သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မခိုင်းစေမှုပုံစံ နောက်တမျိုး စစ်အစိုးရကျင့်သုံး


မြန်မာနိုင်ငံအတွင်းမှာ အဓမ္မလုပ်အားပေး
ခိုင်းစေမှုတွေ မရှိတော့ပါဘူးလို့ မြန်မာ
အာဏာပိုင်တွေဘက်က အာမခံထားပေမယ့်
ရန်ကုန်တိုင်း တွံတေးမြို့နယ် အတွင်းမှာ
သံဃာတော်တွေကတဆင့် ဖိအားပေးပြီး
ကျေးရွာဒေသခံတွေကို လုပ်အားပေးဖို့ ခိုင်း
စေနေတယ်လို့ တွံတေးဒေသခံတွေက
ပြောပါတယ်။ အပြည့်အစုံကို ဦးသိန်းထိုက်ဦး
က အစီရင်ခံထားပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးခိုင်းစေတဲ့သူတွေကို အရေးယူအပြစ်ပေးဖို့ ILO
နိုင်ငံတကာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကြီးက တောင်းဆိုထားပါတယ်။ ဒီလို တောင်းဆိုထားတဲ့အချိန်မှာ အာဏာပိုင်တွေအနေနဲ့ တိုက်ရိုက်မဟုတ်ဘဲ ကျေးရွာ
သားတွေကို အဓမ္မခိုင်းစေတဲ့ ပုံစံတမျိုးနဲ့ ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်းမှာ
စတင် ကျင့်သုံးလာတာဖြစ်ပါတယ်။

တွံတေးမြို့နယ် ပန်းလှိုင် ရေကျော်ကနေ ခတ္တိယအထိ ၆၅ မိုင်ရှည်တဲ့ ကားလမ်းမှာ
တာဖို့ဖို့ ဒေသခံရွာသားတွေကို သံဃာတော်တွေကတဆင့် ဖိအားပေး ခိုင်းနေတာလို့ တွံတေးမြို့ခံတစ်ယောက်က အခုလို ပြောပြပါတယ်။

“၆၅ မိုင်ရှည်တဲ့ တာလမ်းပါ၊ ဒီလမ်းကိုဖို့ဖို့ မဝတဥက္ကဋ္ဌ ဦးအောင်သာဇံကနေပြီးတော့ ဘုန်းကြီးတွေကိုခေါ်ပြီး ညွှန်ကြားတယ်၊ ဘုန်းကြီး တွေအကုန်လုံးက ရွာမှာရှိတဲ့သူတွေ
အားလုံးကို လုပ်အားပေးဖို့ ဆယ်ရွာမှာရှိတဲ့ ပန်းလှိုင် ရေကျော်ကနေ ခတ္တိယအထိ အားလုံးကိုခိုင်းပါတယ်။ ၆၅ မိုင် တာလမ်းကိုဖို့ဖို့ ဘုန်းကြီးတွေကနေ ရွာကလူတွေကို
ခိုင်းတာပါ၊ ရွာကလူတွေ ကလည်း မကျေနပ်ဘူး၊ ဘုန်းကြီးတွေကလည်း မကျေနပ်ကြ
ဘူး။ မယက ညွှန်ကြားလို့သာ လုပ်ရတာ မလုပ်ချင်ဘူး၊ သွယ်ဝိုက်သောနည်းဖြင့်ပေါ့
နော် မယက က ဘုန်းကြီးတွေက လုပ်ခိုင်းတယ်ဆိုတာမျိုး ခိုင်းနေတာပေါ့။”

မြန်မာနိုင်ငံအတွင်းမှာ အဓမ္မလုပ်အားပေးခိုင်းစေတာတွေ ရှိခဲ့မယ်ဆိုရင် ခိုင်းစေတဲ့
သူကို အရေးယူဖို့ အိုင်အယ်လ်အိုနဲ့ စစ်အစိုးရအကြား သဘောတူထားပါတယ်။ အဓမ္မ လုပ်အားပေးခိုင်းစေတာတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က လက်တုန့်ပြန်
တာမျိုးတွေ မလုပ်ဘဲ လွတ်လွတ်လပ်လပ် တိုင်ကြား နိုင်ခွင့်ရှိဘို့ စနစ်တရပ်
ထူထောင်နိုင်ရေးအတွက်လည်း အိုင်အယ်လ်အိုနဲ့ စစ် အစိုးရအကြား သဘောတူထား
ပါတယ်။

အခု သံဃာတော်တွေကတဆင့် ခိုင်းစေတာမျိုး စပြီး လုပ်လာတဲ့အတွက် ဘယ်သူ့ကို
တိုင်မလဲ၊ ဘယ်သူ့ကို အရေးယူမလဲ၊ သံဃာတော်တွေကို ခုတုံးလုပ်ပြီး အဓမ္မခိုင်းစေ
တာဆိုတဲ့ ဒေသခံတွေရဲ့စွပ်စွဲချက်တွေ ထွက်နေပါတယ်။ ဒီလို ခိုင်းစေတာနဲ့ပတ်သက်
လို့ သံဃာတော်တွေဘက်က တုန့်ပြန်ပြောဆိုတာ တွေကိုလည်း အခုလို ပြောပြ
ပါတယ်။

“တချို့ ဘုန်းကြီးတွေကတော့ ဒါ တာလမ်းဖို့တာပဲ၊ မင်းတို့လိုက်ရမယ်၊ ရွာတွေ သာယာ
ဖို့ပဲဆိုပြီး ပြောတယ်၊ တချို့ဘုန်းကြီးတွေကြတော့လည်း မလိုက်ရင်လည်း ဘာဖြစ်
လည်းကွာတဲ့၊ သူက ဘယ်နှစ်ရက်လုပ်ရမယ်လို့ မပြောဘူး၊ တာလမ်းမပြီးမချင်း
လုပ်ရမယ်လို့ပြောတယ်၊ တစ်ရက်နေ့က စလုပ်ရမှာ။”

ခုအချိန်အထိတော့ လုပ်အားပေးမလိုက်ရင် ဘာပေးရမယ်၊ ညာပေးရမယ်၊ ဒဏ်ငွေ ဘယ်လောက်ရိုက်မယ်ဆိုတဲ့ အတိအကျ သတ်မှတ်ထားတာမျိုး မရှိသေးဘူးလို့လည်း
ဒေသခံက ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG