နှစ်မှာ အာဏာသိမ်းခဲ့ချိန်က စစ်တပ်ကနေ အာဏာသိမ်းဖို့ အကြောင်းပြခဲ့တဲ့ အကြောင်းပြချက်တွေထဲက တစ်ချက် ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG