သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ရေးနေ့မှာ ဖမ်းဆီးချုပ်ချယ်မှုများအပေါ် တက်ကြွလှုပ်ရှားသူများ စိတ်ပျက်


မြန်မာနိုင်ငံထဲက ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ပူးပေါင်းပြီး ဒီကနေ့မှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်စေဖို့၊ အလေးထားဆောင်ရွက်ဖို့ တိုက်တွန်းချက် တစ်ခုလည်း ထွက်ပါတယ်။ ဒီအကြောင်းကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

ကျောင်းသားလူငယ် ရဟန်းသံဃာတော်တွေ၊ စာပေအနုပညာရှင်တွေ အပါအဝင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနဲ့ ပူးပေါင်းဖွဲ့စည်းထာတဲ့ လူထုလှုပ်ရှားရေး ကော်မတီက မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို စစ်အစိုးရက အလေးအနက်ထား ဖြေရှင်းဖို့ တိုက်တွန်းလိုက်တာပါ။

လွတ်လပ်ရေးရခဲ့တာ အနှစ် ၆၀ ပြည့်ခဲ့ပေမယ့် လွတ်လပ်ရေး အသီးအပွင့်တွေကို မြန်မာနိုင်ငံသားတွေ မျှဝေခံစားနိုင်ခြင်းမရှိတာမို့ မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ နိုင်ငံရေးအရ အဖြေရှာဖို့ ရည်ညွှန်းတိုက်တွန်းခဲ့တာလို့ အခုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုစိုးထွန်းက ပြောပါတယ်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နအဖ ခေါင်းဆောင်တွေကို ကျနော်တို့ ပေးပို့ရတဲ့ အိတ်ဖွင့်ပေးစာက ပြည်ထောင်စု လွတ်မြောက်ရေးအတွက် အိတ်ဖွင့်ပေးစာသာ ဖြစ်တယ်၊ အဓိက ကျနော်တို့ပြောချင်တာဟာ ကျနော်တို့ဟာ ကိုလိုနီ ကျွန်ဘဝကနေ လွတ်လပ်ရေး ရရှိခဲ့တာဟာ နှစ်ပေါင်း ၆၀ ရှိပြီဖြစ်ပေမယ့် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးရဲ့ အရသာကို တင်းပြည့်ကျပ်ပြည့် မခံစားရဘဲနဲ့ ပြည်တွင်းစစ်ဒဏ်နဲ့ လွတ်လပ်ခြင်းတွေ၊ ညီမျှခြင်းတွေ၊ တရားမျှတခြင်းတွေ ဒီလို ကောင်းမွန်မြင့်မြတ်တဲ့ စံတွေကို ကျနော်တို့ လူတိုင်း ခံစားခွင့်ရှိတဲ့ အရာတွေကို မခံစားရဘူးဖြစ်နေတယ်။ အခုဆိုရင် လွတ်လပ်ရေးနေ့ကို ကျနော်တို့ အစဉ်အဆက် ဖြစ်လာခဲ့တာဟာ အခု နှစ် ၆၀ မြောက်လာပြီဖြစ်တယ်။ အခုနှစ် ၆၀ ဆိုတဲ့ ပမာဏဟာဆိုရင်၊ ဒါ ကျနော်တို့ လူသားတစ်ယောက်ဟာဆိုရင် တကယ့်ကို လူကြီးအရွယ်ကိုရောက်ပြီးတော့ လူလားမြောက်ခဲ့တဲ့ အနေအထားဖြစ်ပြီ။ အဲဒီတော့ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်နေပြီလား၊ အေးချမ်းသာယာနေပြီလား၊ ဒါ လက်တွေ့ လူတွေ ခံစားနေတဲ့ လူမှုဒုက္ခတွေကို ကြည့်ရင်းနဲ့သိသာပါတယ်။ စီးပွားရေးမှာလည်း လူတွေ အကုန်လုံး ဒုက္ခရောက်နေကြတယ်။ အဲဒီလို ဒုက္ခတွေကို ဖြေရှင်းဖို့ဆိုတာ ကျနော်တို့အားလုံး ပြေလည်စွာ ညှိနှိုင်းဆွေးနွေးရင် မအောင်မြင်ဘူးဆိုတာ မရှိပါဘူး။ အဓိက ဆွေးနွေးညှိနှိုင်းချင်တဲ့ စိတ်ကို ထားပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မေတ္တာနဲ့ယှဉ်သောစိတ်နဲ့ ဆက်ဆံကြဖို့ ကျနော်တို့ အလေးအနက် ပြောချင်ပါတယ်။”

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြတဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေတွေ တိုးတက်စေဖို့ အခု ပန်ကြားလွှာမှာ ပူးပေါင်း တိုက်တွန်းဖြစ်တာပါလို့လည်း အဖွဲ့ဝင် လူငယ်တစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်က ပြောပါတယ်။

“ကျနော်တို့တွေက ကျနော်တို့ နိုင်ငံကြီးကို ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။ ကျနော်တို့ လူငယ်လူရွယ်တွေ အကုန်လုံးလည်း လွတ်လပ်စွာ တရားမျှတစွာနဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေကို အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်ချင်ပါတယ်၊ အခုအခြေအနေတွေမှာတော့ ဒီလိုမျိုး လွတ်လပ်မှုတွေ၊ အေးချမ်းမှုတွေ တစ်ခုမှမရှိသေးပါဘူး။ အဲဒါမျိုးတွေကို ရအောင်လုပ်ဖို့အတွက် ကျနော်တို့ ခံယူထားတဲ့ခံယူချက်တွေ၊ ကျနော်တို့ ရှေ့ဆက်လုပ်မယ့် အလုပ်တွေ နောက် ကျနော်တို့ရဲ့ အစ်ကိုကြီးတွေနဲ့တိုင်ပင်ပြီး ဒီလို ပန်ကြားချက်ကို ထုတ်လိုက်ခြင်းဖြစ်ပါတယ်။”

မြန်မာနိုင်ငံက ပြဿနာတွေ ပြေလည်စေရေး၊ သက်ဆိုင်သူတွေ အာလုံးပါဝင်ပြီး တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ကြဖို့ အထိန်းသိမ်းခံ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းတွေကို ပြည်ထောင်စုစိတ်ဓါတ်နဲ့အတူ လာမယ့် ဖေဖေါ်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့မတိုင်မှီ ပြန်လွှတ်ပေးဖို့ကိုလည်း တိုက်တွန်း တောင်းဆိုခဲ့ကြပါသေးတယ်။ ဒီလို တိုက်တွန်းတောင်းဆိုမှုတွေ ရှိနေတဲ့အချိန်မှာပဲ မြန်မာစစ်စိုးရ အာဏာပိုင်တွေဖက်က ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးထိမ်းသိမ်းမှုတွေ ရှိနေတာပါ၊ လွတ်လပ်ရေးကာလမှာ ဒီလို အဖမ်းအဆီးတွေရှိနေတဲ့အပေါ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းကတော့ -

“ကျနော်တို့ တိုင်းပြည်မှာက အဖမ်းအဆီးတွေနဲ့ နှစ်သစ်ကို ကြိုဆိုသလို ဖြစ်နေတယ်၊ ကျနော်တို့အနေနဲ့ ဒီလိုဖမ်းဆီးမှုတွေ၊ နှိပ်ကွပ်မှုတွေနဲ့ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းလို့မရဘူးဆိုတာကိုပဲ ကျနော်တို့ အလေးအနက် ထပ်ပြောချင်တယ်၊ အဲဒီတော့ နိုင်ငံတကာ အသီးသီးမှာလည်း သူတို့နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ သူတို့နိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာဆိုရင် ဖမ်းဆီးထိန်းသိမ်းထားကြတဲ့ အကျဉ်းသားတွေကို လွှတ်ပေးတာတွေက သူတို့မှာ နိုင်ငံတကာမှာ ထုံးစံတွေရှိတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ တိုင်းပြည်မှာ ထိန်းသိမ်းထားတဲ့ လူတွေအားလုံးကို ငြိမ်းချမ်းစွာနဲ့၊ ပျော်ရွှင်စွာနဲ့ မိဘဆွေမျိုးတွေနဲ့အတူ ပြန်တွေ့ရအောင်၊ မင်္ဂလာရှိတဲ့လုပ်ရပ်ကို မင်္ဂလာရှိအောင် လုပ်ဆောင်ပါလို့ ကျနော်တို့ အလေးအနက် ပြောချင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် လွတ်လပ်ရေးနေ့ကာလတုန်းကတော့ မြန်မာစစ်အစိုးရက အကျဉ်းသား ထောင်ချီပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့ပြီး ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်လည်း ပါဝင်ခဲ့တာပါ။ ဒီနှစ် လွတ်လပ်ရေးကာလမှာတော့ လောလောဆယ်အချိန်အထိ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာမကြားရဘဲ အဖမ်းဆီးသတင်းတွေပဲ ထွက်ပေါ်လာနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG