သုံးရလွယ်ကူစေသည့် Link များ

နစ်မြုပ်သွားသည့် တောင်ကိုရီးယား သင်္ဘောမှ မြန်မာနိုင်ငံသား တစ်ယောက်ကို ကယ်နိုင်၊ နှစ်ယောက်ကို ရှာနေဆဲ


  • မြန်မာနိုင်ငံသား သင်္ဘောသား သုံးယောက် လိုက်ပါ သွားခဲ့တဲ့ တောင်ကိုရီးယား သင်္ဘောတစ်စင်း တောင်ကိုရီးယား ရေပိုင်နက်ထဲမှာ ဒီဇင်ဘာ ၂၅ ရက်နေ့ က နစ်မြုပ်ခဲ့ပြီးတဲ့နောက် ပျောက်ဆုံး နေသူတွေကို တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ လောလောဆယ် မြန်မာနိုင်ငံသား သင်္ဘောသား တစ်ယောက်ကိုသာ ကယ်ဆယ် နိုင်ခဲ့ပြီး မြန်မာနိုင်ငံသား ၂ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်သလို တောင်ကိုရီးယား သင်္ဘောသား ၁၂ ယောက်လည်း ပျောက်ဆုံး နေဆဲဖြစ်ပါတယ်၊

အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်း တန်ချိန် ၂၀၀၀ ကို တင်ဆောင်ခဲ့တဲ့ သင်္ဘောဟာ တောင်ကိုရီးယားပိုင် မုန်တိုင်းထန်တဲ့ ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ပါတယ်။ ဦးကျော်ဇော်ညွန့်က တောင်ကိုရီးယား နိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေက ကိုရန်နိုင်ထွန်းကို ဆက်သွယ်မေးမြန်းပြီး ကယ်ဆယ်ရေးလုပ်ငန်း နောက်ဆုံးအခြေအနေကို တင်ပြထားပါတယ်။

ပြင်းထန်တဲ့ မုန်တိုင်းကြောင့် လှိုင်းကြီးပြီးနစ်မြုပ်သွားခဲ့တဲ့ တောင်ကိုရီးယား ကုန်တင်
သင်္ဘောကနေ အသက်ရှင်လျက် မြန်မာနိုင်ငံသား တစ်ယောက်ကို ကယ်တင်နိုင်ခဲ့တာနဲ့ ပတ်သက်လို့ ကိုရန်နိုင်ထွန်းက အခုလိုပြောပါတယ်။

“အခုကယ်တင်ရလိုက်တဲ့သူက ကိုမျိုးဌေးပါ၊ အသက် ၂၉ နှစ်အရွယ်ရှိပါတယ်၊ သူ့ကို ကယ်ဆယ်ရပြီးတဲ့နောက် ဆေးရုံမှာ ရောက်နေပါပြီ၊ ကယ်ဆယ်ရတဲ့အချိန်တုန်းက သတိမေ့နေပြီးတော့ အခုတော့ သူ သတိကောင်းကောင်းရနေပါပြီ။”

နစ်မြုပ်သွားတဲ့ သဘောင်္ပေါ်မှာ ပါသွားခဲ့တဲ့ မြန်မာသင်္ဘောသားနှစ်ယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ကိုရန်နိုင်ထွန်းက အခုလို ဆက်ပြောပါတယ်။

“ပျောက်ဆုံးသွားတဲ့ မြန်မာနှစ်ယောက်ကတော့ ကိုအေးမင်းနဲ့ ကိုမြင့်ထွန်း ဆိုတဲ့ နှစ်ယောက်ပါ၊ သူတို့နဲ့ အတူ ကိုရီးယား လူမျိုး ၁၂ ယောက်လည်း ပျောက်ဆုံးနေပါတယ်။”

သင်္ဘောခရီးစဉ် မုန်တိုင်းမိတဲ့ အခြေအနေနဲ့ ပျောက်ဆုံးနေတဲ့ အနေအထားတွေ ကိုလည်း ဦးရန်နိုင်ထွန်း က အခုလို ပြောပြပါတယ်။

“သင်္ဘောကတော့ ကိုရီးယားခရိုင် တောင်ပိုင်ခရိုင်း ဂွမ်ယန်း ဆိပ်ကမ်းကနေပြီး ၂၄ ရက်နေ့မနက် ၁၁ နာရီ ခွဲလောက်မှာ ထွက်လာတာပါ။ ၂၅ ရက်နေ့ ခရစ္စမတ်နေ့ မနက် လေးနာရီ ဆယ့်ငါးမှာ ဆိပ်ကမ်းနဲ့ အဆက်အသွယ် ပြတ်တောက် သွားပြီးတဲ့နောက် သင်္ဘောမှာ ကိုရီးယားပိုင် ပင်လယ် ဘတ်တိုကျွန်းနဲ့ ရှစ်မိုင်အကွာမှာ ရုတ်တရက် လေပြင်းမုန်တိုင်းတွေကျပြီး လှိုင်းအကြီးကြီးတွေက သင်္ဘောကို ဆွဲနှစ်လိုက်တယ်လို့ ကိုရီးယား သတင်းတွေမှာ ဖေါ်ပြပါတယ်။”

နောက်ဆုံးကယ်ဆယ်ရေးအခြေအနေနဲ့ ရာသီဥတုအခြေအနေတွေကိုလည်း ကိုရန်နိုင်ထွန်းက အခုလို ဆက်ပြောပါတယ်။

“ကျနော် အခုတီဗီကနေ ကြည့်လိုက်တော့ အသက်ကယ်လှေတွေရော ရဟတ်ယဉ်တွေနဲ့ရော မီးဆလိုက်ကြီးတွေ ထိုးပြီး ရှာဖွေနေတာကိုတွေ့ရပါတယ်။ လှိုင်းဒဏ်မခံနိုင်တော့ ကိုရီးယား သင်္ဘောတွေ ခဏခဏမှောက်တယ်။ ရာသီဥတုကလည်း သုညဒီဂရီအောက်အထိ အေးနေတယ်ဆိုတော့ နှစ်ရက်လောက်ကြာသွားပြီဆိုရင် သူတို့ကို အသက်ရှင်ပြီး တွေ့ဖို့ဆိုတာ မျှော်လင့်ချက်တော့ သိပ်မရှိတော့ဘူးပေါ့ ခင်ဗျား။ ဆက်ပြီးတော့တော့ ရှာဖွေနေဆဲပါပဲခင်ဗျား။”


မြန်မာနိုင်ငံသား ကိုမျိုးဌေးကို ကယ်တင်ပြီးတဲ့နောက် ကျန်နေသေးတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ဖြစ်တဲ့ ကိုအေးမင်းနဲ့ ကိုမြင့်ထွန်း တို့ နှစ်ယောက် ပျောက်ဆုံးနေဆဲ ဖြစ်သလို ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်ပြီး ဆောင်ရွက်နေဆဲ ဖြစ်တဲ့အကြောင်း ကိုရန်နိုင်ထွန်း ပြောပြသွားတာပါ။

XS
SM
MD
LG