သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နိုင်ငံ၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ပင်လယ်ကွေ့ဒေသ နိုင်ငံများအား သမ္မတဘုရှ် သတိပေး


အီရန်နိုင်ငံဟာ ကမ္ဘာမှာ အကြမ်းဖက်မှုကို အကြီးမားဆုံး အားပေးအားမြှောက်လုပ်နေတဲ့ နိုင်ငံဖြစ်ပြီး အရှေ့ အလယ်ပိုင်းဒေသ မတည်မငြိမ်ဖြစ်ရခြင်း အရင်းခံ အကြောင်းဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘုရှ်က ပြောလိုက်ပါတယ်။ သမ္မတရဲ့ အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်အတွင်းပြောတဲ့ တခုတည်းသောမိန့်ခွန်းမှာ အကြမ်းဖက်မှုကို လက်မခံ ပယ်ချဖို့နဲ့ လွတ်လပ်မှုကို ထွေးပွေ့ကြဖို့ ဒေသတွင်းလူထုကို သမ္မတဘုရှ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဗွီအိုအေရဲ့ အိမ်ဖြူတော် သတင်းထောက် Paula Wolfson ပေးပို့တဲ့ သတင်း ဆောင်းပါးကို ဦးကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

ပါရှန်းပင်လယ်ကွေ့ကိုဖြတ်ပြီး အီရန်ကနေ ကီလိုမီတာ ၃၀၀ လောက်ပဲဝေးတဲ့ အာရပ်ဘ်စော်ဘွား များ ပြည်ထောင်စု နိုင်ငံရဲ့မြို့တော် အဘူဒါဘီက စကားပြောစင်မြင့်ကနေ တီဟီရန်ကို ဆန့်ကျင်ရေး ညီညွတ်ကြဖို့ သမ္မတဘုရှ်က ဆော်သြခဲ့ပါ တယ်။

“အီရန်ရဲ့လုပ်ရပ်ဟာ နေရာအနှံ့ကနိုင်ငံတွေကို ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့် အမေရိကန် ပြည်ထောင်စုဟာ ပင်လယ်ကွေ့ ဒေသက ကျနော်တို့မိတ်ဆွေတွေနဲ့အတူ ကျနော်တို့ ကာလရှည်ကြာ ကိုင်စွဲလာတဲ့ လုံခြုံရေးဆိုင်ရာ ကတိကဝတ်တွေကို အားကောင်းအောင်လုပ်ဆောင်ရင်း သိပ်နောက် မကျခင်မှာ ဒီအန္တရာယ်ကိုရင်ဆိုင်ဖို့ ကမ္ဘာတလွှားက မဟာမိတ်တွေကို တညီတညွတ်တည်း စုစည်း နေပါတယ်။”

အီရန်ဟာ အကြမ်းဖက်မှုကို ကမ္ဘာမှာ အကြီးမားဆုံး အားပေးအားမြှောက်လုပ်နေတယ်လို့ သမ္မတ ကဆိုရင်း အီရတ်၊ လက်ဘနွန် နဲ့ ပါလက်စတိုင်းဒေသတွေက အစွန်းရောက်ဝါဒီတွေကို တီဟီရန်က အထောက်အပံ့ပြုနေတာကို ဖော်ပြပြောဆိုသွားပါတယ်။

“အီရန်ပြည်သူလူထုဟာ ကိုယ့်တိုင်းပြည်ထဲမှာ ဖိနှိပ်မှုတွေနဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ရင်ဆိုင်နေ ရချိန် အီရန်နိုင်ငံဟာ ကမ္ဘာ တလွှားက အစွန်းရောက်ဝါဒီတွေကို ဒေါ်လာသန်းရာပေါင်းများစွာ အထောက်အပံ့ပြုနေပါတယ်။”

အီရန်အစိုးရက ကိုင်စွဲထားတဲ့ အစွန်းရောက်ဝါဒမျိုးဟာ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို မျှော်လင့်တဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆန့်ကျင်ရပ်တည်နေတယ်လို့ မစ္စတာဘုရှ်ကဆိုပါတယ်။

ပိုမိုလွတ်လပ်မှုနဲ့ ကမ္ဘာကို ပိုပြီးပွင့်ပွင့်လင်းလင်း ဆက်ဆံရေးဆီ ရှေးရှုနေတဲ့ ဒေသတွင်း တခြား နိုင်ငံတွေနဲ့ အီရန်ဟာ ထင်ထင် ရှားရှားကို ကွဲပြားနေတယ်လို့ သူကပြောပါတယ်။ ပြောင်းလဲမှုကို လိုလားတဲ့ ခေါင်းဆောင်တွေကို ကူညီရေး အမေရိကန်ရဲ့ သန္နိဋ္ဌာန်ကို ဘယ်သူမှ သံသယ မဖြစ်သင့်ပါဘူးတဲ့။ ဒုတိယကမ္ဘာစစ်အတွင်းက ခြွတ်ခြုံကျပျက်စီးနေခဲ့တဲ့ ဥရောပနဲ့အာရှတိုက်က နိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုက ပေးအပ်ခဲ့တဲ့ အကူအညီအထောက်အပံ့တွေကို သူက ထောက်ပြခဲ့ပါတယ်။ “နယ်မြေဒေသပိုင်ဆိုင်ဖို့ အမေရိကန်ပြည်ထောင်စုမှာ ဆန္ဒမရှိပါဘူး။ မိတ်ဆွေတို့ရဲ့ လွတ်လပ်မှုမှာ ကျနော်တို့ရဲ့ ဘုံလုံခြုံရေးကို ရှာဖွေတာပါ။ ကျနော်တို့ရဲ့ သားသမီးတွေ အတွက် ကျနော်တို့မှာရှိတဲ့ အခွင့်အလန်းလိုမျိုး တူညီတဲ့အခွင့်အလန်း လိုချင်ကြတဲ့ သန်းနဲ့ချီသော မိခင်နဲ့ဖခင်တွေက အစွန်းရောက်ဝါဒီတွေကို ဖယ်ကျဉ်ထားရာ လွတ်လပ်ပြီး တရားမျှတတဲ့ အရှေ့အလယ်ပိုင်း ဒေသကနေတဆင့်သာ တည်ငြိမ်မှုရနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

အစ္စရေးလ်ကနေ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသဆီထိ ရောက်ခဲ့တဲ့ သမ္မတဘုရှ်ရဲ့ အရှေ့ အလယ်ပိုင်းခရီးစဉ် လမ်းတဝက်လောက်မှာ ဒီမိန့်ခွန်းကိုပြောခဲ့တာပါ။ အဲဒီခရီးစဉ်တွေမှာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ သမ္မတဘုရှ်က အားပေးတိုက်တွန်းခဲ့ပါတယ်။

ပါလက်စတိုင်းနိုင်ငံတော်တခု ပေါ်ထွန်းရေး အလားအလာတွေကို ဆွေးနွေးပွဲတွေဟာ အစပဲ ရှိသေး ပေမယ့် မျှော်လင့်ချက်တွေက တော့ ကြီးကြီးမားမားရှိနေကြပါတယ်ဆိုတာ သမ္မတက ဖြည့်စွက် ပြောဆိုရင်း သူ့အနေနဲ့ အားတက်မိတယ်လို့ဆိုပါတယ်။

“အစ္စရေးလ်နဲ့ပါလက်စတိုင်းလူထုအကြား ပြန်လည်သင့်မြတ်ရေးကို ကျနော်တို့ အားပေးပါမယ်၊ အစ္စရေးလ်နဲ့ အာရပ်လူမျိုးတွေ အကြား ပြန်လည်သင့်မြတ်ရေးကို ကျနော်တို့ ကြိုးပမ်းပါမယ်၊ ပင်လယ်ကွေ့ဒေသက နိုင်ငံတိုင်းအတွက် အကျိုးရှိစေမယ့် ရေရှည် ခိုင်မြဲတဲ့ငြိမ်းချမ်းရေးအုတ်မြစ်ကို ကျနော်တို့တည်ဆောက်ပါမယ်။”

ဒီခရီးစဉ်အတွင်း သမ္မတဟာ ပင်လယ်ကွေ့နိုင်ငံအများအပြားကို သွားရောက်နေတာဖြစ်ပြီး အမေရိကန်အမှတ် ၅ ရေတပ်စခန်း ဌာနချုပ်ရှိရာ ဘာရိန်းနိုင်ငံကနေ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံဆီ ခရီးဆက်ခဲ့ပါတယ်။ ဘာရိန်းမှာရှိစဉ် အီရတ်က အမေရိကန်တပ်တွေကို ထောက်ပံ့ပို့ဆောင်ရေး လုပ်ဆောင်ပေးနေတဲ့ ရေတပ်စခန်းတခုကိုလည်း သွားရောက်ခဲ့ပါတယ်။

သမ္မတဟာ ရေတပ်ဖွဲ့ဝင်အုပ်စုတခုနဲ့ နံနက်စာ အတူစားသုံးခဲ့ပါသေးတယ်။ အဲဒီနောက် အမေရိကန် ရေတပ်သင်္ဘောတွေကို အီရန်စစ်ဘက် မော်တော်ဘုတ်တွေက ရန်စခြိမ်းခြောက်ခဲ့တဲ့ ဟော်မုဇ် ရေလက်ကြားက ဖြစ်ရပ်နဲ့ပတ်သက်လို့ အမှတ် ၅ ရေတပ် တပ်မှူးက အစီရင်ခံတာကိုလည်း နားထောင်ခဲ့ပါတယ်။ အမေရိကန်ရေတပ်ဟာ အဲဒီဖြစ်ရပ်ကို အလွန့်အလွန် တလေးတနက် ထားတယ်လို့ ရေတပ် တပ်မှူးက သမ္မတကို အစီရင်ခံခဲ့ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Dana Perino က ပြောကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG