သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာပေါ်တွင် လွှတ်လပ်မှု ဆုံးရှုံးသည့်နိုင်ငံများထဲ မြန်မာနိုင်ငံ အဆိုးဆုံးအဖြစ် ပါဝင်


ကမ္ဘာ့နိုင်ငံအများအပြားမှာ နိုင်ငံရေးအရ လွှတ်လပ်မှုတွေ လျော့နည်းလာတယ်လို့ နယူးယောက်အခြေစိုက် Freedom House လို့ ခေါ်တဲ့ နိုင်ငံတကာမှာ နိုင်ငံရေးအရ လွှတ်လပ်မှုရှိရေးနဲ့ ဒီမိုကရေစီအရေးကိစ္စတွေကို ထောက်ခံ အားပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် နိုင်ငံရေးအရ လွှတ်လပ်မှု လျော့နယ်းလာတဲ့ နိုင်ငံတွေဟာ ရုရှား၊ အီရန်၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဗင်နီဇွဲလားနဲ့ မြန်မာနိုင်ငံတို့ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့တလွှား လွတ်လပ်မှုတွေ တဖြည်းဖြည်း ယုတ်လျော့ ကျဆင်းလာပြီး ကမ္ဘာ့ လူဦးရေထက် တဝက်မရှိတဲ့ လူတွေသာ လွတ်လပ်မှုရဲ့ အရသာကို ခံစားနေကြရတယ်လို့ ဗီအိုအေသတင်းထောက် Cindy Saine ဝါရှင်မြို့ကနေ သတင်းပေးပို့ထားတာကို ဖြည့်စွက်ပြီး ကျနော်ကပဲ တင်ပြပေးပါမယ်။

ကမ္ဘာ့တလွှား နိုင်ငံရေးအရ လွှတ်လပ်မှုနဲ့ တရားမျှတမှုအဆင့်အတန်း အခြေအနေတွေကို Freedom House အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လာတာ အခုဆိုရင် နှစ်ပေါင်း ၃၀ ကျော်ရှိလာပြီဖြစ်ပြီး ၂၀၀၇ ခုနှစ်အတွင်း လွှတ်လပ်မှုတွေ သိသိသာသာ ဆုံးရှုံးခဲ့တယ်လို့ အဖွဲ့ရဲ့ သုတေသနဌာနရဲ့ ညွန်ကြားရေးမှုး Arch Puddington က ပြောပါတယ်။

“ပြီးခဲ့တဲ့ ၁၅ နှစ်က မှန်တမ်းတွေကိုကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း လွှတ်လပ်ခွင့်တွေ သိသိသာသာ ကျဆင်းလာတာကို တွေ့ရပါလိမ့်မယ်။”

ဒီ လွှတ်လပ်မှု ဆုံးရှုံးနေတဲ့ ဒေသတွေထဲမှာ တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ ဆိုဗီယက်ပြည်ထောင်စုတွေမှာ ပိုသိသာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရုရှား၊ Kazakhstan၊ Azerbaijan၊ Venezuela နဲ့ တရုတ်နိုင်ငံတို့မှာ လူထု လှုပ်ရှားမှုတွေကတဆင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာမှာကို အုပ်ချုပ်သူ လူတန်းစားတွေက စိုးရိမ်တဲ့အတွက် အဲဒီနိုင်ငံတွေမှာ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ဆန့်ကျင်တဲ့ လုပ်ဆောင်မှုတွေ တွေ့လာရတယ်လို့လည်း မစ္စတာ Puddington က ဆက်ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ Freedom House အဖွဲ့ကပဲ အာရှတိုက်ဆိုင်ရာ သုတေသနမှုး Camille Eiss က -

“မြန်မာနိုင်ငံကတော့ အဆိုးဆုံးနိုင်ငံတွေထဲ တခုအပါအဝင် ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ စစ်တမ်းကောက်ယူတဲ့နေရာမှာ (၁) ကနေ (၇) အထိ သတ်မှတ်ထားပါတယ်။ (၇) ကတော့ အဆိုးဆုံးပေါ့၊ အဲဒီမှာ မြန်မာနိုင်ငံက အဆင့် (၇) ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက အဆိုးဆုံးဖြစ်ပါတယ်။”

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သင်္ကန်းရောင်တော်လှန်ရေးဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးလွှတ်လပ်မှုတွေ ပိုမို ဆုံးရှုံးလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေက ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ပိုမို ဆိုးရွားလာတယ်လို့ ဖော်ပြဖို့ အကြောင်းရင်းတချက်ဖြစ်ပါတယ်။ အဓိကတော့ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ လွှတ်လပ်မှုတွေ၊ တရားမျှတမှုတွေရှိဖို့အတွက် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြတဲ့လူတွေကို စစ်အစိုးရက အကြမ်းဖက် နှိပ်ကွပ်ခဲ့တဲ့ကိစ္စ၊ နောက် လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရတယ်လို့ သံသယဖြစ်ဖွယ် သတင်းတွေ ထွက်ပေါ်လာတဲ့ ကိစ္စတွေဟာ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေ ဆိုးသထက်ဆိုးအောင် ဖြစ်ပေါ်စေတဲ့ ကိစ္စတွေပါ။”

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း စီးပွားရေး စီမံကွပ်ကဲမှုတွေညံ့ဖျင်းမှုကြောင့် လူထု စားဝတ်နေရေးတွေ ကျပ်တည်း လာနေတဲ့ကိစ္စနဲ့ လောင်စာဆီဈေးတွေ ၅၀၀ ရာခိုင်နှုန်း အထိ မြင့်တက်လာတဲ့ ကိစ္စတွေကလည်း ဒီ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေ ပိုမို ဆိုးရွားလာနေတဲ့အကြောင်း ဖော်ပြရတဲ့ အကြောင်းရင်းတွေဖြစ်တယ်လို့ ကာမီးလ်း အိုက်စ်က ဆက်ပြောသွားပါတယ်။

Freedom House အဖွဲ့ အစီရင်ခံစာ စတင်ထုတ်ပြန်တဲ့ ၁၉၇၂ ခုနှစ် ကစပြီး မြန်မာနိုင်ငံဟာ နိုင်ငံရေးအရ လွှတ်လပ်မှုမရှိတဲ့နိုင်ငံအဖြစ် တောက်လျောက် ဖော်ပြခံခဲ့ရပါတယ်။

၂၀၀၇ ခုနှစ် အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ နိုင်ငံပေါင်း ၉၀ ကို လွှတ်လပ်တဲ့နိုင်ငံနဲ့ ၄၃ နိုင်ငံကိုတော့ မလွှတ်လပ်တဲ့နိုင်ငံအဖြစ် ဖော်ပြထားပါတယ်။ ဒီအထဲမှာ ချွင်းချက်အဖြစ် ပါလက်စတိုင်းဒေသကို တစိတ်တပိုင်း လွှတ်လပ်ရာကနေ မလွှတ်လပ်တဲ့ ဒေသအဖြစ် သီးခြား ဖော်ပြထားပါတယ်ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG