သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စဘူတိုလုပ်ကြံမှုကို စုံစမ်းစစ်ဆေးရန် Scotland Yard အဖွဲ့ ပါကစ္စတန် ရောက်


ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လုပ်ကြံခံခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင် ဘနာဇီယာ ဘူတို လုပ်ကြံခံရတဲ့အမှုကို စုံစမ်းစစ်ဆေးရာမှာ ပါကစ္စတန်အစိုးရကို အကူအညီပေးဖို့ ဗြိတိန်နိုင်ငံ Scotland Yard က အဖွဲ့ဟာ ပါကစ္စတန်မြို့တော်ကို ရောက်ရှိလာပါပြီ။

ဒါနဲ့ပတ်သက်လို့ အကြောင်းစုံကို အစ္စလာမ်မာဘတ်မြို့ကနေ ဗီအိုအေ သတင်းထောက် Nancy-Amelia Collins သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ပါကစ္စတန် အတိုက်အခံခေါင်းဆောင် မစ္စ ဘူတို သေဆုံးမှုနဲ့ပတ်သက်လို့ ဖြေရှင်းလို့မရနိုင်သေးတဲ့ အငြင်းပွားမှုတွေ ရှိနေတာကြောင့်မိုလို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတဲ့ အစိုးရကို Scotland Yard အဖွဲ့က မှုခင်းဆေးပညာနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေ ကူညီပေးသွားမှာဖြစ်တယ်လို့ ပါကစ္စတန် အစိုးရအရာရှိတွေက ပြောပါတယ်။

မစ္စဘူတိုရဲ့ မိသားစုနဲ့ သူမရဲ့ ပါကစ္စတန်ပြည်သူ့ပါတီ အပါအဝင် မစ္စဘူတိုကို ထောက်ခံသူတွေကတော့ ဝန်ကြီးချုပ်ဟောင်း ဘူတိုဟာ နိုင်ငံရေး စည်းရုံးလှုံ့ဆော်မှုတွေ လုပ်နေတုန်း သူမရဲ့ကားအတွင်း သေနတ်သမားရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မစ္စဘူတိုရဲ့ခေါင်းကို သေနတ်သမားက နောက်ကနေ သုံးချက်ပစ်ခတ်ခဲ့တာကို ရုပ်မြင်သံကြားသတင်းမှာ ပြသခဲ့ပါတယ်။ ကားအတွင်းကို သူမ လဲကျသွားပြီးတော့မှ အသေခံဗုံးခွဲသမားက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သူမကို ဆေးဝါးကုသသူတွေက တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် သူမခေါင်းမှာ သေနတ်ဒဏ်ရာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အစိုးရကတော့ သေနတ်နဲ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် အသေခံဗုံးခွဲသမားရဲ့ တိုက်ခိုက်မှုအတွင်း သူမခေါင်းကို ကားနေကာအမိုးနဲ့ ဆောင့်မိပြီးတော့ သေဆုံးခဲ့တာလို့ဆိုပါတယ်။

မစ္စဘူတို လုပ်ကြံခံရတာဟာ အစိုးရအနေနဲ့ လုံခြုံရေးပျက်ကွက်ခဲ့လို့ ဆိုတဲ့ စွပ်စွဲချက်ကို သမတ ပါဗက်ဇ် မူရှာရက်ဖ် က ကြာသပတေးက ငြင်းဆို လိုက်ပါတယ်။ မစ္စဘူတိုဟာ တိုက်ခိုက်ခံရမယ့်အန္တရာယ် ရှိနိုင်တာကိုသိလျက်နဲ့ လူအများအလယ်မှာ ရပ်ပြီးတော့ သူ့ကို ထောက်ခံသူတွေကို လက်ဝှေ့ရမ်းပြနေခဲ့တဲ့အတွက်လည်း မစ္စဘူတိုကို သူက ပြစ်တင်ခဲ့ပါတယ်။

“ဘယ်သူ့ကို အပြစ်တင်ရမှာလဲဗျ၊ ကားထဲကနေ ထွက်ပြီးတော့ အပြင်မှာ ထွက်ရပ်ခဲ့တဲ့ သူကိုလား၊ ဒါမှမဟုတ် လုံခြုံရေးတပ်ဖွဲတွေကိုလား။ ကားထဲမှာ ထိုင်ပြီး နေနေတဲ့သူတွေလည်း ရှိခဲ့သလို အဲဒီသူတွေ ဘာမှမဖြစ်ခဲ့ပါဘူး။”

မစ္စဘူတို လုပ်ကြံခံရမှုအတွက် အစိုးရက အယ်လ်ခိုင်းဒါးအဖွဲ့မှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ သူမကို ထောက်ခံသူတွေကတော့ အစိုးရအနေနဲ့ မစ္စဘူတိုအတွက် လုံခြုံရေး လုံလုံလောက်လောက် မထောက်ပံ့ခဲ့တဲ့အတွက် အစိုးရမှာလည်း တစိတ်တပိုင်း တာဝန်ရှိတယ်လို့ ပြောဆိုပါတယ်။ အချို့ကတော့ အခုလုပ်ကြံမှုကို အစိုးရတွင်းက သူတချို့က လုပ်တာလို့ ပြောဆိုနေကြပါတယ်။

အခုလို အငြင်းပွားမှုတွေကြောင့်မိုလို့လည်း သူ့အနေနဲ့ Scotland Yard က စုံးစမ်းစစ်ဆေးရေးမှူးတွေကို ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ မစ္စတာ မူရှာရက်ဖက်က ဆိုပါတယ်။

“အခြေအနေကတော့ ထင်ရှားတဲ့ခေါင်းဆောင်တစ်ယောက် လုပ်ကြံခံရတဲ့အခါ တတိုင်းပြည်လုံးက အုံးအုံးကြွက်ကြွက်ဖြစ်ပြီးတော့ ကမ္ဘာအဝှမ်းမှာပါ ဒီဖြစ်ရပ်က တုန်လှုပ်သွားစေခဲ့ပါတယ်။ အခုလုပ်ကြံခံရမှုမှာ အစိုးရဖက်က ဘယ်သူမှ ပါဝင် ပတ်သက်နေတာမျိုး မရှိတာကြောင့်မိုလို့ ဒါကို ကျနော်တို့အနေနဲ့ ဘယ်လို အတိုင်းအတာအထိရောက်အောင် ဖြေရှင်းရပါစေ၊ ကမ္ဘာနဲ့ ကျနော်တို့ ပြည်သူတွေကို သက်သေပြဖို့က ကျနော်တို့ဘာသာ ဖြေရှင်းတာထက် ကျော်လွန်ပြီးတော့ ပြင်ပက
ပါဝင်မှု လိုကောင်းလိုမယ့် အခြေအနေလို့ တွက်ဆမိပါတယ်။ ဒါကြောင့် Scotland Yard အဖွဲ့ကို ခေါ်ရတာပါ။”

မစ္စဘူတိုရဲ့ ပါကစ္စတန်ပြည်သူ့ပါတီကတော့ မစ္စဘူတို လုပ်ကြံခံရမှုအတွက် ကုလသမဂ္ဂကနေ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ တောင်းဆိုထားပါတယ်။ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုကသာ အမှန်ကို ဖော်ထုတ်နိုင်မှာဖြစ်တယ်လို့ သူတို့က ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG