သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီရေးလှုပ်ရှားသူများကို မြန်မာစစ်အစိုးရ ဆက်လက်ဖမ်းဆီးနေမှုအပေါ် အမေရိကန်နိုင်ငံခြားရေးဌာန ပြစ်တင်ဝေဖန်


မြန်မာနိုင်ငံတွင်းမှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဆက်ပြီး အဖမ်းအဆီး ရှိနေတဲ့အပေါ် မနေ့က အမေရိကန်နိုင်ငံခြားရေးဌာနကနေ ပြစ်တင်ဝေဖန် လိုက်ပြီး ဒါဟာ လုံခြုံရေးကောင်စီက တောင်းဆိုထားတဲ့အချက်တွေကို မြန်မာအစိုးရက မလိုက်လျောဘူးဆိုတာ ပြနေတာပဲလို့ ပြောလိုက်ပါတယ်။ အကြောင်းစုံကို ဦးသားညွန်ဦးက တင်ပြထားပါတယ်။

မနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကပဲ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရွှန် မက်ကောမက် ကနေ ဒါနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက် ထုတ်ပြန်သွားတာပါ။ နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးကနေ ဒီထုတ်ပြန်ချက်ကို အခုလို ဖတ်ပြပါတယ်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေါင်းဆောင်တဲ့ စစ်အစိုးရဟာ မိမိတို့ နိုင်ငံရေး ယုံကြည်ချက်တွေကို ငြိမ်းချမ်းစွာဖော်ထုတ်ခဲ့ကြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဆက်လက်ဖိနှိပ်မှုတွေ ပြုလုပ်နေပါတယ်။ ဒီအပတ်ထဲမှာ ဆိုရင် ၈၈ မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ မခင်မိုးအေး၊ ကျော်စိုး၊ ဇော်မင်း၊ ထွန်းထွန်းဝင်း၊ မင်းမင်းစိုး၊ မျိုးရန်နောင်သိန်း စသူ အနည်းဆုံး ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။” - လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးက ကြေညာချက်ကို ဖတ်ပြတာပါ။

အခုလို ဖမ်းဆီးမှုတွေရှိတာကြောင့် မြန်မာအစိုးရဟာ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုမှုကို မျက်ကွယ်ပြုထားတာဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက ထောက်ပြထားပါတယ်။

“မြန်မာစစ်အစိုးရအနေနဲ့ စစ်မှန်ပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် နည်းလမ်းရှာဖွေ ဆောင်ရွက်နေတယ်ဆိုတာဟာ အခု ဆက်လက် ဖမ်းဆီးနေမှုတွေနဲ့ဆိုရင် မတူကွဲလွဲနေပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၁၁ ရက်နေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဥက္ကဌ ကြေညာချက်မှာ ဖော်ပြထားတဲ့အတိုင်း လုံခြုံရေးကောင်စီက မျှော်လင့်ထားတဲ့ အချက်တွေကို မြန်မာစစ်အစိုးရက မလိုက်လျောဘူးဆိုတာ ပြနေတာပါ။” - လို့ နိုင်ငံခြားရေးဌာနက ကြေညာခဲ့တာပါ။

အခုလို ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့တော့ ဒါဟာ မြန်မာအစိုးရအနေနဲ့ အပြောနဲ့ ကွာဟနေတယ်လို့ တိမ်းရှောင်လှုပ်ရှားနေသူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုစိုးထွန်းက ဗွီအိုအေကို အခုလို ပြောထားပါတယ်။

“တစ်ဖက်ကလည်း သူတို့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေပါပြီ၊ မစ္စတာ ဂမ်ဘာရီကိုလည်း သူတို့ ကတိပေးခဲ့တယ်။ သူတို့ နောက်ထပ် အဖမ်းအဆီးတွေ မလုပ်တော့ပါဘူး ဆိုပြီးတော့ ပြောပြီးတဲ့နောက်ပိုင်းမှာလည်း တောက်လျှောက် အဖမ်းအဆီးတွေက ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့ လုံး၀ နားမလည်နိုင်ဘူး။ ကျနော်တို့ လုပ်ခဲ့တဲ့သူတွေ မှန်သမျှက ငြိမ်းချမ်းစွာနဲ့ မိမိတို့ရဲ့ ယုံကြည်ချက်တွေကို တင်ပြကြတာဖြစ်တယ်။ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားများဟာလည်း ထောင်ထဲကနေ လွတ်လာပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ဟာ ငြိမ်းချမ်းစွာနဲ့ တိုင်းပြည်နဲ့လူမျိုးမှာ ဒုက္ခတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ဘေးဒုက္ခမျိုးစုံတွေ အကျပ်အတည်း မျိုးစုံတွေကို ဝိုင်းဝန်းအဖြေရှာဖို့အတွက် အငြိမ်းချမ်းဆုံးနည်းနဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ ဖြေရှင်းပါ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အမြန်ဆုံး ဖော်ဆောင်ဖို့ လိုပါတယ်။ အဲဒီအတွက် ကျနော်တို့ဟာ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ပေးပါမယ်၊ ကျနော်တို့ကို ကြိုက်တဲ့နေရာကနေ ခိုင်းပါ၊ ကျနော်တို့ တာဝန်ယူပြီးတော့ တတ်စွမ်းနိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပါ့မယ်ဆိုပြီးတော့ ကျနော်တို့ဟာ တောက်လျှောက် ကြိုးပမ်းခဲ့ကြတာဖြစ်တယ်။ ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ဟာ ဒီလို ဖမ်းဆီး နှိပ်ကွက်မှုတွေကို ရပ်တန့်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံး အကောင်အထည် ဖော်ပါ၊ ပြီးတော့ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ၊ တိုင်းရင်းသားခေါင်းဆောင်တွေ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ပါလို့ အကြိမ်ကြိမ် တိုက်တွန်းနေရခြင်း ဖြစ်ပါတယ်။”

ဒါကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်း ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကတော့ အခုလို မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို အတော်လေးကို ဝေဖန်ခဲ့ပါတယ်။

“မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေဟာ အလွန်ဆိုးဝါးလွန်းပါတယ်။ ဒါ့ကြောင့် အမေရိကန် ပြည်ထောင်စုအနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တောင်းဆို လိုက်ပါတယ်၊ - ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေကို ဖမ်းဆီးနေတာတွေ ရပ်တန့်ဖို့၊ မြန်မာနိုင်ငံမှာ အရပ်သား ဒီမိုကရေစီအစိုးရတစ်ရပ် အသွင်ပြောင်းဖြစ်ပေါ်လာဖို့အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားလူနည်းစု ခေါင်းဆောင်တွေနဲ့ အဓိပ္ပါယ်ရှိပြီး အချိန်အတိအကျ ဇယားပါရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ဖြစ်ပါတယ်၊” - လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရွှန် မက်ကောမက်ရဲ့ ထုတ်ပြန်ချက်ကို နိုင်ငံခြားရေးရေးဌာန အရာရှိတစ်ဦးက ဖတ်ပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG