သုံးရလွယ်ကူစေသည့် Link များ

ကာတာလေကြောင်း၏ မြန်မာနိုင်ငံခရီးစဉ်များ ရပ်ဆိုင်းတော့မည်


မြန်မာနိုင်ငံနဲ့ တပတ်ကို လေးကြိမ်ပျံသန်းနေ
တဲ့ ကာတာလေကြောင်းဟာ လာမယ့် ဇန်နဝါ
ရီလကစလို့ ခရီးစဉ်တွေ ရုပ်သိမ်းတော့မယ်လို့ ကြေညာထားပါတယ်။ စီးပွားရေးအကြောင်း
ပြချက်နဲ့ အခုလို ခရီးစဉ်တွေ ရပ်ဆိုင်းလိုက်
တာလို့ လေကြောင်းကုမ္ပဏီ ဝန်ထမ်းတွေက
ပြောပေမယ့် မြန်မာနိုင်ငံအပေါ် အရေးယူ
ပိတ်ဆို့နေတဲ့ စီးပွားရေးဒဏ်ခတ်မှုတွေရဲ့
အကျိုးဆက်တွေကြောင့်ဖြစ်မယ်လို့ နိုင်ငံခြား
သတင်းစာတွေမှာ ရေးသား ဖော်ပြထားပါ
တယ်။ အသေးစိတ်ကို ဦးသိန်းထိုက်ဦးက
အစီရင်ခံထားပါတယ်။

မြန်မာနိုင်ငံနဲ့ပျံသန်းနေတဲ့ ပြည်ပ
လေကြောင်း ၁၅ ခုထဲက တခုဖြစ်တဲ့ ကာတာ
လေကြောင်းလိုင်းဟာ မကြာခင် သီတင်းပတ်
တွေအတွင်း မြန်မာနိုင်ငံနဲ့ ခရီးစဉ်တွေ ရပ်
ဆိုင်းတော့မှာပါ။ စီးပွားရေးအကြောင်းပြချက်နဲ့ အခုလို ခရီးစဉ်တွေ ရပ်ဆိုင်းလိုက်တာ
လို့လေကြောင်းကုမ္ပဏီဝန်ထမ်းတွေက ပြောပေမယ့် အသေးစိတ်ကိုတော့ မသိရသေး
ပါဘူး။

ရန်ကုန်မြို့က ကာတာလေကြောင်းဌာန ဝန်ထမ်းတစ်ယောက်က အခုလို ပြောပြ
ပါတယ်။

“ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ပိုင်းမှာ ခရီးစဉ်တွေ မရှိတော့ပါဘူး၊ စီးပွားရေးကိစ္စ အကြောင်းပြချက်သက်သက်လို့ပဲပြောပါတယ်၊ အသေးစိတ်ကိုတော့ ကျနော်တို့ မသိ
ပါဘူး။”

စီးပွားရေးဆိုင်ရာ အကြောင်းပြချက်လို့ ပြောပေမယ့် ကာတာလေကြောင်း ပျံသန်းတဲ့
ဒိုဟာနဲ့ရန်ကုန် ပြေးဆွဲနေတဲ့ခရီးစဉ်တွေမှာ ခရီးသည်တွေ အမြဲတမ်း လိုလို ပြည့်နေ
လေ့ရှိတယ်လို့ ရန်ကုန်မြို့က ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ ကို ကိုးကားပြီး သတင်းတွေမှာရေးပါတယ်။

အခုလို ကာတာလေကြောင်း ခရီးစဉ်တွေ ရပ်ဆိုင်းလိုက်ရတာဟာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အနောက်နိုင်ငံတွေက စီးပွားရေး အရ ဖိအားပေးမှု
တွေရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်နိုင်တယ်လို့ ခရီးသွားလုပ်ငန်းရှင် တချို့ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။

မြန်မာနိုင်ငံအတွင်း သံဃာတော်တွေနဲ့ လူထုရဲ့ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ပြည်ပလေကြောင်းတချို့က မြန်မာနိုင်ငံနဲ့ ပျံသန်းတဲ့ ခရီး
စဉ်တွေကို လျှော့ချခဲ့ပါတယ်။ မြန်မာ့လေကြောင်းကိုယ်တိုင် ပြည်ပခရီးစဉ်တွေကို ရပ်
နားခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ မလေးရှား၊ စင်္ကာပူနဲ့ ဘန်ကောက်ခရီးစဉ်တွေကို
ပြန်လည် ပျံသန်းမယ်လို့ ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် လန်ဒန်
အခြေစိုက် လေကြောင်းအာမခံကုမ္ပဏီက မြန်မာ့လေကြောင်းပိုင် လေယာဉ်တွေရဲ့
အာမခံကို ရုပ်သိမ်းခဲ့တဲ့အတွက် လေယာဉ်ခရီးစဉ်တွေကို ရုပ်သိမ်းခဲ့ရတာလို့လည်း
ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တွေက ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေကြောင့် ပြီးခဲ့တဲ့
နိုဝင်ဘာလအတွင်းကပဲ ပုဂံလေကြောင်းလိုင်းဟာ စင်္ကာပူနဲ့ပျံသန်းတဲ့ ခရီးစဉ်တွေကို ရုပ်သိမ်းခဲ့ရပါတယ်။

မြန်မာနိုင်ငံကိုလာရောက်တဲ့ ကမ္ဘာလှည့်ခရီးသည်အရေအတွက် လျော့နည်းသွားတာ
ကြောင့်ရော နိုင်ငံတကာ ဖိအားပေးမှုတွေကြောင့်ရော ခရီးစဉ်တချို့ကို ဖျက်သိမ်းခဲ့ရ
တာလို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

မကြာသေးခင် ရက်ပိုင်းအတွင်း မြန်မာ့လေကြောင်းက ပြည်ပခရီးစဉ်တွေကို တိုးချဲ့ ပျံသန်းမယ့်အကြောင်းနဲ့ ပုဂံလေကြောင်းက တောင်ကိုရီးယားကို ခရီးစဉ်တိုးချဲ့မယ့်
အကြောင်း ကြေညာခဲ့ပါတယ်။

ဒီလို ကြေညာတဲ့အချိန်မှာပဲ အခု ကာတာလေကြောင်းက မြန်မာနိုင်ငံနဲ့ ခရီးစဉ်တွေ
ကို ရုပ်သိမ်းတော့မယ်လို့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG