သုံးရလွယ်ကူစေသည့် Link များ

ကိုယ့်ပြည်သူတွေရဲ့ ကျန်းမာရေးကဏ္ဍ အတွက် စစ်အစိုးရ ဘတ်ဂျက်ရံပုံငွေ ပိုမို သုံးစွဲရေး အီးယူ တိုက်တွန်း


ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ အတွက် စစ်အစိုးရ အနေနဲ့ ဘတ်ဂျက် ရံပုံငွေတွေ ပိုပြီး သုံးစွဲဖို့ လိုနေတယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ အီးယူ ဥရောပ သမဂ္ဂ သံအမတ်ကြီးက ပြောကြား လိုက်ပါတယ်။ ဒီအကြောင်း ထိုင်းနိုင်ငံကိုရောက်နေတဲ့ ဗီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်း ကို ဆက်သွယ်ပြီး ကိုကျော်အောင်လွင် က တင်ပြ ပေးထားပါတယ်။

ဟုတ်ကဲ့ပါ၊ ဒီအီး ယူဥရောပ သမဂ္ဂက မြန်မာ စစ်အစိုးရကို နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ရှိအောင် ဆိုပြီးတော့ တဖက်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ဖိအားပေးမှုတွေ ရှိနေပေမယ့်လည်း ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူ အညီ တွေကိုလည်း တဖက်မှာ သူတို့ ပေးနေတယ်ဆိုတဲ့ အကြောင်း၊ နောက်ပြီးတော့ မြန်မာနိုင်ငံက ကျန်းမာရေး ကဏ္ဍအတွက် နိုင်ငံတကာနဲ့ ဥရောပ သမဂ္ဂ အထောက်ပံ့ တွေက အကူအညီ သဘောလောက်ပဲ ဖြစ်တာ ကြောင့်မို့လို့ အဓိကကျတဲ့ မြန်မာ စစ်အစိုးရ အနေနဲ့က ကိုယ့်ပြည်သူတွေရဲ့ ကျန်းမာရေး ကဏ္ဍ အတွက် ဒီ ဘတ်ဂျက် ရံပုံငွေတွေကို လုံလုံ လောက်လောက် ခွဲဝေချထားပေးဖို့ လိုတယ် ဆိုပြီးတော့ ထိုင်းနိုင်ငံမှာ ရုံးစိုက်တဲ့ ဥရောပ ကော်မရှင်က ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မြန်မာနိုင်ငံဆိုင်ရာ အီးယူ သံအမတ် ဖရက်ဒရစ် ဟမ်ဘာဂါ (Freidrich Hamburger) က ပြောပါတယ်ခင်ဗျ။ ဒီအကြောင်း ဖက်ဒရစ် ဟမ်ဘာဂါကို ကျနော်တို့ ဗွီအိုအေ မြန်မာပိုင်း တော်သူ တဦးဖြစ်တဲ့ ဒေါ်ခင်စိုးဝင်း က ကိုယ်တိုင် တွေ့ဆုံ မေးမြန်းထားတာ ရှိပါတယ်။

ကဲဒေါ်ခင်စိုးဝင်းရေ - အခုလို ဥရောပ သံအမတ်ကြီးနဲ့ ကိုယ်တိုင်တွေ့ဆုံ မေးမြန်း ထားတယ်ဆိုတော့ သူဘာတွေ ပြောသလဲ - ဒေါ်ခင်စိုးဝင်း ဘာတွေ မေးမြန်း ထားတယ်ဆိုတာ ရှင်းပြပေးပါဦးခင်ဗျ -

ဟုတ်ကဲ့ပါ၊ အီးယူ ဥရောပ သမဂ္ဂက ဒီနှစ် ၂၀၀၈ ခုနှစ်မှာ မြန်မာ နိုင်ငံအတွက် လူမှုရေး စာနာမှု ထောက်ပံ့ရေး ရံပုံငွေ ယူရိုငွေ၁၈ သန်းသုံးစွဲမယ်လို့ ကြေငြာခဲ့ပြီးတော့ အဲဒီ ရံပုံငွေတွေကို လက်နက်ကိုင် ပဋိ ပက္ခတွေကြောင့် ထိုင်းနိုင်ငံထဲကို ဒုက္ခသည်တွေ အဖြစ် ခိုလှုံနေသူတွေနဲ့ ပြည်တွင်းမှာ အတိ ဒုက္ခရောက်နေကြတဲ့ သူတွေကို ကူညီမှာ ဖြစ်တယ်လို့ သံအမတ်ကြီး ဖက်ဒရစ် ဟမ်းဘာဂါ က ပြောကြားပါတယ်။ ဒါ့အပြင် 3D fund လို့ခေါ်တဲ့ ရောဂါသုံးမျိုး အတွက်လည်း သုံးစွဲမယ် ဖြစ်တယ်လို့ ပြောပြပါတယ်။ မြန်မာလူထု အရေးတကြီး ကုသဖို့ လိုအပ်နေတဲ့ ရောဂါသုံးမျိုး ဖြစ်တဲ့ ငှက်ဖျား၊ အဆုတ် ရောဂါနဲ့ HIV/AIDS ရောဂါ ဝေဒနာသည်တွေ အတွက် အီးယူ ဥရောပ သမဂ္ဂရယ်၊ သြစတေးလျ နိုင်ငံရယ်၊ ဗြိတိန်၊ နော်ဝေး၊ ဆွီဒင်နဲ့ နယ်သာလန် နိုင်ငံတို့ ကနေ ပူးပေါင်းပြီးတော့ ရံပုံငွေတွေ ထည့်ဝင် ကူညီနေကြတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အီးယူ ဥရောပ သမဂ္ဂရဲ့ သံအမတ်ကြီး ဖရက်ဒရစ် ဟမ်ဘာဂါ က ထောက်ပြပါတယ်။ ဒါပေမယ့် ဒီလို ထောက်ပံ့မှုတွေနဲ့ လုံလောက်မှု မရှိဘူးလို့ မစ္စတာ ဟမ်ဘာဂါ က အခုလိုပြောပါတယ် -

“ဒီ့ထက်မက လုပ်ဖို့ လိုပါတယ်တဲ့၊ စစ်အစိုးရ အနေနဲ့ ဒီ့ထက်မက ပိုပြီး လုပ်ဖို့ လိုပါတယ်လို့ ပြောပြသွားတာ ဖြစ်ပါတယ်။ အထွေထွေ ကျန်းမာရေးကဏ္ဍ အတွက်၊ အထူးသဖြင့် ဒီရောဂါကြီး သုံးမျိုး ကာကွယ် ကုသဖို့ အတွက် မြန်မာနိုင်ငံရဲ့ အမျိုးသား ရသုံးမှန်းခြေ ငွေစာရင်း ထဲကနေ ရံပုံငွေတွေကို ပိုပြီး ခွဲဝေ ချထားဖို့လိုတယ်လို့ ပြောပြသွားတာ ဖြစ်ပါတယ်။ ဒေသတွင်းမှာပါ ကူးစက် ပြန့်ပွားနိုင်တဲ့ ဒီရောဂါတွေကို တိုက်ဖျက်ဖို့ အတွက် နိုင်ငံတကာက ပေးနေတဲ့ အထောက်ပံ့ တွေနဲ့လည်း မလုံလောက် ပါဘူးတဲ့၊ ရံပုံငွေတွေ အများကြီး လိုနေပါတယ် လို့လည်း ပြောပြ သွားတာဖြစ်ပါတယ်။ ငှက်ဖျား၊ အဆုတ် ရောဂါနဲ့ HIV/AIDS ရောဂါတွေကို ဖိဖိ စီးစီး ကာတွယ် ကုသဖို့အတွက် ဒီထက်မက အားလုံးက ၀ိုင်းပြီး ပိုပြီး လုပ်ကြရမှာလို့ ပြောပြသွားတာ ဖြစ်ပါတယ် ကိုကျော်အောင်လွင်ရေ။

ဟုတ်ကဲ့ပါခင်ဗျ၊ ဒီလို ဆိုလို့ရှိရင် လူမှု ဒုက္ခဆိုင်ရာ အကျပ် အတည်းတွေ ကြုံတွေ့ ရင်ဆိုင် နေကြရတဲ့ မြန်မာ ပြည်သူတွေ အတွက် နိုင်ငံတကာက အကူအညီ ပေးနေတာ၊ စာနာမှု ဆိုင်ရာ အကူ အညီတွေ ပေးနေတာ မလုံလောက်သေးဘူး ဆိုတဲ့ သဘောလားခင်ဗျ -

ဟုတ်ပါတယ်၊ ဒါကြောင့် သံအမတ်ကြီး ဖရက်ဒရစ် ဟမ်ဘာဂါ ကနေ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ထပ်ပြီးတော့ အကူအညီ ပေးဖို့ လိုသေးတယ်လို့လည်း အခုလို ဆက်ပြောပါသေးတယ် ကိုကျော်အောင်လွင်။

“အခု လောလောဆယ်မှာတော့ ဒုက္ခရောက်နေတဲ့ လူတချို့ကိုသာ ကူညီနိုင်တာ ဖြစ်ပါတယ်တဲ့၊ သူတို့ရဲ့ ဒုက္ခအားလုံး ပြေပျောက် သွားအောင်တော့ ဘယ်ကူညီနိုင်ပါ့ မလဲလို့ ပြောသွားတာပါ။ အခုနက သူပြောခဲ့တဲ့ ရောဂါ (၃) သုံးမျိုးကို ကာကွယ် ကုသဖို့ ဆိုတာက နိုင်ငံတကာက အကူ အညီ ပေးရုံတင် မကပဲနဲ့ အစိုးရ အနေနဲ့လည်း ကျန်းမာရေး အတွက်ကို ရသုံးမှန်းခြေ ငွေစာရင်း ဘက်ဂျက် တွေကို ထပ်တိုးပြီး သုံးစွဲဖို့ လိုတယ်လို့ ပြောပြသွားတာ ဖြစ်ပါတယ်။”

ဟုတ်ကဲ့ပါခင်ဗျ၊ ဒီလိုမျိုး လူမှုရေး အကူအညီတွေတော့ ပေးနေတာ ဟုတ်ပါပြီ၊ အီးယူ ဥရောပ သမဂ္ဂဘက်ကနေ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေမှာ သူတို့ရဲ့ ရပ်တည်ချက်ကရော ဘယ်လို ရှိသတဲ့လဲဗျ -

ဒီလိုပါ၊ အီးယူ ဥရောပ သမဂ္ဂကနေ မြန်မာနိုင်ငံ အပေါ်မှာ ၁၉၉၆ ခုနှစ်ကနေ စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ စပြီးတော့ အရေး ယူခဲ့တာလို့ သံအမတ်ကြီးက စပြီးတော့ ရှင်းပြပါတယ်၊ ဒါပေမယ့် တဖက်က ဒဏ်ခတ် နေပေမယ့်လည်း တဖက်က အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံ ဆွေးနွေးရေး အထမြောက်ဖို့ အတွက်ကို အဆက်အဆံ မပြတ် ကြိုးစား နေတယ် ဆိုတဲ့ အကြောင်းကို အခုလို ပြောပြပါတယ် -

“မြန်မာနိုင်ငံမှာ အပြောင်း အလဲတွေ ဖြစ်ပေါ်အောင် ဖိအားပေး ဒဏ်ခတ်ပြီး ချဉ်းကပ်တဲ့ ပုံစံမျိုးတင် မကပါဘူးတဲ့၊ တဖက်ကလည်း လူမှု စီးပွား အကျပ်အတည်း တွေ့နေတဲ့ မြန်မာလူထု အပေါ်မှာ တတ်နိုင်တဲ့ ဖက်က ကူညီ နေပါတယ်တဲ့၊ အပိုင်း သုံးပိုင်းခွဲပြီး ချဉ်းကပ်တဲ့ ပုံစံလို့ ပြောလို့ရပါတယ်၊ တပိုင်းက ဖိအားပေး ဒဏ်ခတ်တာ၊ တပိုင်းက အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်သင့်တဲ့ အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေး ပြောဆိုဖို့ စစ်အစိုးရကို တိုက်တွန်း နေတာနဲ့ တပိုင်းက လူမှုရေး အထောက် အပံ့တွေကို ပေးနေတာလို့ ပြောပြသွားတာ ဖြစ်ပါတယ်၊ ကိုကျော်အောင်လွင် ရေ။”

XS
SM
MD
LG