သုံးရလွယ်ကူစေသည့် Link များ

ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူ ကိုထင်ကျော် ရှေ့နေငှားရမ်းခွင့်မရ


ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခဲ့သူ ကိုထင်ကျော် ကို ဒီကနေ့ ရန်ကုန်မြို့ အင်းစိန် တရားရုံးမှာ တရားရုံးတင် စစ်ဆေးဖို့ ရက်ချိန်းပေးထားတဲ့ နေ့မှာပဲ ဥပဒေကြောင်းအရ အကာအကွယ်ပေးဖို့ အမှုကို လိုက်ပါ ကူညီပေးနေတဲ့ ရှေ့နေတွေက ကျိုးစားခဲ့ပေမယ့် မရခဲ့ဘူးလို့ သိရပါတယ်။ ထိမ်းသိမ်း ခံထားရတာ ၃ လကျော် ရှိနေပြီဖြစ်တဲ့ ကိုထင်ကျော် ရဲ့ နောက်ဆုံး တရားခွင် အခြေနေတွေကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူလို့ လူသိများတဲ့ ကိုထင်ကျော် တယောက် သူ့ကို ထိမ်းသိမ်းထားတဲ့ အင်းစိန်ထောင်မှာ ရုံးတင်စစ်ဆေးဖို့ ချိန်းဆိုထားတဲ့အတွက် အမှုမှာ လိုက်ပါကူညီဖို့ ရှေ့နေတွေက သွားရောက် တွေ့ဆုံခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်မပြုခဲ့တာကြောင့် ဥပဒေကြောင်းအရ အကူအညီ မပေးနိုင်ပဲ ဖြစ်ခဲ့ရတာပါ။ အမှုအတွက် ဒီကနေ့ အင်းစိန်ထောင်ကို သွားရောက်ပြီး ကိုထင်ကျော်နဲ့ တွေ့ဆုံဖို့ ကျိုးပမ်းခဲ့တာ မအောင်မမြင် ဖြစ်ခဲ့ရတဲ့ အကြောင်းကိုတော့ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်း က အခုလို ပြောပြပါတယ်။

“ဒီကနေ့ ကိုထင်ကျော် ရုံးထုတ်မယ့် ရုံးချိန်းနေ့ပေါ့ဗျာ။ အဲဒီတော့ အင်းစိန်ထောင်ကို ကျနော်တို့ ၁၀ နာရီလောက် ရောက်သွားကြတယ်။ သွားပြီးတော့ ကျနော်တို့က ကိုထင်ကျော်ရဲ့ ရှေ့နေပါဝါ ကြိုရအောင်ဆိုပြီးတော့ ထောင်ထဲကို ထောင်ပိုင်ဆီကို စာရေးပြီးတော့ ကိုထင်ကျော်ရဲ့ ရှေ့နေ ကိုယ်စားလှယ်လွှဲစာ ရယူထားပေးဖို့ဆိုပြီး ကျနော်က လျှောက်လွှာတင်တယ်။ တင်ပြီး ကျနော်တို့ စောင့်နေတော့ ၁၂ နာရီခွဲလောက်ကျတော့ ပန်းပဲတန်းမြို့နယ် တရားသူကြီးရယ်၊ နောက်ပြီး ဥပဒေအရာရှိရယ် ရောက်လာတယ်။ နောက်တခါ ဒုရဲအုပ် ကျော်တင့် ဆိုတာ ပန်းဘဲတန်းရဲစခန်းက တရားလိုပေါ့လေ၊ သူလည်း ရောက်လာတယ်ပေါ့။ ရောက်လာတော့ ကျနော်တို့ ဆက် စောင့်နေတာပေါ့ဗျာ။ အပြင် အင်းစိန်ထောင်ရဲ့ ထောင်အနီးနားမှာရှိတဲ့ ကပ်လျက် တရားရုံးမှာ ရုံးထုတ်မယ်ဆိုတော့ ကျနော်တို့ စောင့်နေတာပေါ့။ အဲဒါ ၂ နာရီခွဲလောက်ကျတော့ သူတို့ ထင်ကျော်ကို အပြင် မထုတ်လာတော့ဘူး။ မထွက်လာပဲ ထောင်အတွင်းထဲမှာ ရုံးထိုင်ပြီးတော့ ရမန်ပေးဖို့ သူတို့လုပ်တယ်။ တရားရုံး ရုံးချိန်းရက်မှာပေါ့နော်။ တရားသူကြီးနဲ့ ဥပဒေအရာရှိ၊ တရားလိုပဲ ၀င်ခွင့်ပေးပြီးတော့ ကျနော်နဲ့ ကိုခင်မောင်ရှိန်ကိုတော့ ၀င်ခွင့် မပေးဘူးပေါ့နော်။ မပေးတော့ နောက်ရုံးချိန်း ဘယ်နေ့ဆိုတာ ကျနော်တို့ သိစရာအကြောင်း မရှိတော့ဘူးပေါ့။ အဲဒီလို အခြေအနေမျိုး ဒီကနေ့ ကြုံတွေ့ခဲ့ရပါတယ်။”

ဒီလို အခြေအနေမျိုးမှာ ကိုထင်ကျော်ဟာ ဥပဒေကြောင်းအရ ရနိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံး နေရတယ်လို့လည်း ဦးအောင်သိန်း ကပြောပါတယ်။

“တစ်အချက်ဗျာ၊ ကိုထင်ကျော်ဟာ အခုက ရဲ ရမန်မဟုတ်ဘူးဗျ။ တရားရုံးက ရမန်ပေးတာဗျ။ တရားရုံးက တရားသူကြီး ကိုယ်တိုင် ထောင်အတွင်းထဲကိုဝင်ပြီး ရမန်ပေးတဲ့ကိစ္စ။ ဒါပါနဲ့ဆိုရင် ပထမတချိန်း၊ ဒုတိယတချိန်း၊ နှစ်ချိန်းရှိပြီပေါ့ဗျာ။ ပထမတချိန်းက ရုံးတင်တယ်၊ နောက်တချိန်းက တရားရုံးထုတ်မယ်၊ ပန်းဘဲတန်းမြို့နယ် တရားရုံး စုပေါင်းရုံးမှာ ထုတ်မယ်ဆိုပြီး မထုတ်ဖြစ်ဘူး။ မထုတ်ဖြစ်တော့ ထောင်ထဲမှာသွားပြီးတော့ တရားသူကြီးက ရမန်ပေးတယ်။ ဒီနေ့လည်း တရားသူကြီးကိုယ်တိုင် ထောင်ထဲကိုသွားပြီး ရမန်ပေးရတယ်။ ကျနော်တို့က အမှုစစ်တာ၊ မစစ်တာ တပိုင်းပေါ့ဗျာ၊ ဥပဒေပါ အခွင့်အရေး အနေနဲ့ကတော့ ကျနော်တို့ ရှေ့နေအနေနဲ့ ဒီ တရားခံဖြစ်သူ၊ စွပ်စွဲခံရသူဆီက ရှေ့နေပါဝါ ဦးစွာ ကျနော်တို့ ရခွင့်ရှိတယ်။ နှစ်အချက်၊ တရားရုံးတော်မှာ ကျနော်တို့ တင်ပြသင့်တာ တင်ပြခွင့်ရှိတယ်ပေါ့။ ဆိုတော့ အဲဒါတွေ မရတဲ့အတွက် ကိုထင်ကျော့်အနေနဲ့ ဥပဒေပါ အခွင့်အရေးတွေ ဆုံးရှုံးတယ်လို့ ကျနော်တို့မြင်တယ်။”

အခု တရားခွင်နဲ့ ရင်ဆိုင်နေရတဲ့ ကိုထင်ကျော် ဟာ ထိမ်းသိမ်းခံနေရစဉ်မှာ တောက်လျှောက် ဆိုသလို အစာငတ်ခံ ဆန္ဒပြနေခဲ့တာပါ။ ကိုထင်ကျော် ရဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ ဒီကနေ့ ကိုယ်တိုင် တွေ့ခွင့် မရခဲ့ပေမဲ့ မကြာသေးခင်က ကိုယ်တိုင် တွေ့ခွင့်ရခဲ့တဲ့ ဇနီးသည်ရဲ့ ပြောပြချက်တွေကို ကိုးကားပြီး ရှေ့နေကြီး ဦးအောင်သိန်းက အခုလို ပြောပြပါသေးတယ်။

“လွန်ခဲ့တဲ့ ၂ ရက်လောက်က သူ့အိမ်က သူ့ဇနီး သွားတွေ့တယ်လို့ ပြောတယ်။ ထောင်ဝင်စာထုတ်တွေတော့ မယူဘူးပေါ့နော်။ ဆေးလိပ်ပဲ၊ စီးကရက်ပဲ ယူလိုက်တယ်ပေါ့။ သူ Hunger strike ဆက်လုပ်နေတဲ့ သဘောမျိုးတော့ သူ့ဇနီး ပြောပြလို့ သိရတာပဲ။”

ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်ခဲ့သူ ကိုထင်ကျော် ရဲ့ တရားခွင် နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဒီကနေ့ အင်းစိန်ထောင်ကို သွားရောက်တွေ့ဆုံဖို့ ကျိုးပမ်းခဲ့တဲ့ ဗဟိုတရားရုံးရှေ့နေကြီး တဦးဖြစ်တဲ့ ဦးအောင်သိန်း ကပြောပြသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG