သုံးရလွယ်ကူစေသည့် Link များ

အင်ဒိုနီးရှား ဆူနာမီ ကယ်ဆယ်ရေး သုံးနှစ်ကြာပေမယ့် မပြီးနိုင်သေး


ခေတ်သစ်သဘာဝဘေးအန္တရာယ် ရင်ဆိုင်ရမှု သမိုင်းမှာ
အဆိုးရွားဆုံးဖြစ်တဲ့ အင်ဒိုနီးရှား အာချေး ပြည်နယ်က ဆူနာမီ ရေလှိုင်းဒဏ်ကို ကြုံခဲ့ရတာ ဒီကနေ့ဆိုရင် ၃ နှစ် ပြည့်မြောက်တဲ့ နေ့ပါ။ အလှူရှင် နိုင်ငံတွေက အာချေးပြည်နယ် ပြန်လည် တည်ဆောက်ရေးအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ထောင်ချီပြီး လှူဒါန်း တည်ဆောက်ခဲ့ကြတာတွေလည်း ပြီးစီးလုနီးနီး ဖြစ်နေတဲ့ ဒီအချိန်မှာ ပြန်လည် တည်ဆောက်ရေး ပြီးစီးမယ့်ကာလမှာ အာချေးရဲ့ ရင်ဆိုင်ရမယ့် ပြဿနာတွေဟာ ဘာတွေ ဖြစ်မလဲ ဆိုတာကို ဗီအိုအေ သတင်းထောက် Chad Bouchard ဂျကာတာမြို့နေ သတင်း ပေးပို့ထားတာကို ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ် ၂၀၀၄ ဒီဇင်ဘာ ၂၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူမားထရားကျွန်းရဲ့ မြောက်ဖက်မှာ မျှော်စင်ကြီးတွေ ပြိုကျလာသလို ပင်လယ်ရေလှိုင်းလုံး အမြင့်ကြီးတွေ ကမ်းခြေတလျှောက် လာရောက် ရိုက်ခတ် မွှေနှောက်လိုက်တာမှာ လူပေါင်း ၁၆၀,၀၀၀ ကျော်ဟာ ဒီကမ္ဘာ မြေပြင်ကနေ ပျောက်ကွယ် သွားခဲ့ရပါတယ်။

သမုဒ္ဒရာမြေအောက် ကြမ်းပြင်ကနေ အရှိန်ပြင်းပြင်းနဲ့ တလှိမ့်လှိမ့်တက်လာတဲ့ ဆူနားမီ ရေလှိုင်းလုံးကြီးတွေကြောင့် အိန္ဒိယသမုဒ္ဒရာရဲ့ နိုင်ငံပေါင်း တစ်ဒါဇင်လောက်က လူတွေ သိန်းနဲ့ချီပြီး သေဆုံး ပျောက်ကွယ် သွားခဲ့ကြရတဲ့ အဖြစ်ဆိုးကြီး တခုပါ။ ဆူနာမီဒဏ်ကို အဓိက ခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံတကာ အလှုရှင်တွေ၊ ကူညီ ထောက်ပံ့ရေး အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုတွေနဲ့ ဆူနာမီနဲ့ ပါသွားတဲ့ လူနေအိမ်တွေကို အစားထိုး တည်ဆောက်ပေးခဲ့တာ အခုဆိုရင် အိမ်အလုံးပေါင်း တသိန်းကျော် ပြီးစီး သွားခဲ့ပါပြီ။

ဒါဟာ သတ်မှတ် ယာထားတဲ့အချိန်ထက် ၃ လ စောပြီး ပြီးစီးခဲ့တာပါ။ နောက်ဆုံးကျန်တဲ့ အိမ်အလုံး နှစ်သောင်းကျော်ကို လာမယ့် ဧပြီလမှာ ပြီးစီးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သတ်မှတ် ဆောက်လုပ် နေကြပါတယ်။

အခုလို အိမ်ဆောက်တာအပြင် ကားလမ်းအသစ် အရှည် ကီလိုမီတာပေါင်း နှစ်ထောင်ကျော်ကို ဖောက်လုပ်တာနဲ့ ကျောင်းပေါင်း ရှစ်ရာလောက် ဆောက်လုပ်ပေးနေတာလည်း ရှိနေပါတယ်။ ကမ္ဘာ့ဘဏ်ကနေ မတည်ပေးထားတဲ့ နိုင်ငံတကာ ဆူနားမီအတွက် ကူညီထောက်ပံ့ရေး အဖွဲ့အစည်း ဖြစ်တဲ့ အလှုပေါင်းစုံ ရံပုံငွေ (Multi Donor Fund) အဖွဲ့အစည်းက Nia Sarinastiti က ပြီးစီးသွားခဲ့တဲ့ တည်ဆောက်ရေး လုပ်ငန်းကြီးတွေကို သက်ဆိုင်ရာ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေဆီကို လွှဲပြောင်းပေးဖို့ သူမတို့အဖွဲ့အစည်းက စတင်ပြီး အာရုံစိုက် လုပ်ဆောင်နေတဲ့အကြောင်း အခုလို ပြောပြသွားပါတယ်။

“ကျမတို့တွေက ဒီအတိုင်းချည်း ရော့၊ အင့် ဆိုပြီး ပေးလိုက်တာမျိုးမဟုတ်ပဲ လွှဲပြောင်း ပေးအပ်နေတာတွေ အပြီးမသတ်သေးတဲ့ ကြားလာလမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေက လုံးဝ လွှဲပေးပြီးတဲ့အခါ သူတို့တတွေ စီမံခန့်ခွဲနိုင်ဖို့၊ လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့နဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နိုင်ဖို့ ဆိုတာတွေကို လုပ်သွားနိုင်အောင် အခု ကျမတို့က ပြင်ဆင် ကူညီ ဆောင်ရွက်နေကြရတာပါလို့ ပြောသွားတာပါ။”

အာချေးပြည်နယ် ပြန်လည် တည်ဆောက်ရေးအတွက် နိုင်ငံတကာ အလှုရှင်တွေက အမေရိကန် ဒေါ်လာ သန်းပေါင်း ၄,၆၀၀ ကို သုံးစွဲခဲ့ကြတာပါ။ Ms. Sarinastiti တို့ရဲ့ အလှုပေါင်းစုံ ရံပုံငွေ အဖွဲ့ကြီးက အာချေးပြည်နယ်က သူမတို့ရဲ့ လုပ်ငန်းတွေကို ၂၀၁၀ ခုနှစ်မှာ ပြီးစီးအောင် သတ်မှတ် ဆောင်ရွက်နေကြပေမယ့်လည်း လွှဲပြောင်းရေးလုပ်ငန်းတွေ ချောမွေ့စေဖို့အတွက် ၂၀၁၂ ခုနှစ်အထိ အာချေးမှာ ဆက်ပြီး အလုပ်လုပ်သွားဖို့ စီစဉ်နေကြပါတယ်။

အာချေးဟာ ဆူနာမီဒဏ်ကို အပြင်းအထန် ခံခဲ့ရတာတင်မကပဲ အင်ဒိုနီးရှားထဲကနေ ခွဲထွက်ဖို့ ကြိုးပန်းခဲ့ကြတဲ့ နှစ်ပေါင်း ၃၀ ကြာ လက်နက်ကိုင် ပြဿနာဟာလည်း ဆူနာမီ မတိုင်ခင်ကတည်းက ရှိခဲ့တာပါ။ ဆူနာမီအပြီး ၂၀၀၅ ခုနှစ်မှာတော့ အင်ဒိုနီးရှား ဗဟိုအစိုးရနဲ့ အာချေး ခွဲထွက်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အင်ဒိုနီးရှားထဲက ခွဲမထွက်ပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ဖို့ အပေးအယူ ညှိနှိုင်းမှုတွေ ရရှိခဲ့ကြပါတယ်။ BRR လို့ခေါ်တဲ့ အာချေးပြည်နယ် ပြန်လည် တည်ဆောက်ရေး အေဂျင်စီရဲ့ အကြီးအကဲ Kuntoro Mangkusubroto က လက်နက်ကိုင် တိုက်ပွဲတွေ ပြီးစီးသွားပြီး ငြိမ်းချမ်းရေး ရသွားတဲ့အခါမှာတော့ ထောင်နဲ့ချီတဲ့ လက်နက် ကိုင်ခဲ့သူတွေ ဘ၀တိုက်ပွဲအတွက် ဘာမှ ပြင်ဆင်ထားမှုမရှိခဲ့ရတဲ့ အခက်အခဲ ရင်ဆိုင်နေရပုံကို ဗီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။

“နဲနဲခက်နေတဲ့ ကိစ္စတွေကတော့ စစ်ပဲတိုက်တတ်တဲ့ လက်နက်ကိုင်ခဲ့တဲ့ လူပေါင်း ၁၄,၀၀၀ ဟာ အသက်မွေး ၀မ်းကြောင်းအလုပ် ဘာမှ မလုပ်တတ်တော့ အလုပ်လက်မဲ့တွေ ဖြစ်နေတာရယ်၊ သူတို့တွေကို အာချေးပြည်နယ်ရဲ့ လူမှုအဖွဲ့အအစည်းထဲမှာ ၀င်ဆန့်နိုင်တဲ့ လုပ်ငန်း ကိုင်ငန်းတွေမှာ ပြန်ပြီး ကျွမ်းကျင်လာအောင်၊ ဒါမှမဟုတ်ရင်လည်း အလုပ်သစ် အကိုင်သစ်မှာ လုပ်နိုင်တဲ့ ကျွမ်းကျင်မှု ရှိလာအောင် ကျယ်ကျယ် ပြန့်ပြန့် စီစဉ်ပေးတာမျိုး ကျနော်တို့မှာရှိဖို့ လိုနေတာပါပဲ။”

အခု ပြန်လည် တည်ဆောက်ရေးကာလမှာ လုပ်ငန်း ကိုင်ငန်းတွေကြောင့် အလုပ်အကိုင် ရရှိနေကြတဲ့ သူတွေ တည်ဆောက်ရေးတွေပြီးသွားတဲ့အခါ အလုပ်လက်မဲ့တွေဖြစ်ပြီး အာချေးပြည်နယ် စီးပွားရေး ကမောက်ကမ ဖြစ်သွားမှာကိုလည်း အလှုရှင် နိုင်ငံတချို့က စိုးရိမ် ပူပန်နေကြပါတယ်။

လက်နက်ကိုင် သူပုန်ဟောင်းတွေကို သိမ်းကျုံး စုရုံးပြီး အာချေးရဲ့ စီးပွားရေးနယ်ပယ်ထဲကို ဆွဲသွင်းဖို့ ဆိုတာကလည်း တော်တော့်ကို ရှုပ်ထွေးမယ့် ကြိုးပမ်း အားထုတ်မှုတခု ဖြစ်နေပါတယ်။ အာချေးရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်း အသစ်တွေဟာ အာချေးမှာ ဆွဲဆောင်မှုရှိရှိနဲ့ ပြည်တွင်းကဖြစ်စေ၊ နိုင်ငံခြားက ဖြစ်စေ၊ ရင်းနှီး မြှပ်နှံမှုတွေ လာလုပ်နိုင်မှ စီးပွားရေးတိုးတက်မှုနဲ့ အလုပ်အကိုင် ပေါများမှုက ရေရှည်ခံလိမ့်မယ်လို့ အာချေးပြည်နယ် ပြန်လည် တည်ဆောက်ရေးရဲ့ တာဝန်ရှိသူတွေက သုံးသပ်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG