သုံးရလွယ်ကူစေသည့် Link များ

ဘီလ၀ါလ် ဘူတိုဟာ ဖခင်ဖြစ်သူ အာဆစ်ဖ် အလီ ဇာဒရီနဲ့အတူ ပါတီရဲ့ ခေါင်းဆောင်မှုကို ပူးတွဲ တာဝန်ယူမည်


လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အတိုက်အခံ ခေါင်းဆောင် ဘနာဇီယာ ဘူတိုရဲ့ သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ နှစ်ဦး တွဲဖက်ပြီး ရှေ့လာမဲ့ရွေးကောက်ပွဲမှာပါဝင်ဖို့ အတွက် ပါတီရဲ့ ခေါင်းဆောင်များအဖြစ် လုပ်ဆောင်သွားဖို့ ဆုံးဖြတ် လိုက်ပါတယ်။ အစ္စလာမ်မာဘတ်မြို့ကနေ ဗွီအိုအေ သတင်းထောက် နန်စီ အမေလီယာ ကောလင်းစ် သတင်းပေး ပို့ထားတာကို ဒေါ်ညိုညိုလွင်က တင်ပြပေးပါတယ်။

မစ္စ ဘူတိုရဲ့ အရိုက်အရာ ဆက်ခံသူအဖြစ် အသက်( ၁၉ )နှစ် အရွယ် သူမရဲ့ သားဖြစ်သူကို ပါကစ္စတန် ပြည်သူ့ ပါတီက ရွေးချယ်လိုက်ပြီး သူ့ဖခင်နဲ့ အတူ ပါတီကို ပူးတွဲ ဦးဆောင်သွားမယ်လို့ ကြေငြာလိုက်ပါတယ်။

ပါတီရဲ့ တံခါးပိတ် အစည်းအဝေးအပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပြီး လာမဲ့ ရွေးကောက်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်မယ့် အကြောင်းကိုလည်း ပြောဆိုလိုက်ပါတယ်။ တခြား အတိုက်အခံ ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ န၀ါ့ရှရစ်ဖ်ကလည်း မူလက သူတို့ ခြိမ်းခြောက်ထားသလို မဟုတ်ဘဲ ရွေးကောက်ပွဲကို သပိတ်မမှောက်တော့ဘူး လို့ပြောပါတယ်။

မစ္စ ဘူတိုရဲ့ သားဖြစ်သူ ဘီလ၀ါလ် ဘူတို ဇာဒရီနဲ့ သူ့ရဲ့ ညီမနှစ်ဦးတို့ဟာ မိခင်ဖြစ်သူရဲ့ အမည်ကို သူတို့ ကိုယ်ပိုင်နာမယ်တွေမှာ တရားဝင် ထည့်သွင်းလိုက်ပါတယ်။

ဗြိတိန်နိုင်ငံ အော့က်စ်ဖို့ တက္ကသိုလ်က ကျောင်းသားဖြစ်တဲ့ ဘာလ၀ီဟာ ဖခင်ဖြစ်သူ အာဆစ်ဖ် အလီ ဇာဒရီ နဲ့အတူ ပါတီရဲ့ ခေါင်းဆောင်မှုကို ပူးတွဲ တာဝန်ယူမှာ ဖြစ်ပါတယ်။

မစ္စဘူတိုရဲ့ သားဖြစ်သူက သူ့ရဲ့ပညာရေး ပြီးဆုံးဖို့အတွက် အောက်စ်ဖိုဒ့်ကို ပြန်သွားမှာဖြစ်ပြီး သူပြန်သွားတဲ့အခါ နိုင်ငံရဲ့ ၀ါအရင့်ဆုံး နိုင်ငံရေးပါတီကို သူ့ဖခင်က ထိရောက်စွာ ခေါင်းဆောင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ သူဘွဲ့ရတဲ့အခါ ပါကစ္စတန် ကိုပြန်လာပြီး ပါတီ တာဝန်ထမ်းဆောင်မှာ ဖြစ်တယ်လို့ စိတ်လှုပ်ရှားစွာနဲ့ အလေးထားပြောဆိုခဲ့ပါတယ်။

“ကျွန်တော် အမေက အမြဲပြောပါတယ်။ အကောင်းဆုံး လက်တုန့်ပြန်မှုဟာ ဒီမိုကရေစီပဲ ဖြစ်ပါတယ်။”

သူမ သေဆုံးသွားခဲ့ရင်တောင်မှ ပါတီကို ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်စေလိုတဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ မစ္စဘူတိုရဲ့ ခင်ပွန်းဖြစ်သူ ဇာဒါရီက ပြောဆိုလိုက်ပါတယ်။

“ဘနာဇီယာ ဘူတိုက သူ့ သင်္ချိုင်းကနေ ပြောဆိုနေပါတယ်။ ကျွန်တော်ရှေ့နေများနဲ့ ကျွန်တော်တို့ ပါတီရှေ့နေများ အတည်ပြုခဲ့တဲ့ သေတမ်းစာလို့ ခေါ်ရမယ့် စာရွက်စာတမ်းကို သူထားရစ်ခဲ့ပါတယ်။ သူထိုးပြနေတဲ့ လက်ညိုးကို ပါတီကသော်လည်းကောင်း၊ ကျွန်တော်ကသောလည်းကောင်း ဘယ်သူကမှ ထိုးပြနေစရာမလိုပါဘူး။”

ဆက်လက်ပြီး ကြာသာပတေးနေ့က မစ္စဘူတို လုပ်ကြံခံရမှုကိုလည်း အပြည်ပြည်ဆိုင်ရာ ပြဿနာ တရပ်အနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ ကုလသမဂ္ဂကို ပါတီက တောင်းဆိုထားတယ်လို့လည်း ပြောဆိုပါတယ်။

သူမသေဆုံးသွားခဲ့ရင် သူမရဲ့ လုံခြုံရေးအတွက် လုံလုံလောက်လောက် စီစဉ်ပေးဖို့ ပျက်ကွက် တာကြောင့် သမတ ပါဗေ့ဇ်မူရှာရပ်ဖ်မှာ တာဝန်ရှိတယ်လို့ ဇာဒါရီက မစ္စဘူတို ရေးသားထားခဲ့တဲ့ စာကိုကိုးကားပြီး ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကို ပါကစ္စတန်ပြည်သူ့ပါတီ ပါဝင်ခြင်းအားဖြင့် ဇန်ဝါရီလ ( ၈ ) ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲ တရားဝင်မှုအတွက် အရေးကြီးတယ်လို့ ရှုမြင်ရပါတယ်။

မစ္စဘူတိုပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှယ်ရီ ရီမန်က ဒီရွေးကောက်ပွဲဟာ ပါကစ္စတန်နိုင်ငံရဲ့ အနာဂတ်အတွက် တကယ်ကို အရေးပါတယ်လို့ ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

“ဒီနေ့ ပါကစ္စတန်ဟာ မီးတောက်လောင်နေသလို ဖြစ်နေပါပြီ။ အလွန်ကြီးမားတဲ့ ဆုံးရှုံမှုအတွက် အားလုံး ၀မ်းနည်းကြေကွဲနေ ကြရပါတယ်။ လူတွေ စုစုစည်းစည်း ရှိကြတာ၊ လူတွေအားလုံး သူတို့ရဲ့ ခံစားချက်တွေ ဖေါ်ထုတ်တာ၊ ရွေးကောက်ပွဲကို ဘယ်လို လုပ်ဆောင်ကြမလဲ၊ အစွန်းရောက် သူတွေရဲ့ နိုင်ငံအပေါ် ရှေ့ဆက်လုပ်ဆောင်တာတွေ ဘယ်လောက်ထိ တိုးလာမလဲ၊ ဒီအချက်တွေဟာ အနာဂတ် နိုင်ငံနဲ့ နိုင်ငံရေး အတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှု တခုပါပဲ။ ဒါကြောင့် ပါကစ္စတန်ကို ကယ်တင်နိုင်ဖို့ အတွက် အသေခံ တိုက်ပွဲဝင်ရမဲ့ အချိန်ပါပဲ။”

ဒီရွေးကောက်ပွဲကို အပတ်အတန်ကြာ ရွေ့ဆိုင်းနိုင်တယ်လို့ အစိုးရ အာဏာပိုင်တွေဘက်ကတော့ ပြောဆိုပါတယ်။

မစ္စဘူတိုဟာ ကြာသာပတေးနေ့က ရွေးကောက်ပွဲအတွက် လူထု မဲဆွဲစည်းဝေးပွဲ အပြန် ခံတပ်မြို့ ရာဝါလ်ပင်ဒီမှာ သေနတ်၊ ဗုံးတို့နဲ့ လုပ်ကြံခံခဲ့ရတာပါ။

မစ္စဘူတိုကို လုပ်ကြံသတ်ဖြတ်မှုဟာ နိုင်ငံကို မငြိမ်မသက်ဖြစ်စေခဲ့ပြီး၊ နိုင်ငံအနှံ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာတာကြောင့် လူ( ၄၀ )ကျော် သေဆုံးသွား ခဲ့ရပါတယ်။

မစ္စဘူတိုကို ထောက်ခံအားပေးသူတွေက သူမ သေဆုံးရခြင်းအတွက် အစိုးရရဲ့ ပြောဆိုချက်တွေကို ပယ်ချလိုက်ပြီး၊ အစိုးရဟာ သူတို့ရဲ့ အကာအကွယ်ပေးမှု ပျက်ကွက်တာကို ဖုံးကွယ်ထားတယ်လို့လဲ ပြောဆိုလိုက်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG