သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမတ မွိုင် ကဘားကီးဟာ ကင်ညာသမတ ရွေးကောက်ပွဲကို သူအနိုင်ရတယ်လို့ ကြေညာ


ကင်ညာနိုင်ငံမှာ ရွေးကောက်ပွဲ ကလိမ်ကျမှုတွေ ရှိနေတယ်လို့ဆိုပြီး အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ကြားကပဲ သမတ မွိုင် ကဘားကီး ဟာ အခု ကင်ညာသမတ ရွေးကောက်ပွဲ သူအနိုင်ရတယ်လို့ ကြေညာလိုက်ပါတယ်။ ဒီလို ကြေညာလိုက်တာကြောင့် အကြမ်းဖက်မှုတွေ နောက်ထပ် ဖြစ်ပေါ်လာရတယ်လို့ ဗွီအိုအေ သတင်းထောက် Nick Wadhams က သတင်းရေးသားပေးပို့ထားတာကို ဦးသားညွန့်ဦးက တင်ပြပေးပါတယ်။

ကဘားကီးဟာ မဲအရည်အတွက် ၄ ဒဿမ ၅ သန်း ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဆန်မြူရယ် ကစ်ဗြူတူက ကြေညာပါတယ်။ ဒါဟာ ကင်ညာသမိုင်းမှာ ထူးထူးခြားခြားပဲ အတိုက်အခံ ရေးလ အိုဒင်ဂါကို မဲအရည်အတွက် နှစ်သိန်းလောက်နဲ့ အနိုင်ရခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲ ပြီးပြီးချင်း မဲရလာဒ် မကြေညာနိုင်တာကြောင့် ဆန္ဒပြအကြမ်းဖက်တွေ ရှိခဲ့ပါတယ်။

အခုလို ရလာဒ် ကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ ကင်ညာ ရုပ်မြင်သံကြားတွေမျာတော့ မစ္စတာ ကဘားကီးဟာ ဒုတိယအကြိမ် ၅နှစ်သက်တမ်း အတွက် ကျမ်းသစ္စာကျိန်ဆိုနေတာကို ပြသ ခဲ့ပါတယ်။ ဒီနောက်တော့ ငြိမ်ငြိမ်သက်သက်နေကြဖို့ ကင်ညာလူထုကို သူက မေတ္တာရပ်ခံပြီး သန့်ရှင်းတဲ့ အစိုးရတရပ် ဖြစ်အောင် လုပ်မယ်လို့ ကတိပြုပါတယ်။

အတိုက်အခံ ကိုယ်စားလှယ် အိုဒင်ဂါရဲ့ အမာခံနယ်မြေဖြစ်တဲ့ နိုင်ရိုဘီးမြို့က ကီဘီရာ ဆင်ခြေဖုံး ဒေသမှာတော့ ဒီသတင်းကို ကြားကြားပြီးချင်း လူတွေဟာ ကြွေးကြော်သံတွေ အော်ဟစ်ပြီး လမ်းမပေါ်တွေ ထွက်ဆန္ဒပြကြပါတယ်။ ကနဦးမဲရလဒ်တွေအရတော့ အတိုက်အခံ အိုဒင်ဂါက မဲအရည်အတွက် တသန်းနဲ့ ရှေ့ကပြေးနေပေမယ့် နောက်ပိုင်းမှာတော့ သမတ ကဘားကီးက အနိုင်ရဖို့ ထိပ်ရောက်လာပုံ ရပါတယ်။

အနိုင်ရသူကို ကြေညာမယ့် နေ့ အစောပိုင်းကတော့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ကစ်ဗြူတူက ရလာဒ်ကို ကြေညာဖို့ ရောက်လာချိန်မှာ အတိုက်အခံ အိုဒင်ဂါးရဲ့ လိမ္မော်ရောင် ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့ဝင်တွေက ဆန္ဒပြ အော်ဟစ်မှုတွေ လုပ်တာကြောင့် စင်ပေါ်ကနေ အတင်းဆင်းခဲ့ ရပါတယ်။ ဒီနောက် အနီးအနား ရုံးတခုကနေ ရလဒ်ကို ကြေညာခဲ့ရတာပါ။

သမတ ကဘားကီးရော အတိုက်အခံ အိုဒင်ဂါးဖက်ကပါ ရွေးကောက်ပွဲမှာ ကလိမ်ကျမှုတွေ ရှိတယ်လို့ တဖက်နဲ့ တဖက် အပြန်အလှန် စွတ်စွဲထားကြပါတယ်။ ၂၀၀၂ခုနှစ် ရွေးကောက်ပွဲတုန်းက မစ္စတာ ကဘားကီးကို ရှုံးနိမ့်ခဲ့ဖူးတဲ့ အခုတော့ မစ္စတာကဘားကီးရဲ့ မဟာမိတ်အဖြစ်ရှိနေတဲ့ အူဟူရူ ကင်ညာတ ကတော့ မစ္စတာ အိုဒင်းဂါးအနေနဲ့ သူ့ရဲ့ နောက်လိုက်တွေကို ငြိမ်ငြိမ်သက်သက် ရှိကြဖို့နဲ့ အကြမ်းဖက်မှုတွေ မလုပ်ကြဖို့ ပြောဆိုသင့်တယ်လို့ ပြောနေပါတယ်။

“ကျနော်တို့ အတိုက်အခံတွေအနေနဲ့ သူတို့ရဲ့နောက်လိုက်တွေကို ငြိမ်ငြိမ်သက်သက်နေဖို့ အားပေး ပြောဆိုရမယ့်အစား တိုင်းပြည်အနှံ့မှာ ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်မှုတွေဖြစ်အောင် ခြိမ်းခြောက်မှု သဘောတွေဖြစ်အောင် မြှောက်ထိုးပင့်ကော် လုပ်ပေးနေတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အင်မတန်မှကို စိုးရိမ်ပူပင်နေပါတယ်။ ကျနော်တို့ဖက်က ဒီလိုအလားတူ လုပ်လာရင် ဘာတွေ ဖြစ်လာမလဲ။ တိုင်းပြည် ဘာဖြစ်သွားမလဲ။ ဒါ့ကြောင့် အရေးကြီးတာက ကျနော်တို့ရဲ့ အတိုက်အခံတွေ အနေနဲ့ နောက်လိုက်တွေကို ကိုယ့်ကိုယ်ကို အရှိန်သတ်ကြဖို့ ပြောဆိုသင့်ပါတယ်။ ဖွဲ့စည်းပုံ ဥပဒေအတိုင်း ဖြစ်လာဖို့ ခွင့်ပြုသင့်ပါတယ်။”

ရွေးကောက်ပွဲ လေ့လာသူတွေကတော့ ကနဦးက ရွေးကောက်ပွဲဟာ မျှတမှုရှိခဲ့တယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလာဒ် ကြေညာတာ နှောင့်နှေးမှုတွေကြောင့် အမေရိကန်နဲ့ ဥရောပက လေ့လာသူတွေက သူတို့ အရင် အကဲခတ်ခဲ့တာကို ပြန်ပြီး ရုတ်သိမ်းဖို့ ဖြစ်လာပါတယ်။ တနင်္ဂနွေနေ့ကတော့ ဥရောပသမဂ္ဂက ပြောတဲ့အခါမှာ သူတို့ လေ့လာ ဆန်းစစ်သူတွေ မဲရေတွက်တဲ့ နေရာကို သွားခွင့် ပိတ်ပင်ခံရတယ်လို့ ပြောပါတယ်။

အခုလို မဲရလာဒ် ကြေညာလိုက်တဲ့ နောက်တော့ ရွေးကောက်ပွဲ ကော်မရှင်ဟာ မဲရေတွက်ရာမှာ ယုံကြည် စိတ်ချခံရမှု မရခဲ့ဘူးလို့ ဥရောပသမဂ္ဂက ပြောပါတယ်။ ဥရောပသမဂ္ဂနဲ့ အခြား ရွေးကောက်ပွဲ ကော်မရှင်နာတွေကိုယ်၌က အစီရင်ခံထားတဲ့ မဲကလိမ်ကျမှုတွေရှိနိုင်တယ်ဆိုတဲ့ အထောက်အထားတွေကို ကော်မရှင်က မဖြေရှင်းနိုင်တာကြောင့် လည်းပါတယ်လို့ ပြောဆိုခဲ့ ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG