သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂြိုဟ်တုစလောင်းခွန် ကျပ်ငွေ ၁၀ သိန်း


မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဂြိုဟ်တု စလောင်းအတွက် အခွန်ငွေကို ကျပ် ၆၀၀၀ ကနေ ကျပ်ငွေ ၁၀ သိန်းအထိ တိုးမြှင့် ကောက်ခံနေပါတယ်။ မကြားစဖူး အဆ ၂၀၀ နီးပါးလောက် အခွန် တိုးမြှင့်ကောက်ခံတာနဲ့ ပတ်သက်လို့ ပြည်သူတွေအကြားမှာ အတော်ပဲ ဂယက် ရိုက်ခတ်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေရဲ့ ထိုင်းအခြေစိုက် သတင်းထောက် ဒေါ်အေးအေးမာ က တင်ပြပေးထားပါတယ်။

ဆက်သွယ်ရေးဌါနကနေ ဂြိုဟ်တုစလောင်းတွေကို အခွန်ဆောင်ပေးဖို့ဈေးနှုန်းဟာ ၂၀၀၈ ခုနှစ် အတွင်း ကျပ် ၁၀ သိန်းထိ တိုးမြှင့်သွားတာကြောင့် နိုင်ငံတကာသတင်းတွေနဲ့ ရုပ်ရှင်၊ ဗဟုသုတတွေ ကြည့်ရှု့နေသူတွေ အဖို့ အခက်အခဲတွေ တွေ့သွားရပါတယ်။ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းကတော့ လိုင်စင်သွားဆောင်တဲ့အခါမှာ တွေ့ကြုံခဲ့ပုံကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ ၁ ရက်နေ့ ရောက်တော့ ဇန်နဝါရီ ၁ ရက်နေ့ ကနေ ၃၁ ရက်နေ့အထိဟာ ဂြိူဟ်တု ရုပ်မြင်သံကြား ဟိုဟာမှာ အခွန် ဆောင်ရတာကို၊ နှစ်စဉ်က နှစ်ဦးတဲ့ရက်တွေက အဲဒီလို အခွန်ဆောင်ရတဲ့ ရက်တွေ၊ အဲဒီကမဆောင်တော့ သူက ဒဏ်ကြေးပါတာပေါဗျာ။ အဲဒီက မကျော်အောင် ကျနော်တို့က ၁ ရက်နေ့မှာ အခွန်ဆောင်ဖို့သွားတယ်။ သွားတော့ ဆက်သွယ်ရေးစခန်း ကနေ ဘာပြောလိုက်လည်း ဆိုတော့ အခု ၁၀ သိန်းဖြစ်သွားပြီတဲ့။ ၁၀ သိန်း ဖြစ်သွားပြီဆိုတာ ခင်ဗျားတို့ဆီကို ညွှန်ကြားချက်တွေ ဘာတွေလာပြီးပြီလား ဆိုတော့၊ မလာဘူးတဲ့၊ ဒါနှုတ်မိန့်တဲ့၊ နှုတ်မိန့်နဲ့ဆိုတော့ ယခင် ၆၀၀၀ က အခု ၁၀ သိန်းဆိုတော့ နှုတ်မိန့်နဲ့ ဘယ်လိုလုပ် ဖြစ်မလဲလို့၊ သတင်းစားထဲမှာလည်း မပါဘူး၊ ရုပ်မြင်သံကြား ထဲမှာလည်း မကြေငြာဘူးခင်ဗျ။ ကျနော်တို့ ဘယ်လိုလုပ် ဆောင်နိုင်တော့မလဲလို့၊ ကျနော်တို့က ရှေ့နေခင်ဗျ၊ တလ ရှစ်သောင်းလောက်ကို ဆောင်ရမယ်ဆိုတော့ အရာရှိတယောက်တောင် မဆောင်နိုင်ဘူး၊ အဲဒါတော့ ခင်ဗျား စဉ်စားကြည့်ဗျာ၊ ကျနော်တို့က ခင်ဗျားအဲဒီက ဘယ်ရက်ထိ အတည်ဖြစ်မလဲ၊ ကျနော်တို့က ဇန်နဝါရီ ၃၁ ရက်နေအထိ စောင့်ကြည့်မယ်ဗျာလို့။”

ဒါဆိုရင် ဂြိုဟ်တုစလောင်း ဝယ်ယူထားသူတွေ အနေနဲ့ အခွန်ဆောင်မှုတွေ မလုပ်နိုင်တဲ့အခါ ဘာတွေများ ဆက်လုပ်မှာလည်းလို့ မေးတဲ့အခါမှာတော့ -

“ဘယ့်နယ်ဗျာ၊ လူတွေ ဗဟုသုတရအောင်၊ နိုင်ငံတကာတကာနဲ့ ချိတ်ဆက်မိအောင်၊ ဟုတ်လား၊ Globalization တွေ ဘာတွေ ပြောနေပြီးတော့ အဲလောက်ကြီးကို အခွန်တွေ ၆၀၀၀ က ၁၀ သိန်း ပေးရမယ်လို့၊ ဘယ်လိုလုပ် ကျနော်တို့ ပြည်သူလူထု ကြည့်နိုင်မှာလည်းဗျ၊ မတတ်နိုင်ဘူး။ အဲဒီ၃၁ ရက်နေ့ ၁၀ သိန်းဆိုတဲ့ဟာကြီး မပြင်ဘူးဆိုရင်တော့ ကျနော့် အဲဒီစလောင်းကြီး ဖြုတ်ပြီးတော့ မြေကြီးပေါ် ပုံဖွထားလိုက်ရုံပဲ ရှိတော့တယ်။ ဘာဖြစ်လို့ဆိုတော့ ကျနော်က နဂိုကတည်းက လိုင်စင်ခံပြီး ကြည့်တဲ့သူမို့လို့ ကြည့်တာ၊ လိုင်စင်နဲ့မဟုတ်ရင် ကျနော်က ကြည့်တဲ့သူ မဟုတ်ဘူး၊ မကြည့်စေချင်လို့ ဆိုရင်လည်း ဂြိုဟ်တုက လှမ်းပိတ်လိုက်ပေါ့ဗျာ၊ မပိတ်နိုင်ဘူး ဆိုရင်လည်း အခွန်ပဲတက် ပြောနေတော့ ကျနော်တို့ ဘယ်လိုလုပ်မှာလဲ။”

ရန်ကုန်၊ ပန်းဆိုးတန်းလမ်းက Electronic ဆိုင်က ဝန်ထမ်းတဦးကတော့ အခုလိုပြောသွားပါတယ် -

“အခုလို ဂြိုဟ်တုစလောင်းတွေ နဲ့ပတ်သက်ပြီးတော့ ကျမတို့ မရောင်းနိုင်တော့ဘူး ပေါ့နော်၊ အခွန်အခတွေလည်း တောင်းတဲ့အတွက် ကျမတို့ ဘယ်လိုမှ မရောင်းနိုင်ဘူး။ သူတို့တောင်းတဲ့ အခွန်အခတွေကိုလည်း ကျမတို့မပေးနိုင်ဘူး၊ အရင်တုံးကလိုလည်း ရောင်းအား မကောင်းတော့ပါဘူး။”

မြန်မာ့ဆက်သွယ်ရေးဌါနကနေ တရားဝင် စာနဲ့ ထွက်လာခြင်း မရှိတာကြောင့် ဒီသတင်း မှန်ပါသလားဆိုပြီး ဆက်သွယ်ရေး ဝန်ထမ်းတဦးကို မေးမြန်းကြည့်တဲ့အခါမှာတော့ -

“ဟုတ်ကဲ့၊ အဲလိုပဲပြောနေကြတယ်။”

အဲဒါ မြန်မာ့ဆက်သွယ်ရေးဌါနက ချမှတ်လိုက်တဲ့ဟာ မဟုတ်ဘူးလား -

“ဟုတ်ပါတယ်။”

ဒါဆို တရားဝင် စာမထွက်သေးဘူးလား -

“အဲလိုတော့ မထွက်သေးဘူး အစ်မ၊ တရားဝင်စာ နောက်မှ သူ့ဟာသူ လာမှာပေါ့၊ အစ်မတို့လည်း စုံစမ်းလို့ ရပါလိမ့်မယ်၊ တရားဝင်တော့မထွက်သေးဘူး။”

ဒီလို ဂြိုလ်တုစလောင်း အခွန် တိုးမြှင့်လိုက်တာကြောင့် နိုင်ငံအနှံ့ ဂြိုဟ်တု စလောင်းကနေ ဘော်လုံးပွဲ၊ ရုပ်ရှင်၊ နိုင်ငံတကာ ဗဟုသုတနဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ၊ ရုပ်ရှင်တွေကို ကြည့်ရှု နေသူတွေကို ထိမ်းချုပ်လိုက်သလို ဖြစ်သွားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရန်ကုန်နဲ့ မန္တလေးမြို့ တွေမှာ ဂြိုဟ်တုစလောင်း ရောင်းချတဲ့ ဈေးဆိုင်တွေကို ဥပဒေနဲ့ မလွတ်ကင်းတာတွေ ပြသမယ်ဆိုရင် အရေးယူမယ်၊ ဆိုင်ပိတ်ပစ်မယ် ဆိုပြီး သတိပေးမှုတွေလည်း လုပ်ခဲ့ပါတယ်။ အခုထိတော့ မြန်မာ့ ဆက်သွယ်ရေးဌါနမှာ ဂြိုဟ်တုစလောင်း ရှိတဲ့သူတွေက အခွန် ဆောင်မှုတွေ လည်း မလုပ်သေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG