သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ပြန်ပြောင်းသုံးသပ်ချက်နှင့် အနာဂတ်အလားအလာ ခန့်မှန်းပြောဆိုချက်


ကုန်ဆုံးတော့မယ့် ၂၀၀၇ ခုနှစ်အတွင်း သမိုင်းတွင်ကျန်ရစ်မယ့် သံဃာတော်တွေရဲ့ လှုပ်ရှားမှုအကြောင်း အမေရိကန်နိုင်ငံ နယူး
ယောက်ခ်မြို့ ကိုလံဘီယာတက္ကသိုလ်က
ရဟန်းပညာရှိ ဒေါက်တာ အရှင်နာယကနဲ့
ဂျပန်နိုင်ငံက ပညာရှင် ဒေါက်တာအေးကျော်
တို့ကို ဆက်သွယ်ပြီး ဦးကျော်ဇံသာက သုံးသပ်တင်ပြပေးထားပါတယ်။

ကုန်ဆုံးတော့မယ့် ၂၀၀၇ ခုနှစ်ရဲ့ မြန်မာ
နိုင်ငံ ဖြစ်ရပ်တွေထဲမှာ သမိုင်းတွင်ကျန်ရစ်
မယ့် ဖြစ်ရပ်ကြီးတခုကတော့ သံဃာတော်
များ စုပေါင်းမေတ္တာပို့ ကြွချီပွဲများပဲ ဖြစ်ပါ
တယ်။ ဗုဒ္ဓဘာသာ မြန်မာလူ့အဖွဲ့အစည်းမှာ သံဃာတော်တွေဟာ ဘာသာရေးအရသာမက ပညာရေး၊ လူမှုရေးနယ်ပယ်မှာလည်း အရေးပါတဲ့အခန်းက ပါဝင်ခဲ့ကြတာကို သမိုင်းအစဉ်အဆက် တွေ့ခဲ့ရပါတယ်။ နိုင်ငံ
ရေးမှာလည်း သံဃာတော်တွေဟာ အရေးကြီးတဲ့အခန်းကနေ ပါဝင်ခဲ့တာ ကြိုကြား
ကြိုကြား ရှိခဲ့ပါတယ်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ ကာလများကဆိုရင် ဆရာတော်ဦးဥတ္တမ၊ ဆရာ
တော်ဦးဝိစာရတို့လို သံဃာတော်တွေ၊ မန္တလေးဆန္ဒပြပွဲမှာ အသက်စွန့်လွှတ်ခဲ့ရတဲ့
သံဃာတော်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်တပါးချင်း၊ အဖွဲ့အစည်းတခုချင်းသာ
ဖြစ်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ၁၉၈၈ ခုနှစ်မှာလည်း ရဟန်းပျိုသမဂ္ဂလို အဖွဲ့အစည်း
တွေ ဦးဆောင်ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် အခု ၂၀၀၇ ခုနှစ် ရွှေဝါရောင်
တော်လှန်ရေးလို့ တွင်နေတဲ့ သံဃာများရဲ့လှုပ်ရှားမှုကတော့ သံဃာတော်တပါးချင်း၊
တဖွဲ့ချင်းရယ်လို့မဟုတ်ဘဲ သံဃာထုတရပ်လုံးအနေနဲ့ စတင်ပြီးလှုပ်ရှားခဲ့တာဖြစ်တယ်
လို့ ဆိုချင်ပါတယ်။

ဒီလို သံဃာထုတရပ်လုံးပါဝင်လာတဲ့ လှုပ်ရှားမှုဟာ မြန်မာ့သမိုင်းမှာ ယခင်က မကြား
ခဲ့ဘူးသလို နောင်အခါမှာလည်း ဒီလောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ချင်မှ
ပေါ်ပေါက်လာလိမ့်မှာ ဖြစ်ပါတယ်။ ဒီလိုထူးခြားတဲ့ သံဃာထုလှုပ်ရှားမှုကို သမိုင်းမှာ
ဆက်လက်ပြီး ဘယ်လိုမှတ်တမ်းတင် ကျန်ရစ်မလဲ၊ ရဟန်းပညာရှိတပါးနဲ့ လူပညာရှင်
တဦးကို ဆွေးနွေးမေးမြန်းဖို့ ဖိတ်ခေါ်ထားပါတယ်။

ပထမဦးစွာ ဒီသံဃာတော်တွေ စီတန်းမေတ္တာပို့ ကြွချီခဲ့ကြတာကို စစ်အာဏာပိုင်တွေ
ကတော့ သံဃာတော်အတုအယောင်တွေသာဖြစ်တယ်လို့ စွပ်စွဲပြီး လက်နက်မှု၊ မတော်တရော်မှုတွေနဲ့ ငြိစွန်းကြောင်း စွဲချက်တင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မေးချင်ပါ
တယ်။

ဆရာတော် အရှင် ဒေါက်တာနာယကဘုရား၊ စစ်အစိုးရပြောခဲ့သလို ဒီဆန္ဒပြပွဲမှာ
ဦးဆောင်ခဲ့ကြတဲ့ သံဃာတော်တွေဟာ သံဃာအတုအယောင်တွေလို့ဆိုတာကို
ဆရာတော်အနေနဲ့ ဘယ်လိုယူဆပါသလဲ။
“သံဃာအတုအယောင်ဆိုတာကို သူတို့စစ်တပ်အနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ စစ်တပ်
အနေနဲ့ ဆုံးဖြတ်လို့လည်းမရပါ။ သံဃာအတုအယောင်ဆိုတာ ဘာကိုကြည့်ပြီးတော့
သူတို့ သံဃာအတုအယောင်လို့ ပြောလို့ရမလဲ။ ဒါကို သံဃာ့မဟာနာယကအဖွဲ့ကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ နောက်တခုက သူတို့ကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ် အထူးသဖြင့် အမှန်တရားကိုပြောတဲ့ ပုဂ္ဂိုလ်မှန်သမျှကို သူတို့က အတုအယောင်လို့ သတ်မှတ်မယ်
ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ သံဃာတော်တွေအကုန် အတုလို့ သတ်မှတ်လို့ရမယ်။
အဲလိုပုံစံမျိုးပဲရှိမှာပါ”

အခုမေတ္တာပို့ အမျှဝေခဲ့ကြတဲ့ သံဃာတော်တွေကို အတုအယောင်မဟုတ်ဘူးလို့
ဆရာတော်ဘုရားက ပြောတဲ့သဘောပေါ့။
“ဟုတ်ပါတယ်။ အတုအယောင်မဟုတ်ပါဘူး။ အကုန်လုံးသံဃာတွေပါ။ စာသင်သား
သံဃာတွေ၊ အဲဒီကျောင်းမှာနေတဲ့သံဃာတွေ၊ အတုအယောင်ဆိုတာ လုံးဝကိုမပါဘူး
လို့ ပြောလို့ရပါတယ်”
ဒေါက်တာအရှင်နာယကဟာ အမေရိကန်ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်မှာ
သမိုင်းပညာရှင် ဧည့်ပါမောက္ခတဦး ဖြစ်ပါတယ်။

သမိုင်းပညာရှင်တဦးဖြစ်တဲ့ ဆရာ ဒေါက်တာအေးကျော်ခင်ဗျား၊ နအဖပြောတဲ့ သံဃာ အတုအယောင်တွေဖြစ်တယ်ဆိုတဲ့ကိစ္စကို ဘယ်လိုမှတ်ချက်ပေးချင်ပါလဲ။
“သံဃာအတုအယောင်မဟုတ်ပါဘူး။ သံဃာအစစ်အမှန်တွေ ဖြစ်ပါတယ်။ အတု
အယောင်က စစ်အစိုးရသာ အတုအယောင် ဖြစ်ပါတယ်”

အခု သံဃာတော်တွေက အတုအယောင်မဟုတ်ဘူး၊ သံဃာအစစ်အမှန်ဖြစ်တယ်၊
ဘုရားသားတော် အစစ်အမှန်တွေ ဖြစ်တယ်လု့ိဆိုရင် ဒီသံဃာတော် အစစ်အမှန်တွေ
ဟာ နိုင်ငံရေးလုပ်တယ်ဆိုတဲ့ကိစ္စကို နည်းနည်းဆွေးနွေးချင်ပါတယ်။ ဒါလည်း
နည်းနည်း ဝိဝါဒပွားများစရာလို့ နားလည်ပါတယ်။ ဒါကြောင့် သံဃာတော်တွေ နိုင်ငံ
ရေးလုပ်တယ်ဆိုတဲ့ကိစ္စကို ဘယ်လိုသတ်မှတ်ပါလဲဘုရား။ ဘုရားရဲ့ဝိနည်းတော်အရ
ဒါကို ခွင့်လွှတ်ပါသလားဘုရား။ ဆရာတော် ဒေါက်တာနာယက မိန့်ပါဘုရား။
“ဦးဇင်းပြောချင်တာက မြတ်စွာဘုရားရှင် ပထမဆုံး သာသနာပြုစဉ် ဗာရာဏသီမှာ
ပထမဆုံး သံဃာအပါး ၆၀ ကို စုပြီးတော့ သာသနာပြု စေလွှတ်တဲ့အချိန်က၊ သူ့ရဲ့
ပထမဆုံး မစ်ရှင်စတိတ်မင့်လို့ပြောမှာပေါ့၊ ရဟန်းတွေကို ဘယ်လိုမှာကြားလိုက်လဲ
ဆိုရင် ဗဟုဇနဟိတာယ၊ ဗဟုဇနသုကာယ၊ လောကနုကမ္မာယဆိုတဲ့ အများသူတကာ
ကောင်းစားရေးအတွက်၊ အများသူတကာ ချမ်းသာရေးအတွက်၊ အများသူတကာ
ကမ္ဘာလောကကြီး ငြိမ်းချမ်းရေးအတွက်ဆိုပြီး အဲဒီလိုမိန့်ခွန်းသုံးခု ဘုရားက မိန့်ကြား လိုက်တယ်ဆိုတော့ ဘုန်းကြီးတို့အနေနဲ့ အများသူတကာ ကောင်းစားရေးအတွက်၊
အများသူတကာ ချမ်းသာရေးအတွက်၊ ဥပမာ ဒီနေ့ နိုင်ငံမှာ ဘာတွေ ဖြစ်နေလဲဆိုတဲ့ အမှန်တရားကိုပြောဖို့အတွက် ဘုန်းကြီးတွေမှာ တာဝန်ရှိပါတယ်။ ဒါ ဝိနည်းတရား
တော်က ပညတ်ထားပြီးသားပါ။
“နိုင်ငံတော်မှာဖြစ်ပျက်နေတဲ့ သာသနာတွေကို အမှန်ကို အမှန်တရားအတိုင်း ဟော
ပြောခြင်းသည် ဘုန်းကြီးတို့ရဲ့ ဝိနည်းသိက္ခာပုဒ်နဲ့လည်း ကိုက်ညီသလို အမှန်တရားကို
ပြောခြင်းသည်သာလျှင် အမှားလုပ်နေသူတို့၏ ဆန့်ကျင်ဘက်လို ဖြစ်နေပါတယ်။ ဒါကို
နိုင်ငံရေးလို့ သတ်မှတ်ရင်လည်း ရပါတယ်။ နိုင်ငံတော်မှာ ပြည်သူလူထုတွေ ကောင်း
စားရေးဆိုတာ နိုင်ငံရေးပေါ့လေ။ ဒါပေမယ့် အဲဒီတရားဟာ ဗုဒ္ဓဟောကြားတဲ့ တရား
တော်နဲ့ ကိုက်ညီပါတယ်”

ဒါပေမယ့် ဒီလို သံဃာတော်တွေ နိုင်ငံရေးလို့ခေါ်နိုင်တဲ့ လှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှား
တာကို တချို့က ဒါ မသင့်မြတ်ဘူးလို့ပြောတာဟာ အခုမှမဟုတ်ဘူး၊ လွတ်လပ်ရေးကြိုး
ပမ်းစဉ် ဆရာတော်ဦးဥတ္တမလိုပုဂ္ဂိုလ်ကိုလည်း ဒီဘုန်းကြီး နိုင်ငံရေးလုပ်တယ်ဆိုပြီး
သံဃာအသိုင်းအဝိုင်းက ရှောင်ကြဉ်ခဲ့ကြတာလည်း တပည့်တော် ဖတ်ဖူး၊ ကြားဖူးပါ
တယ်ဘုရား။ အဲဒီတုန်းက သံဃာတော်တွေကရော အစိုးရရဲ့ လက်ပါးစေတွေမို့လို့ ဒီလိုသတ်မှတ်ခဲ့ကြသလား၊ သို့တည်းမဟုတ် ဝိနည်းတော်နဲ့ညီတယ်၊ မညီဘူးဆိုတာ အဲဒီပုဂ္ဂိုလ်တွေကိုယ်တိုင်က မရှင်းမလင်းခဲ့လို့ အဲဒီလိုဖြစ်တယ်လို့ ထင်ပါသလား
ဘုရား။
“သံဃာတော်တွေက ဝိနည်းမှာ သိက္ခာပုဒ်တွေ ဘယ်လိုပညတ်ထားလဲဆိုတာကို ပိုပြီး နားလည်ပါတယ်။ ဒီလိုလှုပ်ရှားရင် ဝိနည်းသိက္ခာပုဒ်ကို ဘယ်လိုဆန့်ကျင်သလဲ၊ ဝိနည်း
သိက္ခာပုဒ်နဲ့ ဘယ်လိုကိုက်ညီလည်းဆိုတာ သံဃာတော်တွေက သိပါတယ်။ အဲဒီ လွတ်လပ်ရေးမတိုင်ခင်က ဆရာတော်ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရတို့ ခေတ်တုန်းက သော်လည်းကောင်း၊ အခု နဝတ၊ နအဖခေတ်မှာသော်လည်းကောင်း၊ လှုပ်ရှားနေတဲ့ သံဃာတော်တွေက Non Violence လို့ခေါ်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒကိုထုတ်ပြတယ်ဆိုတာ မြတ်စွာဘုရားဟောကြားထားတဲ့ ဝိနည်းသိက္ခာပုဒ်တွေနဲ့ လုံးဝကိုက်ညီပါတယ်။
“ဒါတွေကို ဘုန်းကြီးက နိုင်ငံရေးမှာပါတယ်လို့ လူတွေက ဝေဖန်နေကြတာ၊ အထူး
သဖြင့် စစ်တပ်က အခုဝေဖန်နေတာ သူတို့ကို မကြိုက်လို့ရှိရင် ဒါ နိုင်ငံရေးမှာပါဝင်
တယ်။ သူတို့နဲ့ သဟဇာတဖြစ်တဲ့ပုဂ္ဂိုလ်တွေဆိုရင် ဒါ့ထက် အမိန့်ပေးနေတဲ့ တရား
တော်တွေ၊ ပေးနေကြတာ ဦးဇင်းတို့ကြားနေရတာပဲ။ အဲဒါတွေကြတော့ နိုင်ငံရေး
ထက်ကို ကြောက်ဖို့ကောင်းနေပြီ။ ဒါတွေကို နှိုင်းယှဉ်ပြမယ်ဆိုရင်တော့ အများကြီးပါပဲ မြန်မာနိုင်ငံမှာ။ စစ်တပ်ဆိုတာကတော့ သာသနာကို လိုအပ်တဲ့အချိန်မှာ အသုံးပြုပြီး မလိုအပ်တဲ့အချိန်မှာ ဒီလိုဖယ်ရှားတယ်ဆိုတာကတော့ မြန်မာနိုင်ငံ သမိုင်းတလျှောက်
မှာလည်း ရှိပါတယ်”

အခုမြန်မာနိုင်ငံတွင်းမှာ ဖြစ်သွားတဲ့ကိစ္စ သံဃာတော်တွေလုပ်တဲ့ လှုပ်ရှားမှုကို အစ
တုန်းကတော့ ကုန်ဈေးနှုန်းမြင့်တက်လာတာကို ကျဆင်းအောင်လုပ်ပေးဖို့၊ ပြည်သူ
တွေ စားဝတ်နေရေး ကျပ်တည်းတာကို ထောက်ပြတဲ့အနေနဲ့ မေတ္တာပို့ကြတာဖြစ်ပါ
တယ်။ နောက်ပိုင်းမှာမှ အစိုးရပြုတ်ကျရေးတောင်းဆိုလာတယ် ဆိုပြီးတော့ ပြောသံ၊
ဆိုသံတွေ၊ စွပ်စွဲချက်တွေလည်း ကြားရပါတယ်။ ဒါဟာ နိုင်ငံရေးစစ်စစ်လား၊ စားဝတ်
နေရေးအတွက် တင်ပြမှုလား၊ နိုင်ငံရေးဆိုတာကလည်း ခေါင်းစဉ်က သိပ်ကျယ်ပြန့်
နေတော့ ပိုင်းခြားရတာ အင်မတန်ပါးလွှာတဲ့စည်းပဲ ခြားထားတယ်လို့ ထင်ပါတယ်။
ဆရာ ဒေါက်တာအေးကျော် ဘယ်လိုသုံးသပ်ပါသလဲ။
“သမိုင်းမှာတော့ ကျနော်တို့ခေါင်းဆောင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေး
ဆိုတာ ဘာလဲဆိုတာကို တကသမဂ္ဂဇင်းမှာ ရေးထားတာရှိပါတယ်။ နိုင်ငံရေးဆိုတဲ့ဟာ
လူတွေရဲ့ စားဝတ်နေထိုင်ရေး အားလုံးအကျုံးဝင်တယ်။ အခု ဆရာတော်ကြီးတွေ၊
ဦးဇင်းတွေ၊ ကိုရင်လေးတွေကအစ ပါဝင်ဆောင်ရွက်ခြင်းဟာ စားဝတ်နေရေး မပြေ
လည်လို့ ပါဝင်ဆောင်ရွက်လာခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးဟာ စားဝတ်နေထိုင်ရေး
ဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့ စားဝတ်နေရေးကို ခွဲခြားလို့မရဘူး။ ဒါက ဗိုလ်ချုပ်
အောင်ဆန်းရဲ့ အယူအဆ။
“ကျနော်တို့မြန်မာနိုင်ငံသမိုင်းမှာ ဒီလောက်အထိ သံဃာအဖွဲ့အစည်းအားလုံး ပါဝင် ဆောင်ရွက်တာဟာ လူတွေရဲ့ စားဝတ်နေထိုင်ရေး မပြေလည်တာကို ပြေလည်အောင်
လုပ်ပေးပါလို့ တောင်းဆိုတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ နောက်တခုက
လုပ်နည်းလုပ်ဟန်က မေတ္တာသုတ်ကိုရွတ်ပြီး မေတ္တာစေတနာနဲ့ လုပ်ကြတာကလည်း မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အဲတော့ ဘုန်းကြီးတွေ ဆန္ဒပြကြ
တာဟာ တနည်းအားဖြင့် စားဝတ်နေထိုင်ရေးကိစ္စလည်းဖြစ်တယ်၊ နိုင်ငံရေးကိစ္စလည်း
ဖြစ်တယ်။ တိုင်းပြည်မှာရှိတဲ့ ချုံကျနေတဲ့ အခြေအနေကို ချုံကျတာကိုလည်း အစိုးရ
အနေနဲ့ သိပါဆိုပြီး တရားသဖြင့် လမ်းမှန်လမ်းကြောင်းပြတဲ့ ဆန္ဒပြပွဲဖြစ်ပါတယ်။ တောင်းဆိုပွဲဖြစ်ပါတယ်”

မြန်မာနိုင်ငံသမိုင်းကို ပြန်ကြည့်ရင် အထူးသဖြင့် ကိုလိုနီခေတ်မတိုင်ခင် မြန်မာပဒေ
သရာဇ်ခေတ် ရှင်ဘုရင်တွေလက်ထက်တုန်းက သံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်ထိ ကျယ်ပြန့်ခဲ့ပါသလဲ။ အဲဒါကို အကျဉ်းချုံး ပြန်ပြီး နောက်ကြောင်း
ပြောပေးပါဆရာ။
“ကျနော်တို့ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး ဘုန်းကြီးတွေအနေနဲ့ နိုင်ငံရေးကို ပါဝင်
ဆောင်ရွက်လာတာ ရှင်အရဟံကစတယ်။ ၁၀၄၄ ခုနှစ်မှာနန်းတက်တဲ့ အနော်ရထာ မင်းလက်ထက်မှာ ရှင်အရဟံကစတယ်။ အဲဒါပြီးတော့ ပုဂံခေတ်မှာ ဒိဿာပါမောက္ခက
တရုတ်ပြည် ပီကင်းအထိ ရောက်အောင်သွားပြီး ငြိမ်းချမ်းရေးတောင်းဆိုတာ ရှေးဦး ဆရာတော်ကြီးတွေရဲ့ ဆောင်ရွက်ချက်တွေဖြစ်ပါတယ်။
“ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက် အောင်ပင်လယ်ကမ်းမှာ ရေမြှုပ်ဗုံး
လုပ်ပြီး ဖောက်ခွဲတဲ့အတွက်ကြောင့် ငါးတွေအများကြီးသေတာကို သာသနာပြုဆရာ
တော်၊ သာသနာပိုင်ဆရာတော်က ကြားတဲ့အခါ ဆွမ်းမစားဘူး၊ ဆွမ်းကို ရပ်ထား
တယ်လို့ မှတ်တမ်းတွေမှာတွေ့ရတယ်။ နောက် အင်္ဂလိပ်-မြန်မာစစ်ပွဲမှာလည်း ငြိမ်းချမ်းရေးတောင်းဆိုဖို့ ဘုန်းကြီးတွေကိုလွှတ်တယ်လို့ မှတ်တမ်းတွေမှာ တွေ့ရ
ပါတယ်။
“အဲတော့ ဘုန်းကြီးတွေဟာ ပြည်သူတွေရဲ့ ကျောရိုးဖြစ်သလို ပြည်သူတွေရဲ့ တရားမျှ
တမှုရရှိအောင် လုပ်တာလည်း ဘုန်းကြီးတွေ ပါဝင်တယ်။ နောက်ပြီး ပြည်သူတွေနဲ့
သက်ဆိုင်ရာနဲ့ အေးချမ်းမှုရအောင် လုပ်တာမှာလည်း ဘုန်းကြီးတွေ ပါဝင်တယ်ဆိုတာ သမိုင်းအထောက်အထား အခိုင်အမာရှိပါတယ်”

အခု ပါမောက္ခ ဒေါက်တာအေးကျော်ပြောတဲ့ သမိုင်းနောက်အခံ အထောက်အထားကို
ယှဉ်ပြီး စက်တင်ဘာမှာဖြစ်တဲ့ သံဃာတော်တွေရဲ့လှုပ်ရှားမှုကို ဘယ်လိုမှတ်ချက်ပေး
မလဲ ဆရာတော် ဒေါက်တာနာယကဘုရား။
“အခု စက်တင်ဘာလှုပ်ရှားမှု အဓိကဖြစ်ပေါ်လာတဲ့ဟာကလည်း တိုင်းပြည် နိုင်ငံရေး
မှာ အကျပ်အတည်းကြောင့်ဆိုတော့ ဘုန်းကြီးတွေက စက်တင်ဘာလှုပ်ရှားမှုမှာ
ပတ္တနိက္ကုဇ္ဇနကံက စတာ။ ပတ္တနိက္ကုဇ္ဇနကံဆောင်တယ်ဆိုတာ လူတဦးတယောက်ကို ဆောင်တာမဟုတ်ဘူး၊ အစိုးရတရပ်လုံးကို ဆောင်တယ်ဆိုတော့ ဦးဇင်းတို့မှာ
ဘုရားရှင်ကိုယ်တိုင်က အနာဂတ်သာသနာကို ကာကွယ်ဖို့၊ အနာဂတ်သာသနာမှာ
ဒီလိုအန္တရာယ်မျိုး ကျရောက်လာလို့ရှိရင် ကာကွယ်ဖို့အတွက် မြတ်စွာဘုရားရှင်
ကိုယ်တိုင် တရားဝင်ပညတ်ခဲ့တဲ့ဟာကို မြန်မာနိုင်ငံမှာရှိတဲ့ ဘုန်းကြီးတွေက တရားဝင်
ဆုံးဖြတ်ပြီး ဆောင်ရွက်တာပါ။
“တရားတော်နဲ့အညီ ဒီစက်တင်ဘာအရေးအခင်းမှာ ဆော်သြတယ်ဆိုတော့
ဒီပေါက်ကွဲမှုဟာ ဒါက ပြည်သူလူထုတွေ ဒုက္ခရောက်နေတဲ့ဟာကို သံဃာတော်တွေ
အနေနဲ့ကလည်း ရှောင်လွှဲလို့မရဘူး။ လူထုနဲ့သံဃာဆိုတာ တသားတည်းရှိတာပဲ။ လူထုကကျပ်တည်းလာလို့ရှိရင် သံဃာတော်တွေလည်း ကျပ်တည်းတာပဲ။ အဲလို
ကျပ်တည်းသလို ဘုန်းကြီးတွေရဲ့ စက်တင်ဘာအရေးအခင်းမှာ ပါဝင်ရတဲ့ အကြောင်း
ရင်းက ငါတို့ရဲ့သာသနာကို တနည်းနည်းနဲ့ ထိခိုက်လာပြီ၊ အဲတော့ ငါတို့ဟာ ဒီနေရာ
မှာ မပါဝင်လို့မရတော့ဘူးဆိုပြီး ဆုံးဖြတ်ချက်ချပြီး ပါဝင်တယ်ဆိုတော့ လွတ်လပ်ရေး
မတိုင်ခင်က ဆရာတော်တွေ လှုပ်ရှားခဲ့သလို အခု ခေတ်သစ်မှာလည်း ဒါ တိုင်းပြည်ရဲ့ လွတ်လပ်ရေးအတွက် လှုပ်ရှားတဲ့ လွတ်လပ်ရေးတိုက်ပွဲတခု ပုံစံမျိုးပေါ့”

ဒီလို ပတ္တနိက္ကုဇ္ဇနကံဆောင်တယ်ဆိုတဲ့ဖြစ်ရပ်မျိုးဟာ မြန်မာ့သမိုင်းမှာရော အရင်
တုန်းက အထောက်အထား တွေ့ဖူးပါသလားဘုရား။
“အရင်ကလည်း ရှိဖူးပါတယ်။ ဒါပေမယ့် ဒီလို အစိုးရတရပ်လုံးကို ဆန့်ကျင်တဲ့ဟာမျိုး
တော့ မရှိဖူးဘူး။ လူတဦးတယောက်၊ မောင်ကျပန်းဆို အဲလို လုပ်ခဲ့တာပဲ။ ဒါပေမယ့် အစိုးရတခုလုံးကိုလုပ်တဲ့ ပတ္တနိက္ကုဇ္ဇနကံက အရင်က မရှိဖူးဘူး။ အခု ၉၀ ခုနှစ်မှာ
လုပ်ခဲ့တယ်။ နောက် အခု ၂၀၀၇ ခုနှစ်မှာလုပ်တယ်။ ဒီပတ္တနိက္ကုဇ္ဇနကံကို လုပ်ရတာ
က သာသနာ့အန္တရာယ်ကျရောက်တဲ့ဟာကို ကာကွယ်တဲ့ပုံစံမျိုး။
“ဗုဒ္ဓဿဝံနာဘာသတိ ဗုဒ္ဓကိုစော်ကားလာတယ်၊ ဓမ္မာဿဝံနာဘာသတိ တရားတော်
ကို စော်ကားလာတယ်၊ သံဃာဿဝံနာဘာသတိ သံဃာတော်ကို စော်ကားလာတယ်၊ သာသနာ့အန္တရာယ်တခုခု ထိခိုက်လာတယ်။ ဒါ ဘုရားရှင်ကိုယ်တိုင်က ပညတ်ခဲ့တဲ့ တရားတော်အတိုင်း သံဃာတော်တွေဆောင်ရွက်တာဆိုတော့ ဒါ အင်မတန်မှ တရား
တော်နဲ့ ကိုက်ညီပါတယ်”

မြန်မာ့သမိုင်းမှာ အာဏာပိုင်အဖွဲ့အစည်းကို၊ အာဏာပိုင်မင်းကို၊ အစိုးရကို သံဃာ
အဖွဲ့အစည်းတခုလုံးအနေနဲ့ အခုလို ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့တာ မရှိခဲ့ဘူး။ အခုမှ
ရှိတယ်ဆိုတော့ သမိုင်းမှာ အထူးခြားဆုံးဖြစ်ရပ်တခုလို့ ပြောရင်ရမလား။
“ထူးခြားပါတယ်၊ တော်တော်တော့ထူးခြားပါတယ်။ ပတ္တနိက္ကုဇ္ဇနကံ မြန်မာ့သမိုင်းမှာ
ရှိခဲ့တယ်ဆိုတာ တသီးပုဂ္ဂလိကတွေကိုပဲရှိခဲ့တာ၊ ဟိုတုန်းက တသီးပုဂ္ဂလကို မဆက်
ဆံဘူး။ အခု အစိုးရတရပ်လုံးကို ဒီလိုလုပ်တယ်ဆိုတာက တော်တော်ထူးခြားပါတယ်”

ဆရာ ဒေါက်တာအေးကျော်အနေနဲ့ ဒီဖြစ်ရပ်ဟာ နောင်တချိန် သမိုင်းမှတ်တမ်းထဲမှာ ဘယ်လိုများတင်ရေးမယ်လို့ ထင်ပါသလဲ။
“သမိုင်းရှုထောင့်ကကြည့်ရင် ဒီအစဉ်အလာဟာ ဗမာပြည်အတွက် အင်မတန်မှ
ကောင်းပါတယ်။ နောက်ထပ်တက်လာမယ့် အစိုးရအဖွဲ့အစည်းကိုလည်း အထူး
သင်ခန်းစာယူရမယ့် အကြောင်းဖြစ်ရပ်ကြီးတခုဖြစ်တယ်လို့ သမိုင်းရှုထောင့်က
မြင်ပါတယ်။ အဲတော့ အဓိကအားဖြင့် နိုင်ငံမှာ အေးချမ်းအောင်၊ အေးချမ်းသာယာမှု
နဲ့တကွ စားဝတ်နေရေးပြေလည်အောင် ဒီဟာကိုလုပ်တာဟာ အစဉ်အလာကြီးတခု
ဖြစ်လာရင် ဗမာပြည်ဟာ အေးချမ်းသာယာတဲ့နိုင်ငံ၊ တိုးတက်ထွန်းကားလာတဲ့နိုင်ငံ၊
ဆွမ်းတို့၊ ကွမ်းတို့၊ ဆေးတို့ ပေါများတဲ့ နိုင်ငံဖြစ်လာမှာ သေချာပါတယ်”

ဆရာတော်တွေဦးဆောင်ပြီး အစိုးရကို ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး ဆန္ဒပြတယ်ဆိုတဲ့
ဖြစ်ရပ်ဟာ မြန်မာ့သမိုင်းမှာ မကြုံဘူးတဲ့ သံဃာတော်များရဲ့ ဦးဆောင်မှုကို အဆင့် တိုးမြှင့်လိုက်တဲ့သဘောမျိုးလို့ဆိုရင် ရပါသလားဆရာ။
“အဲဒါလည်းမှန်ပါတယ်။ မြန်မာ့သမိုင်းမှာ ဒီလို တခါမှမရှိခဲ့ဘူး။ ကျနော်ပြောခဲ့သလို မေတ္တာသုတ်ကိုရွတ်ပြီး ဆရာတော်ကြီးတွေ၊ ဘုန်းကြီးတွေ၊ ကိုရင်ကလေးတွေကစပြီး
ပါဝင်တာဟာ ပထမဆုံးအကြိမ်လည်းဖြစ်တယ်၊ အစဉ်အလာကောင်းတခုလည်းဖြစ်
တယ်။ မဟုတ်ရင်မခံဘူး။ ဘုရားရဲ့သားတော်တွေဟာ ဘုရားရဲ့ ဓမ္မအတွင်းကသာရှိရ
မယ်၊ တရားကို ထောက်ခံရမယ်၊ မတရားမှုကို ဆန့်ကျင်ရမယ်ဆိုတဲ့ အစဉ်အလာကို
ပထမဆုံး တည်ထောင်လိုက်တဲ့ အကြောင်းအရာဖြစ်ပါတယ်”

ဒီလိုအလားတူဖြစ်ရပ်မျိုး နောင်လာမယ့် မြန်မာ့သမိုင်းမှာ ဆက်လက်ပြီးတော့ ပေါ်ပေါက်လာလိမ့်ဦးမယ်လို့ ဆရာတော် ဒေါက်တာအရှင်နာယက ခန့်မှန်းပါသလား
ဘုရား။
“ပေါ်ပေါက်လာနိုင်ပါတယ်။ ဒီလိုအမြော်အမြင်ကိုကြည့်ပြီးတော့ ဗုဒ္ဓက ဒီတရားတော်
ကို ခွင့်ပြုခဲ့တာပါ။ နောက်တခုက ဒီနေ့ မြန်မာနိုင်ငံမှာ တချို့ ဖမ်းမိတဲ့ သံဃာတော်
တွေကို လူဝတ်လဲပစ်တယ်၊ မတော်မတရားစွပ်စွဲတယ်။ ဆိုတော့ ဒီလိုစွပ်စွဲပြီး အတင်း အဓမ္မလူထွက်လို့ရှိရင်လည်း သံဃာဆိုတာ လူမဖြစ်သေးဘူး။ သိက္ခာချလို့မရဘူး။ ဒီလိုသိက္ခာပုဒ်တွေကို ဘုရားက ပညတ်ခဲ့တယ်ဆိုတာ အနာဂတ်သာသနာကို
ကာကွယ်ဖို့အတွက် အဲလို ပညတ်ခဲ့တာပဲ။
“ဦးဇင်းတို့မြန်မာ့သမိုင်းမှာလည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း အိမ်စောင့်အစိုးရ
လက်ထက်မှာ ဦးနေဝင်းတို့က တချိန်က ဗကပတွေကို ရှုတ်ချတော်လှန်တဲ့အခါမှာ
သူတို့က ဓမ္မ န္တရာယ် ရှုတ်ချပွဲတွေလုပ်ခဲ့တယ်။ သူတို့ကိုယ်တိုင် ဦးဆောင်ပြီးလုပ်ခဲ့
တာပဲ။ သံဃာတော်တွေကို အသုံးချတာ။ ဒီနေ့ မြန်မာနိုင်ငံမှာ ပြည်သူလူထုတွေ
လုပ်တာဟာလည်း ဓမ္မ န္တရာယ်တွေကို ရှုတ်ချတာပဲ။ ဓမ္မအန္တရာယ်ကိုရောက်နေပြီ၊ သာသနာ့အန္တရာယ်ကို ရောက်နေပြီ ဆိုပြီးတော့။ နောင်အနာဂတ်မှာလည်း ဒီလို
ဖြစ်လာရင် ဒီတရားတော်က ရှိနေမှာပဲ။ ဘုန်းကြီးတွေကတော့ ဒီတရားတော်ကို ဆက်ပြီးလုပ်နေမှာပဲ”

ပါမောက္ခ ဒေါက်တာအေးကျော်ခင်ဗျား၊ နောင်ကိုရော မြန်မာနိုင်ငံသမိုင်းမှာ ဒီလို သံဃာတော်တွေဦးဆောင်ပြီး ပြည်သူဘက်က မားမားမတ်မတ်ရပ်ပြီး အာဏာပိုင် တွေကိုဆန့်ကျင်တဲ့ဖြစ်ရပ်မျိုး ပေါ်ပေါက်လာဦးမယ်လို့ ခန့်မှန်းပါသလား။
“ကျနော်မြင်တာကတော့ မတရားတဲ့အစိုးရ ရှိသမျှကာလပတ်လုံး ဒီလိုပဲ တရား
သဖြင့် ပါဝင်နိုင်ကြတဲ့ ဆရာတော်ကြီးတွေ၊ ဘုန်းကြီးတွေ၊ ကိုရင်တွေ၊ ပြည်သူတွေ
အားလုံး ဆန္ဒပြမှုအစဉ်အလာ ရှိနေဦးမှာပဲလို့ ယူဆပါတယ်”

ရဟန်းပညာရှိ အရှင် ဒေါက်တာနာယကနဲ့ လူပညာရှင် ဒေါက်တာအေးကျော်တို့ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG