သုံးရလွယ်ကူစေသည့် Link များ

ရှမ်းပြည်ပြန်လည်တည်ဆောက်ရေးကောင်စီက နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းဖို့ ဆုံးဖြတ်


ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ရှမ်းပြည် ပြန်လည် တည်ဆောက်ရေးကောင်စီက သူတို့ရဲ့ ၈ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ထိုင်းမြန်မာနယ်စပ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးက နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းသွားဖို့အတွက် မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ရှမ်းပြည်တွင်းက အဖွဲ့အစည်းတွေအကြား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးအတွက် ဆက်လက်ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီသတင်းအပြည်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ဦးမိုးဇော်က တင်ပြထားပါတယ်။

အက်စ်အက်အေခေါ် ရှမ်းပြည်တပ်မတော်-တောင်ပိုင်းရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကောင်စီရဲ့ အစည်းအဝေးကို ဒီလ ၁၀ရက်နေ့ကနေ ၁၄ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး အရပ်သား ကိုယ်စားလှယ်တွေ အပါအ၀င် စုစုပေါင်း ၁၉၈ ယောက် တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးက ဆုံးဖြတ်ချက် ၆ချက် ချမှတ်မှတ်ခဲ့ပါတယ်။ အက်စ်အက်စ်အေ တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက ဒီဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော်တို့ ရှမ်းပြည်တွင်းမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းတွေ အားလုံးရော နောက်ပြီးတော့ အက်စ်ပီးဒီစီကိုရောပေါ့။ ကျနော်တို့ အပြုသဘောဆောင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာအောင် ကျနော်တို့ ဦးစားပေးပြီးတော့ ဆောင်ရွက်သွားဖို့ ကျနော်တို့ ဆုံးဖြတ်ချက် ချမှတ်ထားပါတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အဖက်ဖက်ကနေ လက်ခံနိုင်တဲ့ ဒီ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာအောင် ကျနော်တို့ ကြိုးစားသွားမယ်လို့ ကျနော်တို့ ဆုံးဖြတ်ချက်ချထားတာပါ။”

အခုကျင်းပတဲ့ အစည်းအဝေးအတွင်းမှာ အက်စ်အက်စ်အေ -တောင်ပိုင်းဟာ တပ်အင်အားကို ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို ဆုံးဖြတ်ရတဲ့ အခြေအနေကို ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက အခုလို ရှင်းပြပါတယ်။

“တွေ့ဆုံဆွေးနွေးပွဲ ဆိုတာက နိုင်ငံရေးအပေါ် အခြေခံပြီး ကျနော်တို့ ကြိုးစားနေတာပါ။ တဘက်ကလည်း နအဖဘက်ကလည်း ကျနော်တို့ ရှမ်းပြည်တွင်းမှာ ဆိုရင် တမြို့နယ်မှာ တပ်ရင်း သုံး-လေးရင်းလောက် တိုးချဲ့ပြီးတော့ နေနေတာရှိပါတယ်။ ယနေ့ ထက်ထိပါပဲ၊ ကျနော်တို့ နိုင်ငံရေးစကား ပြောလာပြီ ဆိုရင်လည်း ဒီ နအဖဘက်ကနေ ဘယ်ခေတ်မဆို စစ်ရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းတာတွေ ရှိပါတယ်။ ဒီတော့ ကျနော်တို့မှာလည်း ကျနော်တို့ကိုယ် ကျနော်တို့ ကာကွယ်ဖို့ အတွက် စစ်အင်အားတွေရှိထားဖို့ လိုတယ်ဆိုတဲ့အကြောင်းကြောင့် ကျနော်တို့ စစ်အင်အားတွေ တိုးချဲ့တာ မဟုတ်တောင်မှ ကျနော်တို့ ကိုယ်ကျနော်တို့ ကာကွယ်ဖို့ စစ်အင်အားတွေ စုဆောင်းတာတော့ ရှိပါတယ်။”

ရှမ်းပြည် ပြန်လည် တည်ဆောက်ရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၆ချက်က နောက် ဆုံးဖြတ်ချက်တခုကတော့ သဘာဝပတ်ဝန်ကျင် ပျက်စီးမှုကို ကာကွယ်ဖို့ နဲ့ ကျွဲနွားတွေ ပြည်ပကို တင်ပို့မှုတွေကို လျော့နည်းစေဖို့ သစ်နဲ့ ကျွဲနွားတွေအပေါ်ကို အခွန်တိုးမြှင့်ကောက်ခံမယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

ရှမ်းပြည်က နိုင်ငံရေးအဖွဲ့တွေနဲ့ စည်းလုံး ညီညွတ်ရေး တည်ဆောက် သွားမယ်ဆိုတဲ့ အက်စ်အက်စ်အေတောင်ပိုင်းရဲ့ ဆုံးဖြတ်ချက်ကို ပလောင် ပြည်သူ့ လွတ်မြောက်ရေးတပ်ဦးရဲ့ အထွေထွေ အတွင်းရေးမှူး မိုင်အိုက်ဖုန်းက ကြိုဆိုလိုက်ပါတယ်။

“ရှမ်းပြည်မှာ ကျနော်တို့ မတူကွဲပြားတဲ့ လူမျိုးစုတွေ အများကြီး ရှိတဲ့အပြင် မတူကွဲပြားတဲ့ အဖွဲ့တွေလည်း အများကြီးရှိတယ်လို့ ကျနော်တို့ မြင်တယ်၊ အဲဒီအဖွဲ့တွေလည်း ဒီလို လူမျိုးစုတွေ အားလုံး စုစည်းဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်၊ အခု အက်စ်အက်စ်အေ တောင်ပိုင်းချမှတ်သလို ကျန်တဲ့အဖွဲ့တွေလည်း ထိုနည်းတူစွာ လုပ်ငန်းတွေလည်း ချမှတ်သင့်တယ်၊ ဒါမှသာ ကျနော်တို့ ရှမ်းပြည်မှာ စည်းလုံးညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီးတော့ တကယ့်တန်းတူရေးကို တည်ဆောက်ပြီးမှပဲ ကျနော်တို့ မျှော်မှန်းထားတဲ့ တပြည်လုံးရဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးကို ဦးတည်ပြီးတော့ ဆောင်ရွက်နိုင်မယ်လို့ ကျနော်မြင်တယ်။”

ဆက်လက်ပြီး မိုင်အိုက်ဖုန်းက ဒီလို စည်းလုံးညီညွတ်ရေးတည်ဆောက်ရာမှာ ညီရင်းအကိုစိတ်နဲ့ လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့အကြောင်း ပြောပါတယ်။

အက်စ်အက်စ်အေ-တောင်ပိုင်းဟာ ၁၉၉၆ခုနှစ်မှာ ခွန်ဆာခေါင်းဆောင်တဲ့ မော်ထိုင်းတပ်မတော် လက်နက်ချချိန်မှာ ခွဲထွက်ပြီး မြန်မာစစ်အစိုးရကို ဆက်လက်တော်လှန်နေတဲ့ အဖွဲ့ဖြစ်ပါတယ်၊ လွန်ခဲ့တဲ့နှစ် မေလအတွင်းက မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး၊ ၂၀၀၅ခုနှစ်အတွင်းကလည်း ယူဒဗလူ အက်အေခေါ် အပစ်ရပ် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်နဲ့ မြန်မာတပ်ဖွဲ့တွေက အက်စ်အက်စ်အေ-တောင်ပိုင်းရဲ့ ဌာနချုပ်လွိုင်တန်းလျန်းကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG