သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူး ဟမ်ရှိုင်းယား သမ္မတလောင်း အမည်စာရင်း တင်သွင်းရေး ရွေးကောက်ပွဲ ဟီလာရီ ကလင်တန် အနိုင်ရ


အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့မြောက်ပိုင်းပြည်နယ်တခုဖြစ်တဲ့ နယူး ဟမ်ရှိုင်းယား ပြည်နယ် အတွင်းမှာ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ပါတီတွေရဲ့ ပါတီကရွေးချယ်မယ့် သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲ ကျင်းပခဲ့ကြပါတယ်။ နယူး ဟမ်ရှိုင်းယား ပြည်နယ် အတွင်းဟာ သမ္မတ လောင်းကို အမည် စာရင်းတင်သွင်းဘို့ မဲဆန္ဒရှင်တွေ မဲရုံတွေကို သွားပြီး မဲပေးခဲ့တဲ့ ပထမဆုံး ပြည်နယ် ဖြစ်ပါတယ်။ သမ္မတလောင်း အဖြစ် အမည်စာရင်း တင်သွင်းမယ့် ရွေးကောက်ပွဲမှာ နယူးယောက် ပြည်နယ် အထက် လွှတ်တော်အမတ် ဟီလာရီ ကလင်တန်နဲ့ အာရီဇိုးနား ပြည်နယ် အထက် လွှတ်တော်အမတ် ဂျွန် မက်ကိန်း တို့ အနိုင် ရလိုက်ပါတယ်။

ဒီလို အနိုင်ရလိုက်တာဟာ စောစောပိုင်းကအရေးနိမ့်နေသလိုဖြစ်နေတဲ့ အထက်လွှတ်တော်အမတ် ဟယ်လာရီ ကလင်တန်နဲ့ ဂျွန် မက်ကိန်း တို့ နှစ်ယောက်စလုံးအတွက် သိသိသာသာ ပြန်ပြီး အသာစီး ရလိုက်တာ ဖြစ်ပါတယ်။

နယူး ဟမ်ရှိုင်းယား ပြည်နယ် Bedford ဘက်ဒ်ဖိုဒ့် မြို့ကနေ ဗီအိုအေ သတင်းထောက် Meredith Buel သတင်း ပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြပေးပါလိမ့်မယ်။

အထက်လွှတ်တော် အမတ် ဟီလာရီ ကလင်တန် အနေနဲ့ အီလီနွိုင်း ပြည်နယ် အထက် လွှတ်တော် အမတ် ဘာရက်ခ် အိုဘားမား ကို အခု နယူး ဟမ်ရှိုင်းယား ပြည်နယ် သမ္မလောင်း အမည်စာရင်း တင်သွင်းမယ့် ရွေးကောက်ပွဲမှာ အနိုင် ရလိုက်ပါတယ်။ ဒီလို အနိုင် ရလိုက်တာက ဟီလာရီ အဖို့ အိမ်ဖြူတော်ကို ပြန်ပြီး ရောက်နိုင်မယ့် မထင်မှတ်တဲ့ ကြည်နူး ချမ်းမြေ့စရာ အောင်မြင်မှု တခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်က အိုင်အိုဝါး ပြည်နယ် ပါတီတွင်း သမ္မတလောင်း ရွေးချယ်ရေး အဖွဲ့ရဲ့ ရွေးကောက်ပွဲမှာတော့ ဟီလာရီ ကလင်တန်ဟာ တတိယ နေရာမှာပဲ ရှိနေခဲ့တာပါ။ ဒါကြောင့်လည်း နယူး ဟမ်ရှိုင်းယား ပြည်နယ် သမ္မတလောင်း အမည်စရင်း တင်သွင်းရေး ရွေးချယ်ရာမှာ ဟယ်လာရီ အနေနဲ့ ဘာရက်ခ် အိုဘားမားရဲ့ နောက်မှာ တော်တော်လေး ရောက်နေတယ်ဆိုပြီး မကြာသေးခင် လေး အထိ ကောက်ခံတဲ့ မဲဆန္ဒ စစ်တမ်းတွေက ရည်ညွှန်းနေပါတယ်။

ဒါပေမယ့်လည်း အခု နယူးဟမ် ရှိုင်းယား ပြည်နယ်မှာ မဲတွေက သူမသာ ကိုယ်မသာ သိပ်ပြီး မကွာခဲ့ပါဘူး။ ဟီလာရီ ကလင်တန်က ကပ်ပြီး အနိုင် ရသွားပါတယ်။ မထင်မှတ်ဘဲ ပြန်ပြီး အသာစီး ရသွားတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာရေး မဲဆွယ် စည်းရုံးနေတဲ့ သမ္မတ ကတော်ဟောင်း ဟီလာရီ က သူအနိုင်ရတဲ့အချိန် နယူး ဟမ်ရှိုင်းယား ပြည်နယ်က လူထုကို မိန့်ခွန်း ပြောခဲ့ပါတယ်။ ပြည်သူတွေရဲ့ အသံကို သူက နာခံ နားစွင့်ရင်း ဒီ ရွေးချယ်ရေး လုပ်ငန်းစဉ် တွေ ထဲမှာ လူထုနဲ့ သူမ သဘောထား အတူတူ တသားတည်း ရှိနေတာကို တွေ့ရပါတယ်တဲ့။

ကျမတို့ အားလုံးရဲ့ နှလုံးသားက ပွင့်ပွင့်လင်းလင်း ဆန္ဒတွေကို ထုတ်ဖေါ်လိုက်တာလို့ ကျမ ခံစား ရပါတယ်။ အခုလို လူထုက တုန့်ပြန် ရွေးချယ်လိုက်တာကို ကျမ အထူးပဲ ကျေးဇူး တင်ပါတယ်။ အခု နယူး ဟမ်ရှိုင်းယား ပြည်နယ်က ကျမကို ရွေးချယ် လိုက်သလို ကျမတို့အားလုံး အတူတကွ အမေရိကန် ပြည်ထောင်စု အနေနဲ့ ရွေးချယ်ခွင့် ပေးကြပါစို့။

ဘားရက်ခ် အိုဘားမား ကလည်း ဟီလာရီ ကလင်တန်ရဲ့ အောင်မြင်မှုအပေါ် ချီးကျုးစကား ပြောဆိုခဲ့ပါတယ်။ ဒီ နယူး ဟမ်ရှိုင်းယား ပြည်နယ် သမ္မတလောင်း အမည်စာရင်း တင်သွင်း နိုင်မယ့် ရွေးကောက်ပွဲဟာ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ပွဲတပွဲ ဖြစ်တယ်လို့ သူက ထုတ်ဖေါ် ပြောဆို ပါတယ်။

ရှေ့မှာ ယှဉ်ပြိုင်ရမယ့် တိုက်ပွဲတွေက ရှည်လျားပါတယ်။ ဒါပေမယ့် အမြဲတမ်း သတိရနေဘို့က ကျနော်တို့ သွားမယ့်လမ်းမှာ ဘယ်လို အတားအဆီးတွေ ရှိနေပါစေ အပြောင်းအလဲကို တောင်းဆိုနေတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေတွေရဲ့ စွမ်းအားကို ဘယ်အရာကမှ ဟန့်တား ပိတ်ပင် နိုင်မှာ မဟုတ်ဘူး ဆိုတာပါပဲ။

မြောက်ပိုင်း ကော်ရိုလိုင်းနား ပြည်နယ် ဆီးနိတ်လွှတ်တော် အမတ်ဟောင်း ဂျွန် အက်ဒ်ဝပ်ဒ် ကတော့ ဟယ်လာရီ ကလင်တန် နဲ့ အိုဘားမားရဲ့ နောက်မှာ အတော်လေး ရောက်နေပါတယ်။

ရီပတ် ဘလီကန် ပါတီအတွက် သမ္မတလောင်း အမည် စာရင်းတင်သွင်းမယ့် ရွေးကောက်ပွဲမှာ အာရီဇိုးနား ပြည်နယ် အထက် လွှတ်တော်အမတ် ဂျွန် မက်ကိန်း က မက်ဆာချုးဆက် ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း မစ် ရော်မ်နီ ကို ပြတ်ပြတ်သားသား အနိုင် ရလိုက်ပါတယ်။

ဒီလို အနိုင်ရလိုက်တာဟာ ဂျွန် မက်ကိန်း အတွက် ထူးထူးခြားခြား ပြန်ပြီး အနိုင်ရလိုက်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ အသက် ၇၁ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း ရဲ့ သမ္မတလောင်း မဲဆွယ် စည်းရုံးပွဲ အနေအထားတွေက ပွဲပျက်တော့မယ့် အနေအထားကို ရောက်နေပါတယ်။ သူ့မှာ မဲဆွယ်စည်းရုံးဘို့ ငွေ မကျန်တော့သလောက် ဖြစ်နေပြီး မဲဆွယ် စည်းရုံးဘို့ ခန့်ထားတဲ့ ဝန်ထမ်းတွေကိုတောင် မဖြစ်မနေ အလုပ်ဖြုတ်ရမယ့် အခြေအနေကို ရောက်နေတာပါ။

စစ်အတွင်းကာလပဲ ဖြစ်ဖြစ် ဆိုးဆိုးဝါးဆိုး လိုအပ်ချက်တွေရှိလို့ မဖြစ်မနေ ပေးဆပ်ရတဲ့ ကာလတွေမှာ ပိုပြီး ကောင်းမွန်တဲ့ အနာဂတ် အတွက် မျှော်မှန်းချက်တွေက ရှင်းရှင်း လင်းလင်း မသဲကွဲပါဘူး။ ဒါပေမယ့်လည်း ကျနော့် မိတ်ဆွေတွေကို ကျနော် ကတိ ပေးနိုင်တာက ဘယ်လို စိန်ခေါ် အကဲ စမ်းမှုတွေ ရက်စက်မှုတွေပဲ ရှိရှိ၊ ဘယ်လိုပဲ မိုးခေါင်တာတွေ ကြုံရကြုံရ၊ ကျနော်တို့ရဲ့ သတ္တိ၊ မျိုးချစ် စိတ်ဓါတ်နဲ့ အမေရိကန် ပြည်သူတွေအတွက် ခိုင်မာ မှုတွေကြောင့် ကျနော်တို့မှာ အန္တရယ် မရှိဘူး ဆိုတာ ကျနော် ကတိပေးနိုင်တာပါ။ ကျနော်တို့ဟာ သမိုင်းကို ဖန်တီးသူတွေ ဖြစ်ပါတယ်။ သမိုင်းရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကြောင့် ဒုက္ခရောက်နေသူတွေ မဟုတ်ပါဘူး။

မက်ကိန်း အနိုင် ရလိုက်တာဟာ မက်ဆာချုးဆက် ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း မစ် ရော်မ်နီ အတွက် ခါးသီးတဲ့ ရှုံးနိမ့်မူ တခု ဖြစ်ပါတယ်။ ရော်မ်နီ က အိုင်အိုဝါ ပါတီတွင်း သမ္မတ အမည် စာရင်း တင်သွင်းတဲ့ အဖွဲ့တွင်း ရွေးကောက်ပွဲနဲ့ နယူး ဟမ်ရိုင်းယား ပြည်နယ်အတွင်း သမ္မတ အမည် စာရင်း ရွေးကောက်ပွဲ အတွက် အနိုင်ရမယ်လို့ မျှော်လင့်ပြီး သူ့ကိုယ်ပိုင်ငွေ ဒေါ်လာငွေ သန်းနဲ့ချီ အကုန်အကျခံ သုံးစွဲ ခဲ့တာပါ။

မနေ့က ထွက်လာတဲ့ သမ္မတ အမည်စာရင်း တင်သွင်းမယ့် ရွေးကောက်ပွဲ မဲစာရင်းတွေ အရ မဲဆန္ဒရှင်တွေဟာ စီးပွားရေး ကိစ္စတွေနဲ့ အီရတ်စစ်ပွဲ အရေး ကိစ္စတွေကို အရေး အကြီးဆုံး ကိစ္စတွေ အဖြစ် သတ်မှတ်တာကို ပြသနေပါတယ်။

နယူး ဟမ်ရှိုင်းယား ပြည်နယ်အပြီး ရှေ့တသတင်းပတ် အတွင်း တခြား ပြည်နယ်တွေမှာလည်း ပါတီတွင်း သမ္မတလောင်း အဖြစ် အမည်စာရင်း တင်သွင်းရေး ရွေးချယ်ရေး အဖွဲ့တွေ မဲပေးကြအုံးမှာ ဖြစ်သလို ပြည်သူတွေအကြား သမ္မတလောင်း ရွေးကောက်ပွဲတွေလည်း ကျင်းပ ကြအုံးမှာ ဖြစ်ပါတယ်။

အခုလို ပြည်နယ်တွေ တခုချင်းစီက သမ္မတလောင်း အမည်စရင်း တင်သွင်းတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ကနေ တဆင့် လာမယ့်သြဂုတ်လနဲ့ စက်တင်ဘာလ ဒီမိုကရက်နဲ့ ရီပတ် ဘလီကန် ပါတီ ညီလာခံ ကြီးတွေကနေ ပါတီ တခုချင်းစီ အတွက် သမ္မတလောင်း တစ်ဦးစီ ရွေးချယ်မှာ ဖြစ်ပါတယ်။ ဒီရွေးချယ်တဲ့ သမ္မတလောင်းတွေ လာမယ့် နိုဝင်ဘာ အမေရိကန် ပြည်ထောင်စု ရွေးကောက်ပွဲမှာ ယဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG