သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ် တရုတ်နိုင်ငံ သွားရောက်


အိန္ဒိယဝန်ကြီးချုပ် Manmohan Singh ဟာ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုတိုးမြင့် လုပ်ဆောင်ဖို့ သူ့ရဲ့ ၃ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်ကို မနေ့က စတင်လိုက်ပြီ ဖြစ်ပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ်ရဲ့ အခုလို အဆင့်မြင့် ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ဆယ်စုနှစ်ပေါင်းများစွာ အပြန်အလှန် ယုံကြည်မှု မရှိဖြစ်နေခဲ့တာကို ပြန်လည် မွမ်းမံဖို့ဖြစ်တဲ့အကြောင်း နယူးဒေလီမြို့ကနေ Anjana Pasricha သတင်းပေးပို့ထားတာကို ဦးဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ်ဟာ တရုတ်နိုင်ငံကို ရောက်ပြီး ပထမဆုံး သွားလည်တဲ့နေရာကတော့ ဒီနှစ် နွေရာသီမှာကျင်းပမယ့် ၂၀၀၈ ခုနှစ် ဘေဂျင်း အိုလံပစ် ပွဲတော်အတွက် ပြင်ဆင်မှုတွေ လုပ်နေတဲ့နေရာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အိုလံပစ်ပွဲတော် ကျင်းပဖို့ ပြင်ဆင်နေတာတွေဟာ အိန္ဒိယနိုင်ငံအတွက် အားကျစရာဖြစ်တယ်လို့ မစ္စတာ ဆင်းဂ် ပြောခဲ့တာကို တရုတ်အစိုးရထုတ် ဆင်ဟွာ သတင်းဌာနမှာ ကိုးကား ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံနဲ့ အတူလက်တွဲ လုပ်ဆောင်ရေးဟာ အိန္ဒိယနိုင်ငံအတွက် အရေးပါတဲ့ လိုအပ်ချက် ဖြစ်တယ်လို့ သူ့ရဲ့ ခရီးမစခင်မှာ မစ္စတာ ဆင်းဂ် က ပြောခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဌာန အတွင်းဝန် Shiv Shankar Menon ကလည်း ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စတွေကို တိုးမြှင့် လုပ်ဆောင်ဖို့အတွက် နှစ်ဖက်စလုံးက ကြိုးစား လုပ်ဆောင်နေ တာတွေကို အထောက်အကူပြုစေလိမ့်မယ်လို့ ပြောပါတယ်။

“တရုတ်နိုင်ငံဟာ ကျနော်တိုရဲ့ အကြီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား တည်ရှိ နေတဲ့ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းကြဖို့နဲ့ အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ပူးပေါင်း လုပ်ဆောင်ကြဖို့ လုပ်ငန်းတွေ ချမှတ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကစပြီး နှစ်နိုင်ငံ ဆက်ဆံရေးဟာ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။”

၁၉၆၂ ခုနှစ်မှာ နှစ်နိုင်ငံ စစ်ဖြစ်ခဲ့ပြီးနောက်ပိုင်း အပြန်အလှန် မယုံကြည်မှုတွေ ဖြစ်ပေါ်ခဲ့ရာက ဆက်ဆံရေး အခြေအနေတွေ ဆုတ်ယုတ်ခဲ့တာကို မကြာခင် နှစ်တွေအတွင်းမှာ ပြန်လည် ကောင်းမွန်အောင် နှစ်ဖက်စလုံးက ကြိုးစား လုပ်ဆောင်ခဲ့ကြပါတယ်။

နှစ်နိုင်ငံအကြား အဆင့်မြင့် အရာရှိတွေနဲ့ အစိုးရခေါင်းဆောင်တွေ မကြာခဏ အပြန်အလှန် လည်ပတ်လေ့ရှိပြီး လွန်ခဲ့တဲ့ ၃ နှစ်တုန်းကလည်း မဟာဗျူဟာမြောက် ပူးပေါင်းလုပ်ဆောင်ရေး လုပ်ငန်းစဉ်ကို ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

သိသာ ထင်ရှားတဲ့ အချက်ကတော့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး ဒီကိစ္စကလည်း အိန္ဒိယဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေးက လွန်ခဲ့တဲ့ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ သောင်း ၇ ထောင် ကျော်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု နှုန်းဟာ မျှော်လင့်ထားတာထက် ပိုမြန်တဲ့နှုန်းနဲ့ တိုးတက်နေပါတယ်။ ဒေသတွင်း ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက် ရရှိရေးအတွက်လည်း နှစ်ဖက်စလုံးက ဒီခရီးစဉ်အတွင်းမှာ ပြောဆို ဆွေးကြဖို့ရှိပါတယ်။

ကမ္ဘာမှာ လူဦးရေအများဆုံး နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ သူတို့ နှစ်နိုင်ငံရဲ့ အရှိန်အဟုတ်နဲ့ တိုးတက်နေတဲ့ စီးပွားရေး ဖွံဖြိုး တိုးတက်မှုတွေအပြင် လောင်စာ စွမ်းအင် လုံခြုံရေးနဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေကိုပါ ထည့်သွင်း ဆွေးနွေးကြဖို့ ရှိပါတယ်။

နှစ်နိုင်ငံအကြား ရေရှည် အငြင်းပွားနေတဲ့ နယ်မိတ်ကိစ္စကိုလည်း ဒီခရီးစဉ်အတွင်းမှာ ဆွေးနွေးကြဖို့ အလားအလာရှိပေမယ့် ဒီ အငြင်းပွားနေတဲ့ နယ်နိမိတ်ကိစ္စက နှစ်နိုင်ငံအကြား နိုင်ငံရေးအရ နီးနီးကပ်ကပ် ဆက်ဆံ လုပ်ဆောင်နေတာတွေကို မထိခိုက်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာ အတွင်းဝန် Shiv Shankar Menon က ပြောပါတယ်။

“လက်ရှိအခြေအနေမှာတော့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအပေါ်မှာ ကျေနပ် အားရမှုရှိပါတယ်။ ကျနော်တို့အထင်တော့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ တိုးတက်ကောင်းမွန်နေတယ်၊ နောက် အငြင်းပွားနေတဲ့ နယ်နမိတ်ကိစ္စကိုလည်း ပြေလည်အောင် ဖြေရှင်းဖို့အတွက်လည်း နှစ်ဖက်စလုံးက လိုလားနေတယ်လို့ ကျနော်တို့ ထင်ပါတယ်။ ပြီးတော့ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ ချစ်ကြည်ရေး ငြိမ်းချမ်းရေ တည်ရှိဖို့အတွက် အောင်အောင်မြင်မြင်နဲ့ ထိန်းသိမ်းထားနိုင်တာကို တွေ့ရပါတယ်။”

ဒါပေမယ့် နှစ်နိုင်ငံ နယ်နမိတ် အငြင်းပွားနေတဲ့ကိစ္စကို ဖြေရှင်းဖို့ နှောင့်နှေး ကြန့်ကြာနေတဲ့အတွက် နှစ်နိုင်ငံ ဆက်ဆံရေးမှာ စိုးရိမ် ပူပန်မှုတွေက ကြီးထွားနေတုန်းပဲလို့ Jawaharlal Nehru တက္ကသိုလ်က အရှေ့အာရှအရေးကို လေ့လာနေတဲ့ Alka Acharya က ပြောပါတယ်။

”အခုအချိန်အထိတော့ ဒီကိစ္စမှာ တဖြည်းဖြည်းချင်းနဲ့ တိုးတက်လာတာ လက္ခဏာကိုပဲ တွေ့ရ ပါတယ်။ ချက်ချင်း လက်ငင်းကြီး တိုးတက်ပြောင်းလဲလာဖို့ကိုတော့ မျှော်လင့်လို့ မရပါဘူး။ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဓိက ကြားခံဖြစ်နေတဲ့ကိစ္စကတော့ ဒီ မပြေလည်သေးတဲ့ နယ်နမိတ်ပြဿနာ၊ အပြန်အလှန်ယုံကြည်မှု မရှိတဲ့ကိစ္စနဲ့ မဟာဗြူဟာအရ ညီမျှမှု မရှိတဲ့ကိစ္စတွေဖြစ်ပါတယ်။”

နှစ်နိုင်ငံ အကြား တခြား မတူညီတဲ့ အရေးကိစ္စတွေလည်း အများအပြားတော့ ရှိနေပါသေးတယ်။ အဓိကအားဖြင့်တော့ နှစ်နိုင်ငံကုန်သွယ်ရေးမှာ တရုတ်ဖက်က အသာစီးရနေတဲ့အပေါ် အိန္ဒိယ ဖက်က မကျေမနပ်ဖြစ်နေပြီး ကုန်ပစ္စည်းတွေ တရုတ်နိုင်ငံကို လက်ရှိထက်ပိုပြီး ရောင်းချလို တဲ့အကြောင်း အိန္ဒိယ အရာရှိတွေက ပြောပါတယ်။ တရုတ်ဖက်ကတော့ အိန္ဒိယနိုင်ငံထဲကို တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေ မလုပ်နိုင်တဲ့အပေါ် မကျေမနပ် ဖြစ်နေပါတယ်။

အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ လယ်ယာမြေခွဲဝေဖြန့်ဖြူးမှု၊ အိုးအိမ်ကိစ္စ၊ ရိုးရာ တိုင်းရင်းဆေး၊ ရထားလမ်းနဲ့ ဘူမိသိပ္ပံ စတဲ့ သဘောတူညီချက်ကြီး ၅ ခုကို လက်မှတ် ရေးထိုးကြဖို့ရှိပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းဂ်ဟာ သူ့ရဲ့ ၃ ရက်ကြာ ခရီးစဉ်အတွင်း တရုတ်သမ္မ ဟူဂျင်တောင်၊ ဝန်ကြီးချုပ် ဝမ်ဂျားဘောင်နဲ့ တခြား တရုတ် အစိုးရအရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG