သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် မနောပွဲအကြောင်း


မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ ကချင်မနောပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စပြီးတော့ ကျင်းပနေပါပြီ။ ဒီမနောပွဲအကြောင်း အသေးစိတ်ကို ဒေါ်ခင်မျိုးသက်က တင်ပြပေးပါတယ်။

ကချင်တိုင်းရင်းသားတွေရဲ့ နှစ်သစ်မင်္ဂလာနောပွဲကို ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ စပြီး ကျင်းပနေပါပြီ။ ဒီမနောပွဲမှာ ပါဝင်ဆင်နွဲဖို့အတွက် အနယ်နယ်အရပ်ရပ်မှာ ရောက်နေတဲ့ ကချင်တိုင်းရင်းသားတွေ မြစ်ကြီးနားမြို့ကို လာရောက်ကြတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။ ကချင်တိုင်းရင်းသူ တယောက်ကတော့ တကယ်လို့ ဒီမနောပွဲကို မကျင်းပဖြစ်ရင် ရိုးရာကျင်းပနေကြ မြေနေရာကို အာဏာပိုင်တွေက သိမ်းယူမယ်လို့ သတင်းတွေထွက်နေတယ်လို့ ပြောပါတယ်။

“အခုမနောပွဲ အမြဲတမ်းလုပ်တဲ့ ကွင်းရှိတယ်လေ။ နှစ်တိုင်းကျင်းပတဲ့ နေရာ မနောကွင်းလို့ ခေါ်ပါတယ်။ ၇ရက် ကျင်းပတယ်။ ကျမတို့ ကချင်ပြည် အပိုင်နေရာ မနောကွင်းရှိတယ်လေ။ မြစ်ကြီးနား စီတပူကျေးရွာမှာရှိတယ်။ အဲဒီနေရာကို အစိုးရက နှစ်တိုင်း ကျမတို့ မနောပွဲ မကျင်းပနိုင်ရင် အစိုးရပိုင်အဖြစ်သိမ်းမယ်လို့။ ဒါက ကောလဟာလလားတော့ မသိဘူးပေါ့နော့။ အဲဒါကြောင့် ကျမတို့ ကချင်လူမျိုး ပိုက်ဆံရှိတဲ့ လုပ်ငန်းရှင်တွေက အားလုံးပိုက်ဆံစိုက်ထုတ်ပြီး၊ ရံပုံငွေ အရင်းအနှီးတွေရှာပြီ နှစ်တိုင်း မနောပွဲ ကျင်းပဖြစ်အောင်လို့။ ”

အစိုးရက မလုပ်ရဘူးလို့ တားထားတာမျိုးရှိလား။

“အစိုးရက မလုပ်ရဘူးလို့ တားထားတာမျိုးတော့ မရှိဘူးရှင့်။ နှစ်တိုင်း ပွဲကျင်းပခွင့်တော့ ပေးတယ်။ နှစ်တိုင်း ကျင်းပရတော့လည်း လုပ်ငန်းရှင်တွေက ရံပုံငွေတွေမရတော့ရင်၊ အဓိက ခေါင်းဆောင်တွေက သူတို့ရဲ့ အိတ်စိုက်ငွေတွေ အများကြီး ကုန်ကျရ။”

သတင်းတွေ အမျိုးမျိုးထွက်နေလို့ စိုးရိမ်သူတွေ ရှိနေသလို မနောပွဲကို ပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲဖို့အတွက် မြစ်ကြီးနားမြို့ကို လာရောက်ကြတဲ့ ကချင်တိုင်းရင်းသားတွေလည်း ရှိနေပါတယ်။ အဲဒီထဲက ကချင်တိုင်းရင်းသားတယောက်ကို မြစ်ကြီးနားမြို့က အခုလို မနောပွဲ ကျင်းပတာနဲ့ ပတ်သက်ပြီး မေးကြည့်ပါတယ်။

“ပွဲကျတော့ ငါးရက်နဲ့ ခုနှစ်ရက်အထိ ရိုးရိုး ဈေးရောင်းပွဲတော်နဲ့ ကစားပွဲတွေပဲ လုပ်ကြတယ်။ အဲဒါနဲ့ (၈)ရက်နေ့ကျတော့ မနောက ကမယ်။ (၁၁)ရက်နေ့ အထိပေါ့။ အပေါ်ယံလောက်ပဲ ကျွန်တော်တို့ သိသေးတယ်။ စည်စည်ကားကား သိုက်သိုက် မြိုက်မြိုက်တော့ စီစဉ်နေကြတာကို တွေ့ရတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်နှစ် အထိန်းအမှတ်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပနေပါတယ်။”

ကချင်မနောပွဲကျင်းပတဲ့ ထုံးစံလေး ပြောပြပါအုန်း။ ဘယ်လိုလုပ်သလဲဆိုတာကို ပြောပြပေးပါလား။

“ရိုးရာကျတော့ မနောကမယ်။ ပြီးတော့ ထောင်ကာ ကမယ်၊ ပြီးတော့ ညရောက်ရင် စတိတ်ရှိုးတွေ ရှိတယ်။ ပွဲလမ်းသဘင်ပေါ့ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ပေါ့။ ပွဲ အကန့်အသတ်ကတော့ (၅)ရက်နေ့ကနေ (၁၁)ရက်နေ့ အထိပေါ့။ နှစ်သစ်အချိန်အခါ မင်္ဂလာမှာ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ၂၀၀၈ကို အားလုံး၊ တကမ္ဘာလုံး စိတ်ချမ်းချမ်းသာသာနဲ့ မင်္ဂလာရှိပါစေလို့ ဆုတောင်းပေးပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG