သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားရဲ့ နျူကလီးယားဖျက်သိမ်းရေး ကြေငြာဖို့ နှောင့်နှေးဖွယ်ရာရှိ


အခုနှစ်ကုန် နောက်ဆုံးထားပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် ဖျက်သိမ်းဖို့ ရည်ရွယ်ထားတဲ့ ဆောင်ရွက်ချက်တွေကို သတ်မှတ်ရက်အမီ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။ ဒီလို မြောက်ကိုရီးယားက ဆောင်ရွက်မယ့် အထဲမှာ နျူကလီးယား လက်နက် အစီအစဉ်တွေနဲ့ ပတ်သက်လို့ အပြည့်အစုံ ထုတ်ပြန် ကြေငြာပေးဖို့လည်း ပါဝင်ပါတယ်။ တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ အခြေစိုက် ဗွီအိုအေ သတင်းထောက် Kurt Achin သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ နှောင့်နှေး ကြန့်ကြာမှုတွေ ရှိမယ့်အကြောင်း တောင်ကိုရီးယား အရာရှိတွေဖက်က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆို လိုက်တာပါ။ မကြာခင် ၂၀၀၇ ခုနှစ် ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် မြောက်ကိုရီးယား နိုင်ငံက သူ့ရဲ့ နျူကလီးယားဆိုင်ရာ ဆောင်ရွက်ချက်တွေကို ထုတ်ပြန် ကြေငြာနိုင်မယ့် အလားအလာ မရှိတဲ့အကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဆောင်ဂ် မင် ဆွန်း (Song Min-soon) က ဒီကနေ့ပဲ အတည်ပြု ပြောဆိုလိုက်တာပါ။

“မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ကို ထုတ်ဖော်ပြောဆိုဖို့ အခု ဒီဇင်ဘာလကို သတ်မှတ်ထားပေမယ့် မြောက်ကိုရီးယား နိုင်ငံဖက်က ထုတ်ပြန်ချက်တစုံတရာမရှိပဲ သတ်မှတ်ရက်ကို ကျော်လွန်သွားဖို့ ရှိပါတယ်”

မစ္စတာ ဆောင်ဂ် ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ် ဖျက်သိမ်းရေး ရည်ရွယ်ပြောဆိုနေတဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲတွေက တောင်ကိုရီးယား နိုင်ငံ ကိုယ်စားလှယ် တဦးပါ။ မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား အစီအစဉ် ဖျက်သိမ်းရေး ခြေလှမ်းတရပ်အနေနဲ့ ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး နျူကလီးယားဆိုင်ရာ ဆောင်ရွက်ချက်တွေကို ထုတ်ပြန် ကြေငြာပေးဖို့ တောင်ကိုရီးယား၊ အမေရိကန်၊ ရုရှား နဲ့ တရုတ် နိုင်ငံတွေကို ဒီနှစ် အစောပိုင်းတုန်းက ကတိပြုထားတာပါ။

မြောက်ကိုရီးယား နိုင်ငံက လှို့ဝှက်တဲ့ ယူရေနီယန် ဓာတ်သတ္ထု သန့်စင်မှုလုပ်ငန်းနဲ့ ပတ်သက်လို့ သိသာတဲ့ အထောက်အထားတွေကို ဘယ်တုန်းကမှ ဖွင့်ဟဝန်ခံ မထားဘူးလို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုထားတာပါ။ ဒါတွေကို ထုတ်ဖော်ပြောဆိုဖို့ မြောက်ကိုရီးယားနိုင်ငံမှာ တာဝန်ရှိတယ်လို့လည်း အမေရိကန် အစိုးရ အရာရှိတွေက ဆိုပါတယ်။ ယူရေနီယန် ဓာတ်သတ္ထုကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးတိုင်ပင်မှုတွေကတော့ လိုနေဆဲဖြစ်သလို၊ မြောက်ကိုရီးယား အနေနဲ့လည်း လိုက်နာ ဆောင်ရွက်လာအောင် နောက်ထပ် အချိန် ပိုပေးရကျိုးနပ်တယ်လို့လည်း မစ္စတာ ဆောင်ဂ် ကပြောပါတယ်။

“မြောက်ကိုရီးယားနိုင်ငံရဲ့ ကြေငြာချက် ထွက်ပေါ်လာရေး အချိန်ကိုက်ဖြစ်ဖို့ အလွန်အရေးကြီးတယ် ဆိုပေမဲ့ ကြေငြာချက်က ရိုးသားစင်ကြယ်ဖို့ လိုတယ်။ ဒီလို ရိုးရိုးသားသား ထုတ်ပြန်ပြောဆိုလာမယ့် ကြေငြာချက် ထွက်ပေါ်အောင် လုပ်နိုင်တာဟာ လက်ရှိ ကျိုးပမ်းဆောင်ရွက်ချက်တွေက ရည်ရွယ်ထား တာတွေကို အကောင်အထည် ဖော်တာလည်း ဖြစ်ပါတယ်။”

မြောက်ကိုရီးယားရဲ့ နျူကလီးယားဆိုင်ရာ ဆောင်ရွက်ချက်တွေကို ထုတ်ပြန် ကြေငြာချက်နဲ့ နျူကလီးယား အစီအစဉ် ဖျက်သိမ်းရေး အစီအစဉ်အတွက် ဆွေးနွေး ပြောဆိုမှုတွေဟာ အခုအချိန်မှာ တကယ့်ကို အရေးကြီးတဲ့ အခြေအနေမှာ ရောက်နေပြီလို့လည်း သူကပြောပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ကြီးကြပ်မှုအောက်မှာ မြောက်ကိုရီးယား နိုင်ငံက သူ့ရဲ့ ပလူတိုနီယမ် ဓာတ်သတ္ထု ထုတ်လုပ်တဲ့ နျူကလီးယားစက်ရုံတွေကို ရပ်ဆိုင်းပစ်နေတာ လအတော်ကြာကြာ ကတည်းကပါ။ ဒါပေမဲ့လည်း စီးပွားရေး ဆိုင်ရာ ရရှိခံစားခွင့်တွေမှာ နှေးကွေးမှုတွေ ရှိနေတာကြောင့် ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ရှိလုပ်ဆောင်နေတဲ့ နှုန်းကို လျှော့ချပစ်ဖို့ကလွဲလို့ ရွေးစရာ လမ်းမရှိဘူးလို့ မြောက်ကိုရီးယား အကြီးတန်းအရာရှိတဦးဖြစ်တဲ့ ဟွန် ဟတ်ခ် ဖုန် (Hyun Hak Pong) က ဒီတပတ်ထဲမှာပဲ သတိပေး ပြောဆိုထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ အဓိက နျူကလီးယား စက်ရုံတွေကို ဖျက်သိမ်းနေတဲ့အတွက် အပြန်အလှန်အားဖြင့် အမေရိကန် ပြည်ထောင်စုနဲ့ တောင်ကိုရီးယား နိုင်ငံတွေက လောင်စာဆီ တန်ချိန် တသန်း နီးပါးကို စွမ်းအင် အကူအညီအဖြစ် မြောက်ကိုရီးယားနိုင်ငံကို ထောက်ပံ့ပေးနေတာပါ။

အခုလို အစီအစဉ်တွေ နှောင့်နှေးကြန့်ကြာရတာဟာ နည်းပညာဆိုင်ရာ အခက်အခဲကြောင့် ဖြစ်ကောင်း ဖြစ်နိုင်တယ် လို့လည်း ကျွမ်းကျင်သူတွေက ဆိုနေကြတာပါ။ အထူးသဖြင့် ရေဒီယို သတ္တိကြွသုံးစွဲပြီးသား လောင်စာချောင်းတွေကို အအေးခံထားရာက ဖယ်ရှားတဲ့နေရာမှာ အခက်အခဲတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ထိမ်းသိမ်း တည်ဆောက်မှု နည်းပညာ ညံ့ဖျင်းတာကြောင့် လောင်စာချောင်းတွေကို ဖယ်ရှားရာမှာ လပေါင်းများစွာအထိ ကြာနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောနေကြတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG