သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီနိုင်ငံ ပီဆာ မျှော်စင်မှာ ဒေါ်စုပုံ ချိတ်ဆွဲ ဂုဏ်ပြု


နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရုပ်ပုံလွှာကြီးကို အီတလီနိုင်ငံက ကမ္ဘာကျော် အထိမ်းအမှတ် အဆောက်အဦးကြီး ဖြစ်တဲ့ ပီဆာ (Pisa) မျှော်စင်ကြီးမှာ ချိတ်ဆွဲခဲ့ကြပါတယ်။ ဒီမျှော်စင်ဟာ ကမ္ဘာလှည့် ခရီးသွားတွေ အများဆုံး လာရောက် လည်ပတ်ကြတဲ့ မျှော်စင်တခုလည်း ဖြစ်ပါတယ်။ မြန်မာ့ ဒီမိုကရေစီရေးကို ပိုပြီးတော့ ဆောင်ရွက်လာကြအောင်၊ အားကြိုးမာန်တက် ဆောင်ရွက်လာကြအောင်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ပြင်သစ်ကနေ မသင်းသီရိသတင်းပေးပို့ထားပါတယ်။

၂၀၀၈ နှစ်သစ်ရဲ့အစ ဇန်နဝါရီလ ၁ ရက်နေ့မှာ အီတလီနိုင်ငံရဲ့ မြို့တော်ဟောင်း ပီဆာ မြို့ကြီးက မျှော်စင်ကြီးမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကြီးကို ပီဆာ မြို့တော်ဝန် ကိုယ်တိုင် ချိတ်ဆွဲ ဂုဏ်ပြူလိုက်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ ပီဆာမြို့ရဲ့ ဂုဏ်ထူးဆောင် မြို့တော်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကို ချီးမြှင့် ဂုဏ်ပြုကြောင်း မြို့တော်ဝန်က ကြေငြာခဲ့ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအတွက် လှုပ်ရှားမှုဟာ မြန်မာနိုင်ငံအတွင်းမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းလာဖို့ အတွက် ပီဆာမြို့က တောင်းဆိုခြင်းဖြစ်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

ဒါ့အပြင် ဂုဏ်ထူးဆောင် မြို့တော်သူအဖြစ် ချီးမြှင့်တဲ့ အခမ်းအနားကိုလည်း ရှေ့လမှာ ပီဆာမြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။ အခုရက်ပိုင်းနဲ့ လပိုင်းတွေမှာ အီတလီနိုင်ငံမှာ မြန်မာ့အရေး လှုပ်ရှားမှုတွေ များများစားစား တွေ့လာရတာမို့ အီတလီနိုင်ငံဟာ မြန်မာ့အရေး လှုပ်ရှားမှုကို ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိသလဲလို့ အီတလီနိုင်ငံသူလည်းဖြစ်၊ ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်ရဲ့ ဦးဆောင်ညွှန်ကြားရေး အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ဆီတာ စီဆီလီယာ ကိုမေးကြည့်ပါတယ် -

“ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာတုံးက ရဟန်း သံဃာတွေနဲ့ လူထု လှုပ်ရှားမှုတွေကို မြန်မာစစ်တပ်က တုန့်ပြန် ဖိနှိပ်မှုတွေအပြီး အီတလီနိုင်ငံမှာ မြန်မာ့အရေးကို ပိုပြီး စိတ်ဝင်စားမှုတွေ ရှိတယ်လို့ပြောနိုင်ပါတယ်။ အီတလီနိုင်ငံမှာ ငြိမ်းချမ်းတဲ့ ဘယ်လို တောင်းဆိုမှုမျိုးကို မဆို အစဉ်အမြဲ အားပေးတာပါ။ အခု အီတလီနိုင်ငံမှာ အစိုးရပိုင်းတွေက ဆွေးနွေးလှုပ်ရှားမှုတွေ ရှိသလို အီတလီနိုင်ငံက အထက်တန်း ကျောင်းတွေမှာလည်း မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေ၊ အလုပ်သမားတွေရဲ့ ပြဿနာတွေနဲ့ အာဏာ အလွဲသုံးစား လုပ်တဲ့ကိစ္စတွေ အပေါ်မှာ ဆွေးနွေးကြ၊ လေ့လာ သုံးသပ်ကြ၊ စာတမ်းတေ ပြုလုပ်နေကြတာ ရှိပါတယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် အီတလီနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေ အပေါ်မှာ အစဉ် ဂရုတစိုက် ရှိနေတယ်ဆိုတဲ့သဘောပါ” လို့ ဆီတာ စီဆီလီယာက ပြောပါတယ်။”

သူကပဲ အီတလီနိုင်ငံဟာ တနိုင်ငံတည်းအနေနဲ့ရော၊ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အနေနဲ့ရော မြန်မာနိုင်ငံ အပေါ်မှာ စီးပွားရေး ပိတ်ဆို့မှုကို အစဉ် လိုက်နာပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ကပဲ ဒုတိယအကြိမ် မြန်မာနိုင်ငံနဲ့ ကုန်သွယ် လုပ်ကိုင်မှုရှိတဲ့ ကုမ္ပဏီတွေကို စာရင်း ထုတ်ပြန်ပြီးတော့ ဒီလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကို ခရီးသွား ဧည့်သည်စာရင်း နှစ်စဉ် တစ်သောင်းကျော် ရှိပေမယ့် ဒီနှစ်တော့ နိုင်ငံရေး အခြေအနေကြောင့်ရော၊ အီတလီနိုင်ငံအတွင်း ခရီးသွား ဖိအားမှုတွေကြောင့်ရော မဆိုစလောက် အရေအတွက်သာ မြန်မာနိုင်ငံကို သွားလည်တာ တွေ့ရပါတယ်၊ အီတလီ နိုင်ငံအတွင်းမှာ မြန်မာနိုင်ငံနဲ့ ဆက်စပ်မှု ကုမ္ပဏီတွေကလည်း ဒီနှစ်အတွင်းမှာ ရပ်ဆိုင်းတာကို တွေ့ရပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပီဇာမြို့က ဓါတ်ပုံနဲ့ ဂုဏ်ပြုမှုတွေသာ မကဘဲနဲ့ အခြား မြို့တွေမှာလည်း အခုလို ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ပြုမှုတွေ၊ မြန်မာ့အရေး ဆွေးနွေးမှုတွေ၊ မြန်မာပြည်နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အီတလီနိုင်ငံသူ ဆီတာ စီဆီလီယာက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၇ ဒီဇင်ဘာလကပဲ အီးတလီနိုင်ငံက ရောမမြို့တော်မှာလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် လူ့အခွင့်အရေး ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့သလို၊ ရောမမြို့တော်ရဲ့ မြို့တော် ရင်ပြင်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ပုံကို ချိတ်ဆွဲပြီး ဂုဏ်ပြုထားတာ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG