သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထွက်ပြေးလာသော ကလေးစစ်သားတဦးရဲ့ ရင်ဖွင့်ချက်၊ ဘဝတူတွေ အများကြီးရှိနေဆဲ


မြန်မာ စစ်အစိုးရတပ်ထဲမှာ ကလေးစစ်သားတွေ အများအပြား စစ်မှုထမ်းနေတဲ့အကြောင်း၊ အသက်၁၄နှစ်အရွယ်မှာ တပ်သားအဖြစ် စုဆောင်း ခံရပြီးတော့ မကြာသေးခင်ကမှ ဘင်္ဂလားဒေရှ့်နယ်စပ်ကို ထွက်ပြေး လွတ်မြောက်လာတဲ့ စစ်မှုထမ်း တယောက်က ပြောပါတယ်။ လူအခွင့်အရေး ချိုးဖောက်မှုနဲ့ အထက်အရာရှိတွေရဲ့ ညှင်းပမ်း နှိပ်စက်မှုအောက်မှာ အောက်ခြေ စစ်သားတွေ အများအပြား တပ်ထဲမှာ အမှုထမ်းရတာကို မပျော်ရွှင်တော့ဘူးလို့ သူကဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးသိန်းထိုက်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံ နယ်ခြားကို ထွက်ပြေးလွတ်မြောက်လာတဲ့ ရခိုင်ပြည်နယ် ဗူးသီးတောင်မြို့နယ် ခမရ ၅၆၄မှာ အမှုထမ်းခဲ့တဲ့ စစ်သားရဲ့ နာမယ်က ကိုဇေယျာအောင်ပါ။ သူက အခုအချိန်မှာ အသက် ၁၈နှစ်ရှိပါပြီ။ သူက တပ်ထဲမှာ လေးနှစ်လောက် အမှုထမ်းအပြီးမှာ အခုလို ဘင်္ဂလားဒေရှ့် နယ်ခြား နတ်မြစ်ကို ဖြတ်ပြီးတော့ ဘာကြောင့် ထွက်ပြေးလာရတာလဲလို့ မေးကြည့်တော့ ကိုဇေယျာအောင်က

“လူတိုင်း လိုက်မမီအောင် ခိုင်းတယ်။ ခိုင်းပြီးရင် ထိုးကြိတ်တယ်။ ပြီးတော့ ဘုန်းကြီးကိစ္စတွေကို ကိုယ့် မျက်စိရှေ့က ကြည့်လို့မရဘူး။ သူတို့ပြောလို့ရှိရင်လည်း ကိုယ်ပဲ အထိုးအကြိတ်ခံနေရတယ်။ ပြီးရင် အပြစ်မရှိ အပြစ်ရှာ အချုပ်တွေထည့်၊ ထောင်တွေပို့ အဲဒါတွေ လုပ်နေတယ်။”

ကိုဇေယျာအောင်က လွန်ခဲ့တဲ့ လေးနှစ်လောက်က စစ်တွေ သင်္ကြန်မှာ တခြားလူငယ်တွေနဲ့အတူ ပျော်ပါးနေတုန်း တပ်ကနေ လာဖမ်းပြီးတော့ သူတို့ကို တပ်သားစုဆောင်းရေးကို အပို့ ခံခဲ့ရတာပါတဲ့။ စစ်တပ်ထဲကို ရောက်ခဲ့ရတဲ့အကြောင်းတွေကို အခုလို ပြန်ပြောပြပါတယ်။

“ကိုယ်ဝင်တုန်းကတော့ စစ်တွေမှာ သင်္ကြန်ကျတော့ အဲဒီမှာ ခေါ်သွားတာပဲ။ ဒီလို ခေါ်သွားလို့ ပါသွားတာ။ ပါတာတော့ လေး ငါး ခြောက်ယောက်ပါသွားတာ။ ကိုယ်နဲ့ အသက် လယ်ဗယ်လောက် တွေပဲရှိတယ်။ အဲဒီမှာ ဗမာလေးတွေလည်းပါတယ်။ ပြီးရင် ရခိုင်တွေလည်းပါတယ်။ ခေါ်သွား ပြီးတော့ စုဆောင်းရေးမှာ တရက်၊ နှစ်ရက်လောက်ထားတယ်။ ထားပြီးတော့ တခါတည်း သင်တန်း ကျောင်းကို ပို့တယ်။”

သင်္ကြန်မှာ ပျော်နေတဲ့ သူနဲ့ ဆယ့်သုံးလေးနှစ် အရွယ် တခြား လူငယ် လေး ငါး ခြောက်ယောက်ကို စစ်တပ်က ဖမ်းပြီး စစ်သားစုဆောင်းရေးမှာ တရက်နှစ်ရက်ထား နောက်တော့မှ သင်တန်း ကျောင်းကို ပို့လိုက်တာလို့ ကိုဇေယျာအောင်က ပြောပါတယ်။ ဒီလိုစစ်တပ် သင်တန်းကျောင်းကို ပို့လိုက်တဲ့အချိန်မှာ မိသားစုကို စစ်တပ်ထဲမှာ ရောက်နေတယ်ဆိုတာကို အကြောင်းကြားခွင့် ရခဲ့ပါ ရဲ့လားလို့ မေးကြည့်တော့

“မလုပ်ပေးဘူး။ ဘယ်ကိုမှ အဆက်အသွယ် မလုပ်ပေးဘူး။ သူတို့က စုဆောင်းရေးကနေပြီးတော့ သင်တန်းကျောင်းမှာ နှစ်လလောက်ရောက်တဲ့ အထိကို အဆက်အသွယ်မရတာ။ မိဘတွေက ဗူးသီးတောင်မှာ။ အခုတော့ မရှိတော့ဘူး။ အခု အမေ၊ အဖေကလည်း ဆုံးသွားပြီ။ ဆုံးသွား တာတောင် အသိမကြားဘူး။ အသိလည်း မပေးဘူး။”

ဒီလိုတပ်ထဲမှာ အမှုထမ်းခဲ့တဲ့ ကာလတွေအတွင်း ဘယ်လိုအလုပ်အကိုင်တွေ လုပ်ကိုင်ခဲ့ရသလဲ။ အထက်အရာရှိတွေရဲ့ ဆက်ဆံရေးကရော ဘယ်လိုရှိပါသလဲလို့ မေးကြည့်တော့

“အလုပ်တွေကတော့ အများကြီးပဲ။ အဲဒီမှာ အထက်အရာရှိက သူတို့ ပစ္စည်းတွေက အစ ထမ်းရတာ။ ကျွန်တော်တို့တွေက ဆယ့်နှစ်ရာသီ အလုပ်က မပျက်ဘူး။ စစ်တိုက်ရတယ်။ ကရင်ပြည်နယ် ဆင်းရတယ်။ ရှမ်းပြည်ဆင်းရတယ်။ မွန်ပြည်တက်ရတယ်။ ရိုက်တာ ဘာညာတော့ရှိတာပေ့ါ။ ထိုးတာတို့၊ ရိုက်တာတို့။ မသွားနိုင်ရင် ထိုးကြိတ်တာတို့ ရှိတာပေါ့။ အချို့ကတော့ အပြစ်မရှိဘဲနဲ့ ကုလားတို့၊ ရခိုင်တို့ဆီကနေ ပိုက်ဆံတွေကောက်။ ကျွန်တော်တို့ကဝင် ပြောတော့ ကျွန်တော်တို့က အထိုးအကြိတ်ခံ။ ပြီးတော့ ကျွန်တော်တို့က အချုပ်ထဲကို ရောက်တယ်။”

မြန်မာစစ်တပ်ထဲမှာ အမှုထမ်းနေတဲ့ စစ်သားတွေက တခြားဝန်ထမ်းတွေနဲ့ နှိုင်းစာရင် လခရော၊ အခွင့်အရေးတွေ ပိုရတဲ့အတွက် စစ်သားတွေအနေနဲ့က ပိုပြီးတော့ အဆင်မပြေဘူးလားလို့ မေးကြည့်တော့ ကိုဇေယျာအောင်က တပ်ထဲမှာ အောက်ခြေရဲဘော်တွေအကြား ပေးတာတွေနဲ့ မလောက်လို့ ထွက်ပြေးချင်တဲ့ သူတွေ အများအပြားရှိတယ်လို့ ပြောပါတယ်။

“ကျွန်တော်နဲ့ လာတဲ့ နောက်တယောက်ရယ်၊ ကျွန်တော်တို့ထက်အရင် ပြေးသွားတဲ့ နောက် တယောက်၊ သူကတော့ ဘယ်ကို ပြေးသွားလဲတော့ မသိဘူး။ အခုလက်ရှိကတော့ ကျွန်တော်တို့ နှစ်ယောက်ပြေးလာတယ်။ ကျန်တဲ့ ရဲဘော်တွေက ပြေးမယ့် သူတွေချည်းပဲ။ မိန်းမရှိတဲ့ သူတောင် ပြေးမယ့် သူတွေ ချည်းပဲ။ နတ်မြစ်ကို လက်ပစ်ကူးပြီးပြေးလာတယ်။”

မြန်မာစစ်အစိုးရကတော့ မြန်မာနိုင်ငံ စစ်တပ်အတွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားလုံးဝမရှိတဲ့ အကြောင်း မကြာခဏ ငြင်းဆိုခဲ့ဘူးပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေး အဖွဲ့တွေကတော့ မြန်မာစစ်တပ်ဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်တပ်ထဲ တပ်သားသစ်အဖြစ် အများအပြား ထောင်နဲ့ချီ စုဆောင်းထားတဲ့အကြောင်း မကြာခဏပြောဆိုလေ့ရှိပါတယ်။ အခု ခမရ ၅၆၄ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ကိုဇေယျာအောင်ကတော စစ်တပ်ထဲမှာ အမှုထမ်းအကြား ကလေးစစ်သားတွေ ရှိ မရှိ ဆိုတာနဲ့ ပတ်သက်လို့

“ဆယ့်သုံး ဆယ့်လေးလောက်ထိတောင် ရှိတယ်။ တပ်ထဲမှာ သင်တန်းဆင်းလာတဲ့ ကောင်လေး တွေရယ်၊ အရင်ရယ်၊ လက်ရှိရယ် ဆိုလို့ရှိရင် အယောက် လေးဆယ်ကျော်လောက်တော့ ရှိတယ်။ တပ်ထဲမှာ တစ်ရာနဲ့ ငါးယောက်လောက်ရှိတယ်။ ဒီမှာနေရင် တော်တော်လေးကို အန္တရယ် ရှိနေတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG