သုံးရလွယ်ကူစေသည့် Link များ

ပါကစ္စတန် အတိုက်အခံခေါင်းဆောင် လုပ်ကြံခံရခြင်းအပေါ် အဲန်အယ်လ်ဒီ ရှုတ်ချ


ဘနာဇီယာ ဘူတို (Benazir Bhutto) လုပ်ကြံခံရတဲ့အပေါ် ထိုင်း၊ မလေးရှား၊ စင်ကာပူ စတဲ့နိုင်ငံတွေက ဝမ်းနည်းကြောင်း ပြစ်တင်ရှုတ်ချကြောင်း ထုတ်ဖော်ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ နိုင်ငံခြားသတင်းတစ်ရပ်အဖြစ် ဖော်ပြတာကိုပဲ တွေ့ရှိရပေမယ့် အခုချိန်အထိ မြန်မာခေါင်းဆောင်တွေဆီကနေ
ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့တာ မတွေ့ရသေးပါဘူး။ ရေဒီယိုနဲ့ ရုပ်မြင်သံကြားသတင်း ထုတ်ပြန်ကြေညာတာလည်း မရှိဘူးလို့ သိရပါတယ်။

အခုလို ဘနာဇီယာ ဘူတို လုပ်ကြံခံရတာတဲ့အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းနဲ့ မြန်မာနိုင်ငံသားတချို့ရဲ့ တုံ့ပြန်ချက်တွေကိုတော့ ဦးကျော်ဇော်ညွှန့်က ဆက်သွယ်မေးမြန်းထားပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း မစ္စ ဘူတိုကို မနေ့က ပါကစ္စတန်နိုင်ငံ ရာဝယ်လ် ပင်ဒီ မြို့မှာ မဲဆွယ်ပွဲအပြီး လုပ်ကြံသတ်ဖြတ်လိုက်တဲ့သတင်းနဲ့ပတ်သက်ပြီး အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက -

“လုပ်ကြံခံရတဲ့သတင်းကြားရတာ အလွန်ကို ထိတ်လန့်သွားပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ကျနော်တို့ နားလည်သလောက် အဓိက နိုင်ငံရေး အတိုက်အခံပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မယ့်အချိန်မှာ အခုလို အကြမ်းဖက်တဲ့နည်းနဲ့ လုပ်ကြံတာဟာ အလွန် သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ ကျနော်တို့ အဲဒီလို ပြောချင်ပါတယ်။”

မစ္စ ဘူတိုရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ဦးဉာဏ်ဝင်းက -

“ဒီ အတိုက်အခံနိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ယောက်ရဲ့ လုံခြုံရေးဟာ လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရအပေါ်မှာ လုံး၀ တာဝန်ရှိတယ်ဆိုတာကို ကျနော်တို့ ယုံကြည်ပါတယ်။”

မစ္စ ဘူတို လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ပါကစ္စတန်အတွက် ရှေ့ပေါ်ပေါက်လာမယ့် အလားအလာကို ဦးဉာဏ်ဝင်းက အခုလို သုံးသပ်ပါတယ်။

“ပိုပြီးတော့ ဂရုစိုက်ရမယ်။ ဒီလို ဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့်လည်း အဲဒီ တိုင်းပြည်အနေနဲ့တော့ ဆိုးကျိုးတွေနဲ့ ထပ်မံတွေ့ရဖို့ ဖြစ်လာမယ်လို့ ကျနော်တို့တော့ အဲဒီလိုပဲ မြင်နေတယ်။”

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရတဲ့အပေါ်မှာ မြန်မာနိုင်ငံက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားတွေကို စုစည်းတင်ပြခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG