သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင် ၁၀ နှစ်ကျော်နေထိုင်လာသူ မြန်မာနှင့်လာအို ၃၅၀,၀၀၀ ကျော်ကို နိုင်ငံသားအဖြစ် စိစစ်ပေးမည်


ထိုင်းနိုင်ငံတွင်း အနည်းဆုံး ၁၀ နှစ်အနေကြာပြီဖြစ်ပြီး အထိုင်ကြနေပြီဖြစ်ကြတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းက မြန်မာနဲ့လာအို တောင်ပေါ်တိုင်းရင်းသား ၃၅၀,၀၀၀ ကျော်ကို ထိုင်းနိုင်ငံသားအဖြစ် စိစစ်သတ်မှတ်ပေးသွားမယ်လို့ လက်ရှိ ထိုင်းစစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီး ဆုံတီ ဘွန်ညာရက်ကလင်က ပြောလိုက်ပါတယ်။

ထိုင်းစစ်ခေါင်းဆောင်ရဲ့ အခုလို ကြေညာချက်အရဆိုရင် ထိုင်းမှာ အနေကြာတဲ့ မြန်မာ တောင်ပေါ်တိုင်းရင်းသားတွေအတွက် ထိုင်းနိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်းတွေ ဘယ်လောက်အထိများ ရှိလာနိုင်ပြီလဲ၊ စုံစမ်းမေးမြန်းပြီး ဦးသားညွှန့်ဦးက တင်ပြထားပါတယ်။

ထိုင်းနိုင်ငံအတွင်း အိမ်နီးချင်းနိုင်ငံတွေကနေ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အလုပ် လုပ်ကိုင်နေကြသူတွေမှာ မြန်မာတိုင်းရင်းသားတွေက အများစု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ နယ်စပ်တလျှောက် အထူးသဖြင့် မြောက်ပိုင်းနယ်စပ်မှာ အတော်ကြာကြာ နေထိုင်ပြီး အခြေကျနေသူတွေကိုတော့ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ တောင်ပေါ်သားကဒ်ဆိုပြီး နိုင်ငံသား အခွင့်အရေးအထိတော့မပေးဘဲ နေထိုင်ခွင့်ပုံစံ ထုတ်ပေးတာတွေတော့ ယခင်ကတည်းက ရှိခဲ့ပါတယ်။ အခုတော့ ဒီလို အခြေချနေထိုင်တာ ကြာမြင့်လာသူ မြန်မာနဲ့လာအိုနိုင်ငံသား ၃၀၀,၀၀၀ ကျော်ကို ထိုင်းနိုင်ငံသား အခွင့်အရေးတွေ ပေးတော့မယ်ဆိုတော့ - အခုလို နိုင်ငံသားအဖြစ် လျှောက်ထားဖို့ရာ အခြားဘာတွေ လုပ်စရာလိုမလဲ၊ နောက် ဘယ်လောက် ခက်ခဲနိုင်မလဲ ဆိုတာတွေကို ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ တောင်ပေါ်သားကဒ်နဲ့ နေထိုင်ခွင့်ရသူ ကိုအိုက်ထွန်းကို မေးကြည့်ပါမယ်။

“နိုင်ငံသားဖြစ်ဖို့အတွက် ချပေးတဲ့သူတွေက ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ ဒီ ထိုင်းခုနှစ်သက္ကရာဇ်နဲ့ဆိုရင် ၂၅၂၈ ခုနှစ်ကနေစပြီးတော့ စရောက်တဲ့သူတွေ၊ သန်းခေါင်စာရင်းတွေ စကောက်တဲ့အချိန်က အဲဒီလို အဲဒီခုနှစ်က စဝင်တဲ့သူတွေ၊ သက်သေခံအထောက်အထား တစ်ခုကပေါ့နော်၊ အဲဒါရှိမှ စလုပ်ပေးတယ်။ နောက်တစ်ခုက အဲဒီ ခုနှစ်ရောက်အုံးတော့ အဲဒီလူတွေက ထိုင်းနိုင်ငံမှာ မွေးတာလား၊ မမွေးဘူးဆိုရင် ဘယ်လိုအချိန်ကနေ စရောက်လာတာလဲ၊ ဘယ်နေရာမှာ စရောက်လာတယ်၊ အဲဒီအပေါ်မှာ သူက ဆက်ပြန်ကြည့်တယ်။ နောက်တစ်ခါ - အိုကေ၊ အဲဒါတွေရှိအုံးတော့ ဒီ မြို့နယ်ရုံးကို တင်ပြမယ်ဆိုလို့ရှိရင် ထောက်ခံစာတွေ လိုပါသေးတယ်။ ရွာသူကြီး ထောက်ခံစာတို့၊ ထိုင်းနိုင်ငံမှာကြာနေတဲ့ သက်သေ အထောက်အထားတွေ ပေါ့နော်၊ ထိုင်းနိုင်ငံမှာ ဈေးရောင်းဈေးဝယ် လုပ်တာပဲဖြစ်ဖြစ် ဒီ အခွန်ဆောင်ထားတဲ့ သက်သေ အထောက်အထား၊ အဲဒါတွေလည်း လိုပါတယ်။ ပြီးတော့မှ မြို့နယ်တင်၊ မြို့နယ်တင်တဲ့အခါမှာလည်း ဒီမှာ မြို့နယ်ရုံးကို ပြည်ထဲရေးဌာနကို မရောက်ခင်မှာ အုပ်ချုပ်ရေးဌာနကနေတဆင့် စိစစ်ပါသေးတယ်။ စိစစ်ပြီးတော့မှ ခွင့်ပြုတော့မှ ပြည်ထဲရေးဌာန၊ နောက် ပြည်ထဲရေးဌာနကနေ ဒီ မြို့နယ်အဆင့် ခရိုင်အဆင့် အဆင့်ဆင့် သွားပြီးတော့မှ အဆင့်တွေကတော့ များတာပေါ့နော်။ ဒီကြားထဲမှာတော့ နည်းနည်းပါးပါး မျက်နှာပြ ကြည့်ပေးရတာတွေတော့ ရှိတာပေါ့၊ တစ်ခုစီမှာ အဲဒါမျိုးတွေ ဖြတ်ပြီးတော့မှ အဆင်ပြေမှ ဒီလူဟာ အဲဒီလိုမျိုး ရတာမျိုးတွေတော့ ရှိတယ်ဗျ။”

ဟုတ်ကဲ့ခင်ဗျ။ ကျနော် ဒီ သတင်းထဲမှာတွေ့တော့ ထိုင်းနိုင်ငံထဲမှာ အနည်းဆုံး ၁၀ နှစ်ရှိရမယ်လို့ ပြောထားတော့ ဒီဟာအပြင်ကို တော်တော်ခက်ခဲမယ့်ပုံစံ ဖြစ်နေတာပေါ့။ -

“ဟုတ်တယ်။ အဲဒီလို အခက်အခဲတွေ ရှိတယ်။ သူတို့ပြောတာကတော့ လွယ်တယ်။ ဒါပေမယ့် လက်တွေ့မှာ ကျနော်တို့ မြန်မာပြည်သား တောင်ပေါ်သား လက်မှတ်ရထားတဲ့သူတွေက တကယ် တော်တော်လေး ခက်ခဲပါတယ်။”

ဟုတ်ကဲ့၊ အဲဒီတော့ တောင်ပေါ်သားလက်မှတ် ရှိထားပြီးတဲ့သူမှ နိုင်ငံသားလျှောက်ခွင့်ရှိတဲ့သဘောပေါ့။ -

“ဟုတ်တယ်။ တခြား ဘာလက်မှတ်မှမရှိဘဲနဲ့ လျှောက်ခွင့်မရှိဘူးခင်ဗျ။”

ဟုတ်ကဲ့၊ အဲဒါဆိုရင် တောင်ပေါ်သားလက်မှတ် ကိုင်ထားတဲ့လူတွေက အခုဟာက မြန်မာနိုင်ငံက ဘယ်လို လူမျိုးတွေများလဲခင်ဗျ။ -

“ကျနော်တို့ ထိုင်းနိုင်ငံရဲ့ မြောက်ဘက်ပေါ့နော်။ ချင်းမိုင်၊ မယ်ဟောင်ဆောင် ဆိုလို့ရှိရင် ရှမ်းလူမျိုးတွေ များတယ်၊ ကချင်လူမျိုးတွေ များတယ်၊ နောက် မွန်၊ ကရင် အဲဒီလို လူမျိုးတွေက အများဆုံးပါ။ ဒီ လားဟူတို့ဘာတို့က အနည်းစု ဖြစ်ပါတယ်။ အခြေခံကတော့ နယ်စပ်တွေမှာပေါ့နော်။ သူတို့လာပြီးတော့ စပြီး အလုပ်လုပ်ကြတယ်။ တောင်ယာအလုပ်တို့၊ ခြံအလုပ်တို့ လာလုပ်ကြရင်းနဲ့ သူတို့ နေဖြစ်သွားကြာဗျာ။ နေဖြစ်သွားရင်းနဲ့ အဲဒီရွာတွေမှာ တောင်ပေါ်သား လက်မှတ်လုပ်တာနဲ့ ကြုံတဲ့ တိုးတဲ့အခါမှာ သူတို့က ဝင်လုပ်ထားကြပြီး နောက် စီးပွားရေးကလည်း နည်းနည်း အဆင်ပြေလာတယ်။ ခြံလုပ်ကိုင်ရင်း ဘာလုပ်ကိုင်ရင်းလည်း ဒီမှာလည်း သူတို့အတွက် ပိုအဆင်ပြေလာတဲ့အခါမှာ နေဖြစ်သွားကြတာ များတယ်လေ။”

အခုကတော့ မြန်မာနဲ့ လာအို ၃၀၀,၀၀၀ ကျော်ကို လက်ခံမယ်ပြောတော့ အရင်ကရော ဒီလောက် လက်ခံဖူးတာရှိလား။ -

“ကျနော် ထိုင်းမှာ နေလာသလောက်တော့ အရင်က ဒီလိုမျိုး မြန်မာပြည်သား ၃၀၀,၀၀၀ ကျော် လက်ခံတာမျိုးတော့ ကျနော် မကြားဖူးသေးဘူးခင်ဗျ။ ကျနော် နေလာတဲ့နှစ်ကာလတလျှောက်လုံးမှာပေါ့လေ။”

ဟုတ်ကဲ့။ အခုဟာက သူတို့ ကြေညာလိုက်ပြီဆိုတဲ့အခါကျတော့ ဒီ နိုင်ငံသားလျှောက်ဖို့အတွက် ပြင်ဆင်နေကြပြီလား။ ဒီ လုပ်ငန်းစဉ်တွေက စနေပြီလား။ -

“တချို့နေရာတွေမှာတော့ စနေပြီ။ တချို့နေရာတွေမှာတော့ မစသေးဘူး။ တချို့နေရာတွေမှာတော့ ကြားရတဲ့အခါမှာ ဘယ်လိုလဲမသိဘူး။ ငါတို့ရော ရပါ့မလား။ မျှော်နေကြတာပေါ့နော်။ တချို့ကတော့ အဓိက ကတော့ တချို့ဟာတွေက ရွာသူကြီးတွေအပေါ်မှာ မူတည်တဲ့ဟာတွေလည်း ရှိတယ်။”

အခုလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆုံတီ က မြန်မာနဲ့လာအို တောင်ပေါ်သား ၃၀၀,၀၀၀ ကျော်ကို ထိုင်းနိုင်ငံသားအဖြစ် လက်ခံမယ်ဆိုတာ ကြေညာပြီးတဲ့နောက်၊ ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ လာမယ့် အစိုးရက ဆောင်ရွက်မှာဖြစ်ပြီး လာမယ့် ၂၀၀၉ ခုနှစ်မှာ စိစစ်ပြီးသားလူတွေကို နိုင်ငံသား လက်မှတ် ထုတ်ပေးဖွယ်ရှိတယ်လို့ ထိုင်းအမျိးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ပရာခစ်တ် ပရာခြုံပရာချန်နွတ် (Prakit Prachonpachanuk) က ပြောပါတယ်။ အရပ်သား အစိုးရသစ်အတွက် ထိုင်းရွေးကောက်ပွဲကတော့ အခု ဒီကနေ့ စတင်ကျင်းပနေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG