သုံးရလွယ်ကူစေသည့် Link များ

ဗြိတိသျှ နိုင်ငံတကာ ဖွံဖြိုးရေးအစီအစဉ်က နယ်စပ် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် ကျန်းမာရေး ပညာရေး ထောက်ပံ့ကူညီဖွယ်ရှိ


ဗြိတိသျှနိုင်ငံ နိုင်ငံတကာဖွံဖြိုးရေး အစီအစဉ်အနေနဲ့ မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာကူညီမှု အကူအညီတွေပေးဖို့ ဗြိတိသျှအစိုးရ နိုင်ငံခြားရေးဌာန နိုင်ငံတကာ ဖွံဖြိုးရေးဆိုင်ရာ ၀န်ကြီး ဒေါက်ဂလက် အလက်ဇန္ဒားဟာ ထိုင်းမြန်မာ နယ်စပ်မှာရှိတဲ့ လူမှုကူညီရေး လုပ်ငန်းတွေကို ပြီးခဲ့တဲ့ ကြာသပတေးနဲ့ သောကြာ နှစ်ရက် ကွင်းဆင်း လေ့လာခဲ့ပါတယ်။

မြန်မာဒုက္ခသည်တွေကိုသာမက အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံတွင်း လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွေ့ပြောင်း မြန်မာလုပ်သားတွေ အတွက်ပါ ထောက်ပံ့ရေး အစီအစဉ်တွေ ပေးသွားမယ့် သဘောမှာလည်း တွေ့နေရပါတယ်။ ထိုင်းမြန်မာ နယ်စပ်က မြန်မာနိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေး ကူညီမှုလုပ်ငန်းတွေကို မစ္စတာ အလက်ဇန္ဒား ကိုယ်တိုင် သွားရောက်လေ့လာခဲ့ပါတယ်။ အကြောင်းစုံ စုံစမ်း သိရှိထားသမျှ ဦးသားညွှန့်ဦးက အစီရင်ခံထားပါတယ်။

DFID ဗြိတိသျှ နိုင်ငံတကာ ဖွံဖြိုးရေးအစီအစဉ်အနေနဲ့ နယ်စပ်မှာရှိတဲ့ ရွေ့ပြောင်း မြန်မာ လုပ်သားတွေအတွက် ကျန်းမာရေး ပညာရေး လူမှုကူညီမှု လုပ်ငန်းတွေမှာ အရင်က တိုက်ရိုက် ကူညီထောက်ပံ့မှု မရှိပေမယ့်လို့ အခု ၀န်ကြီး ဒေါက်ဂလက် အလက်ဇန္ဒား လာရောက်တဲ့ ခရီးစဉ်ကြောင့် နောက်ပိုင်းမှာ DFID အနေနဲ့ ဒီ လူမှုရေးလုပ်ငန်းတွေအတွက် တိုက်ရိုက် ကူညီသွားမယ့် အလားအလာတွေ ရှိနိုင်တယ်လို့ ထိုင်းမြန်မာနယ်စပ်က စေတနာ့ ၀န်ထမ်း လူမှုရေး အဖွဲ့အစည်းတွေက မျှော်လင့်ထားပါတယ်။

ဝန်ကြီး ဒေါက်ဂလက် ကိုယ်တိုင်ကလည်း သူ့အနေနဲ့ ထိုင်းမြန်မာ နယ်စပ်တလျှောက်က မြန်မာနိုင်ငံသားတွေရဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်တွေကို ဗြိတိသျှနိုင်ငံအနေနဲ့ ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာကို သူ လာရောက် စစ်ဆေးကြည့်ရှုတာ ဖြစ်တယ်လို့ သူ့ ကြေညာချက်မှာ ပြောထားပါတယ်။

သူဟာ ထိုင်းမြန်မာနယ်စပ်က မယ်လ ဒုက္ခသည်စခန်းကို သွားရောက် လေ့လာခဲ့သလိုပဲ။ ပြီးခဲ့တဲ့ သောကြာနေ့ ဇန်န၀ါရီလ ၁၁ ရက်နေ့ကတော့ ထိုင်းမြန်မာ နယ်စပ် မဲဆောက်က ရွေ့ပြောင်း မြန်မာလုပ်သားတွေကို ကျန်းမာရေး အကူအညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ နောက် မြန်မာ လုပ်သား မိသားစုဝင် ကလေးတွေအတွက် ပညာရေး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကို သူ့ကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီတော့ ဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ မဲဆောက် မယ်တော် ဆေးခန်းက ဒေါက်တာ စင်သီယာမောင်ကို မစ္စတာ ဒေါက်ဂလက် အလက်ဇန္ဒား လာရောက် ဆွေးနွေးတဲ့ကိစ္စ ကျနော် မေးကြည့်ပါတယ်။

“နယ်စပ်ဒေသမှာ အခြေပြုပြီးတော့ ကျန်းမာသား၊ ပညာရေး၊ လူမှုရေးတွေ နောက်ပြီးတော့ တိုင်းရင်းသား အရေးတွေပေါ့၊ ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ တွေ့ပြီးတော့ လက်ရှိ လုပ်ငန်းတွေရယ်၊ လုပ်ငန်း အခက်အခဲတွေရယ်၊ လက်ရှိ အခြေအနေတွေကို နောက်ပြီးတော့ နားထောင်တယ်၊ နောက်ပြီးတော့ ဒုက္ခသည်စခန်းတစ်ခုမှာလည်း သွားပြီးတော့ အမျိုးသမီး အဖွဲ့အစည်းတွေ တွေ့တာမျိုးရှိတယ်။ ဒီ မဲဆောက်မှာတော့ အမျိုးသမီးအဖွဲ့ ကိုယ်စားလှယ်၊ နောက် ကျန်းမာရေး ကိုယ်စားလှယ်ပေါ့နော်။ သူတို့နဲ့ တွေ့ဆုံတယ်။ ပြီးတော့ ကျမတို့ ဆေးခန်းနဲ့ ကျောင်းတစ်ကျောင်း ပေါ့လေ၊ အနီးအနားက ကျောင်းတစ်ကျောင်းကိုလည်း သွားလည်တယ်။ လက်ရှိ ကျမတို့ နယ်စပ်ဒေသမှာဖြစ်နေတဲ့ ဒီ ကလေးတွေရဲ့ ပညာရေး ပြဿနာတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျန်းမာရေးအပြင်ပေါ့နော်။ ဒီ ပြည်တွင်းက နေပြီးတော့ နယ်ခြားဖြတ်ပြီးတော့ ဆေးလာကုကြတဲ့ သူတွေရဲ့ အခြေအနေတွေကိုလည်း လာပြီးတော့ လေ့လာသွားတယ်။”

လူသားခြင်း စာနာမှု အကူအညီတွေ ပေးရေးကိစ္စတွေရော ဆရာမတို့ကို ဆွေးနွေးသွားတာ ရှိသေးလားခင်ဗျ။ -

“လက်ရှိ အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ ကူညီပံ့ပိုးသွားမယ့် ဒီအစီအစဉ်နဲ့ ချိတ်ဆက်ပြီးတော့ လာတယ်လို့ ကျမတို့ ယူဆတယ်လေ။ နယ်ခြား ဖြတ်ကျော်တဲ့ အစီအစဉ်အထိကိုတော့ ဆုံးဖြတ်ထားပုံတော့ မရသေးဘူးပေါ့။ သို့သော်လည်း ဒီ ထိုင်းနိုင်ငံထဲမှာရှိနေတဲ့ မြန်မာ ပြည်သားတွေရဲ့ လူမှုရေးဆိုင်ရာ ကိစ္စတွေကိုတော့ ပထမ ခြေလှမ်းအနေနဲ့ သူတို့ စပြီး အကူအညီ ပေးနိုင်ဖို့ကိုတော့ ကြိုးစားသွားမယ်လို့ ယူဆတယ်လေ။”

ဆရာမ အရင်တုန်းကရော ဒီလိုမျိုး ကျန်းမာရေး ပညာရေးနဲ့ပတ်သက်ပြီးတော့ အင်္ဂလန်က အကူအညီတွေ ပေးခဲ့ဖူးတာရော ရှိလား။ နယ်စပ်မှာ။ -

“မရှိခဲ့ပါဘူး။ အရင်တုန်းက ကျမတို့ ဒီ DFID အဖွဲ့ကနေပြီးတော့ ကူညီပံ့ပိုးမှုမျိုးတွေ မရှိခဲ့ဘူး။ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်တုန်းကတော့ ချင်းမိုင်ကို အစိုးရ ကိုယ်စားလှယ်တွေ လာပြီးတဲ့အချိန် ကတည်းကနေပြီးတော့ သူတို့ ဒီ လူသားခြင်းစာနာထောက်ထားတဲ့ အကူအညီတွေကို တိုးပြီးတော့ ဆောင်ရွက်သွားဖို့နဲ့ အထူးသဖြင့်တော့ ဒီ နယ်စပ်ဒေသမှာ အခြေပြုတဲ့ လူမှုရေး အဖွဲ့အစည်းတွေကို ဆက်လက် ကူညီ ပံ့ပိုးသွားဖို့ ဆိုတဲ့ အစီအစဉ်မျိုးတွေကို စပြီးတော့ ထုတ်ပြန်လာတာမျိုး ရှိတယ်။”

ဒါ ပထမဦးဆုံး သူတို့ အကူအညီပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ပဲပေါ့။ -

“ဟုတ်ပါတယ်။”

မဲဆောက် မယ်တော်ဆေးခန်းက ဒေါက်တာ စင်သီယာမောင် ပြောသွားတာပါ။

မစ္စတာ ဒေါက်ဂလက် အလက်ဇန္ဒားဟာ မဲဆောက်မှာရှိတဲ့ မြန်မာ ရွေ့ပြောင်းမိသားစုတွေ ကလေးငယ်တွေအတွက် ပညာရေး ကျောင်းတစ်ခုကိုလည်း ကိုယ်တိုင် သွားရောက် လေ့လာခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ မြန်မာနိုင်ငံ ရွေ့ပြောင်းအလုပ်သမားများ ပညာရေး ကော်မတီရဲ့ ဥက္ကဌ ဒေါ်ဖောရေကို ကျနော် မေးကြည့်ပါတယ်။

“ဒီ ထိုင်းကိုလာတဲ့ ခရီးစဉ်နဲ့ ကျမတို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပညာရေးအကြောင်းကိုလည်း လာလေ့လာတယ်။ အဲဒီ လေ့လာတဲ့အခါမှာကျတော့ ဒီ Migrant ကျောင်းပေါင်း ဘယ်လောက်ရှိလဲ။ ကလေးတွေ ပညာ ဘယ်လောက် သင်နိုင်လဲ။ ပြီးတော့ လိုအပ်ချက်တွေပေါ့နော်။ ကျမတို့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေကိုပေါ့၊ ပညာရေး အခြေအနေတွေကို လာလေ့လာပြီးတော့ ကျမတို့ကတော့ ပြန်ရှင်းပြပါတယ်။”

ဟုတ်ကဲ့။ ကျောင်းတစ်ကျောင်းကို သူ ကိုယ်တိုင် သွားကြည့်သေးတယ်လို့ ကြားရပါတယ်။ -

“ဟုတ်ပါတယ်။ ကျမတို့ကတော့ အဲဒီမှာ သူလာတာကတော့ မိနစ် ၂၀ ပဲလေ။ ကျမတို့နဲ့ နီးစပ်တဲ့ကျောင်း CDC ကျောင်းပေါ့။ ကျမတို့ အဲဒီကျောင်းကို လေ့လာဖို့ကို ကျမတို့ ဖိတ်ခေါ်ထားတယ်။ နောက်ပြီးတော့ လိုက်ပြပေးတယ်။”

ဟုတ်ကဲ့၊ အရင်တုန်းကရော ဒီ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပညာရေးနဲ့ပတ်သက်လို့ လုပ်ကိုင်နေတဲ့ ကော်မတီကို DFID ကနေပြီးတော့ အကူအညီပေးခဲ့ဖူးတာတွေ ရှိလားခင်ဗျ။ -

“မရှိပါဘူး။ သူ လာတဲ့အစီအစဉ်ကတော့ သူ Research လုပ်သွားတဲ့ပုံစံ လိုလေ၊ လေ့လာပြီးတော့ ကျမတို့ကတော့ ဒီ DFID ကနေပြီးတော့ ဒီလိုမျိုး Migrant ပညာရေးအတွက် လိုအပ်ချက်နဲ့ တကယ် ကလေးတွေ ပညာသင်နိုင်ဖို့အတွက်ကို တစုံတရာ လုပ်ပေးနိုင်မယ်လို့ ကျမတို့ကတော့ ယုံကြည်တယ်လေ။”

မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများ ကော်မတီရဲ့ ဥက္ကဌ ဒေါ်ဖောရေ ပြောသွားတာပါ။

DFID ဗြိတိသျှအစိုးရ နိုင်ငံတကာ ဖွံ့ဖြိုးရေး အစီအစဉ်အနေနဲ့ ယခင်က မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် တစ်နှစ်ကို ပေါင် ၉ သန်း ကူညီ ထောက်ပံ့ခဲ့ပါတယ်။ အခုတော့ လာမယ့် ၂၀၁၀ ခုနှစ်ထဲမှာတော့ မြန်မာနိုင်ငံ လူသားချင်းစာနာကူညီမှု အထောက်အပံ့တွေကို ပေါင် ၁၈သန်းအထိ သုံးစွဲမယ်လို့ ကြေညာထားတာကြောင့် ထိုင်း မြန်မာနယ်စပ်က ရွေ့ပြောင်း မြန်မာ အလုပ်သမားတွေအတွက် ကျန်းမာရေး ပညာရေး အကူအညီတွေကိုပါ ပေးသွားဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG