သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်တင်ဘာ သံဃာ့လှုပ်ရှားမှု နောက်ပိုင်း အခြေအနေ


မြန်မာနိုင်ငံဟာ ရဟန်းသံဃာတော်တွေကို တကယ့်ကို လေးစားကိုင်းရှိုင်းတဲ့ နိုင်ငံတခုပါ။ စက်သုံးဆီဈေးတွေကိုမြှင့်တင်လိုက်တာကြောင့် သန်းနဲ့ချီနေတဲ့ မြန်မာပြည်သူတွေ ပိုမိုဆင်းရဲမှုတွေဖြစ်လာတာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ဒီသံဃာတော်တွေက ခေါင်းဆောင်ခဲ့ကြပါတယ်။ ဒါကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် သံဃာတော်တွေ သေဆုံးခဲ့၊ ဒါဏ်ရာရခဲ့ကြတာအပေါ် ဒေါသဖြစ် တုန်လှုပ်ခဲ့ကြရပါတယ်။

ရန်ကုန်မြို့က ထင်ရှားတဲ့ အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူ ဦးဝင်းနိုင်ဟာ ဆန္ဒပြပွဲတုံးက သံဃာတော်တွေအတွက် ဆွမ်းကပ်လှုခဲ့တါကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။ သံဃာတော်တွေကို တိုက်ခိုက်ခဲ့တာတွေဟာ လွယ်လွယ်နဲ့ မမေ့နိုင်ဘူးလို့ဆိုပါတယ်။

“အရင်ကဆို သံဃာတော်တွေကို ဘယ်သူမှ မထိမတို့ရဲကြပါဘူး။ အခုတော့ သံဃာတော်တွေကို ရိုက်နှက်တာ။ သေနတ်နဲ့ပစ်တာ။ ဖမ်းဆီးထောင်ချတာတွေ ဖြစ်နေပါပြီ။ ဒီအဖြစ်အပျက်တွေဟာ ဘယ်သူမှလွယ်လွယ်နဲ့ မမေ့နိုင်တဲ့ အလေး အနက်ဖြစ်စေတဲ့ ဖြစ်ရပ်တခုပါ။”

ဆန္ဒပြပွဲကာလတွေမှာ စစ်အစိုးရက ဘုန်းကြီးကျောင်းတော်တော်များများကို ပိတ်ပြစ် လိုက်ပြီး တချို့ ကျောင်းတွေမှာဆို သံဃာတော် တပါးမှ မရှိတဲ့ အဖြစ်အထိ ရောက်သွား ရပါတယ်။ သံဃာတော်တချို့ပျောက်ဆုံးနေတာ။ သေဆုံးတာ။ ထောင်ချခံရတာ။ ပုန်းအောင်းနေတာ။ ရွာကို ပြန်သွားကြတာတွေ ရှိပါတယ်။

ရန်ကုန်မြို့က ရွှေတိဂုံစေတီဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထူးသန့်ရှင်း မြင့်မြတ်တဲ့ နေရာပါ။ ဆန္ဒပြပွဲတွေမတိုင်မီက အဲ့ဒီမှာ သံဃာတော်တွေအမြဲတမ်းစုဝေးကြပါတယ်။ စက်တင်ဘာလ တုံးကလည်း ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ သံဃာတော်တွေ စုံစည်းခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ အခုတော့ သံဃာတော် အနည်းငယ်ကိုသာ တွေ့ရပါတယ်။ ဆန္ဒပြပွဲတွေ ထပ်ပြီး ဖြစ်ပေါ်လာမှာစိုးတာကြောင့် ဘုရားဝင်းနားမှာ သံဆူးကြိုးကာထားတာတွေ။ စစ်ကားတွေ နဲ့ လုံခြုံရေး တပ်သားတွေ စောင့်နေကြပါတယ်။

ဆင်းရဲချို့တဲ့သူတွေကို သံဃာတော်တွေက အစားအသောက်တွေဝေငှပေးနေတာတွေလဲ ရပ်တန့် သွားပါတယ်။ ဘုန်းကြီးကျောင်းတွေ ပိတ်လိုက်တဲ့အတွက် သံဃာတော်တွေလဲ ဆွမ်းမရှိပဲ ဖြစ်သွားရပါတယ်။

ဦးဇဝနဟာ မန္တလေးမြို့က သံဃာတော်တပါးပါ။ သူနဲ့ တခြားသံဃာတော်တွေဟာ စစ်အစိုးရလက်အောက်က လွတ်မြောက်ဘို့အတွက် ထပ်ပြီး ချီတက်ဆန္ဒပြကြဘို့ ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။

“ဒီအချိန်ဟာ ဆန္ဒပြကြဘို့အချိန်ပါပဲ။ အစိုးရကလူတွေအားလုံးကို မသတ်ရဲပါဘူး။ လူ တထောင်လောက်ကို သတ်ရင်သတ်မယ်။ သေကြရမယ်။ ဒါပေမဲ့ ဒီမိုကရေစီရလိမ့်မှာပါ။ အသေအချာပါပဲ။ ဒါကြောင့် လိုအပ်ရင် ကိုယ့်အသက်ကို အသေခံဘို့ အသင့်ပါပဲ။ တခြား သံဃာတော်တွေလည်း ကျနော်လိုပါပဲ။”

ဒီလို တူညီတဲ့ခံစားချက်တွေဟာ ခုတလော တိုးတိုးတိတ်တိတ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့နေပြီး။ စစ်အစိုးရကို ဆက်လက်ဆန့်ကျင်ဘို့အတွက် ရဲဝင့်တဲ့ အဘိုးအခပေးဘို့စိတ်ဆန္ဒ တွေလဲ ရှိနေကြပါတယ်။

XS
SM
MD
LG